တောင်းဆိုမှု
Labels: ကဗျာ
ဗိန္ဓော
အ၀ိဇ္ဇာသည် မိန်းမောစေတတ်ဧ။်
မသိမှုမောဟကို ဖြစ်စေဧ။်
အမှန်ကိုမမြင်စိမ့်သောငှာ ဖုံးကွယ်ထားတတ်ဧ။်
တဏှာသည် စွဲလမ်းစေတတ်ဧ။်
လိုချင်မှုလောဘကိုဖြစ်စေဧ။်
ပူလောင်စိမ့်သောငှာ တပ်မက်စေတတ်ဧ။်
ထိုအရာနှစ်ခုပေါင်းစုံမိကြသောအခါ…
……..
……..
ချစ်ခြင်းသည် အလုံးစုံကိုပြောင်းလဲစေတတ်ဧ။်
မိမိကိုယ်ကိုပျောက်ဆုံးစေတတ်ဧ။်
တွေဝေစေတတ်ဧ။် မိုက်မဲစေတတ်ဧ။်
သင်္ခါရလောကနှင့် ဝေးကွာစေတတ်ဧ။်
အတ္တဖြင့် ချည်နှောင်စေတတ်ဧ။်…
ဝန်တိုခြင်းဖြင့် ပူလောင်စေတတ်ဧ။်…
စိုးရိမ်မှုများဖြင့် ပျားပန်းခတ်စေဧ။်…
အဆုံးစွန်၌ ရူးသွပ်ခြင်းကိုဖြစ်စေဧ။်…
ဤယူကြုံးမရ အပူလုံးကြွလျက်
လူလုံးမလှဖြစ်စေသော ဝေဒနာမျိုးရောဂါဆိုးကို
ဘိုးဘေးဘီအစဉ်ဆက် ချင်တွက်လို့ဖော်စပ်ထား
အစွမ်းထက်သော ဆေးနည်းကား….
အ၀ိဇ္ဇာနှင့်တဏှာရန်
ဥာဏ်မီးစွမ်းနှင့် အကျွမ်းလှော်
ညှီနံ့ပျောက်သော် ဖိုမှချ…
အလိုမကျတာတွေ ရောသမကာမွှေ
သဘောကျအောင် ခပ်ထွေထွေရလျှင်ဖြင့်
မနာလိုစိတ် ၀န်တိုပိတ်အောင်…
တိတ်ဇာတ်ကြောင်းများ ညက်ညက်ထောင်းကာ
စိတ်ဟောင်းနေလှန်း ရေသွေ့ခမ်းမှ
သတ္ထုရည်ညှစ် ခပ်ပျစ်ပျစ်ကို
ဖျစ်ဖျစ်ငိုမြည် ဖိုတွင်တည်စေ
မေတ္တာ၊စေတနာ၊ဥပေက္ခာနှင့်
ဂရုဏာပွား၊ကြင်နာများရံ ဤငါးပါးမံ၍
ပုလင်းထည့်တေ လေလုံစေလျက်
ဆီးကင်းခန့်လုံး တစ်ရက်သုံးခါ
ဆက်ထုံးကာသောက်ရင်ဖြင့်…
တသက်လုံးမှာ ဒီတစ်ယောက်သာစွဲချစ်မယ်ဟု
ဇွဲအသစ်နှင့်ချီ… ချွဲပြစ်လို့အီမနော်…
ဤကား ချစ်သက်ရှည်ဆေးအကျော်တည်း….
ဟယ် ရေးရင်း ရေးရင်းနဲ့ ဆေးကြော်ငြာလိုလို ဘာလိုလို... ထူးပါဘူးအေ... ကဲ... လိုချင်ရင် ကြိုတင် စာရင်းပေးပါ .... ဒါမှမဟုတ် ဗန္ဓုလပန်းခြံမှာ ဂိတ်ဆုံးရင်လည်း ကားပေါ်လာရောင်းပေးပါတယ်... တစ်ထုတ်ကိုမှ တစ်ရာ... ဆင်ရုပ်နဲ့တော့ လာမ၀ယ်နဲ့နော် သကြားလုံးအမ်းပလိုက်မယ်... :P
Labels: ကဗျာ
ကျိန်စာ
အတော်မသတီစရာကံကြမ္မာကို ပြန်တွေးမိတိုင်း
ငါ့စိတ်ကိုယ် ငါ... အော်ဂလီဆန်လာတယ်...
ပြုသူအသစ် ဖြစ်သူအဟောင်း...
အကောင်းအဆိုးအကျိုးမှန်သမျှရဲ့ တရားခံ...
တရံရောအခါက ငါမဟုတ်တဲ့ငါ့ဆီ ...
နောက်ပြန်လည်တဲ့ နာရီတစ်လုံးပဲအလှူခံချင်ရဲ့....
အဲ့ဒီလိုဆို သောကြာနေ့တိုင်း ငါ ခဏသေမယ်...
အသိန်းအသန်းချီ... ကိန်းဂဏန်းတွေအလီလီနဲ့
အစိမ်းရောင်သန်းညှီနေတဲ့ နင့်ဦးနှောက်ကြီးကို
သံပုရာသီးနာနာညှစ်လို့ ခေါစာပစ်လိုက်မယ်...
ငါ့ဒိုင်ယာရီနဲ့ ဝေးနိုင်သမျှဝေးဝေးကို.....
ဒါ...
ကြက်ဖခွပ်တမ်းကစားနေတာမဟုတ်ဘူး...
နင့်အတ္တနဲ့ငါ့မာန စီးချင်းထိုးတဲ့ပွဲမှာ
နှလုံးသားတော့ ရင်းရဲရမယ်...
ထားပါတော့....
နင်ပြောသလိုပဲ... မိန်းမ၀ါဒီဆန်တယ်...
ငါ့အမှန်တရားနဲ့ငါ... ဆက်လက်မှားယွင်း....
ငါ့ကျောက်ထွင်းအက္ခရာတိုင်းဟာ...
မာနကိုပဲ ကိုးကွယ်တယ်...
ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး...
နောက်ပြီး...
သံသရာအဆက်ဆက်...
ငါနဲ့ငါ လက်ဆင့်ကမ်းလို့...
အဲ့ဒီအမုန်းတေးကို (တစိမ့်စိမ့်)အရသာခံပြီး...
ငါ.... ရွတ်ဆိုနေဦးမယ်...
P.S (ဟိုတစ်နေ့က နေတိုးနဲ့ အိန္ဒြကျော်ဇင်ရဲ့ မုန်းတယ် ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်ရင်း စိတ်ကူးပေါက်လာလို့ ရေးတဲ့ကဗျာပါ... ဇာတ်လမ်းကို အဆုံးထိမကြည့်ရလို့ ဘာဆက်ဖြစ်တယ် မသိပါဘူး... ဒါက စိမ်း စိတ်ကူးယဉ်ထားတာ သက်သက်ပါ... )
Labels: ကဗျာ
နောင်တမရကြေး
အသက်ကလေးရယ်မှ နှစ်ဆယ်မပြည့်သေးခင်…
ဟိုထင် ဒီထင်အတွေးနဲ့…
ကောလိပ်အထာတွေပေး…
သိပ်ချစ်တာပဲ ဆိုတာလေးကို ရင်ခုန်ခဲ့ဖူးရဲ့…
ကန်တော်ကြီးအနားမသီ အင်းလျားရယ်ဘယ်ဆီမှန်း
လမ်းရယ်မှ ခြေချခွင့်မကြုံ
ဘယ်လို ဘယ်ပုံပင်မသိ
အဓိပတိ နဲ့ ခရေပင်
ဂျပ်ဆင်ရယ်ဝေး သစ်ပုပ်ဆွေးတို့မပါလည်း
ခကွေးကို ယပင့်နဲ့ ချစ် ခဲ့တယ်ဆိုတာ…ယုံ…
သူငယ်ချင်းလား ရည်းစားလား …
ချေးများတတ်တဲ့နင် … ငါ့ရှေ့မှာ မညည်းတွားနဲ့လေ
စီးပွားရေးလုပ်နေတာမှ မဟုတ်ပဲ …
လျှော့ပေးစရာ ဘာအကန့်မှ မရှိဘူး …
မာနကိုအရေခြုံ ဥပေက္ခာပုံလောင်း
ခေါင်းမာချင်တိုင်းမာတယ်လို့စွတ်စွဲ
နောက်ဆုံးတော့…
နင်လည်း … ကောင်းမယ်ထင်တာလုပ်ခဲ့တာပဲလေ…
လုံးဝနောက်ပြန်လှည့်မကြည့်ကြေး လို့
မျိုးကျော့မြိုင်သီချင်းကို တစ် နှစ် သုံး ပြိုင်တူ အော်ပြီး
မုန်းခဲ့ကြတာပဲ … ငါ့ဆံပင်တွေတောင် ခါးထိရော့မယ်…
အခုမှ မျက်ရည်ကျပြတာတော့
တစ်ဆိတ် နောက်ကျလွန်းပါတယ် …
နောင်…တ…မ…ရ…ကြေး…ပေါ့ …
(ဖတ်ဖူးတဲ့လူများ တိတ်တိတ်လေးနေပါ... ရှူးးး တိုးတိုး မုန့်ဝယ်ကျွေးမယ်... :P)
Labels: ကဗျာ
အဖြေ
အချစ်ကိုစစ်မစစ်သိဖို့ ဓါတ်ခွဲခန်းတစ်ခုမလိုပါဘူး
ဓါတုမလေးရယ်…
သံသယတွေကိုသာ ရေဆေးချလိုက်ပါ…
ရင်ဘတ်ဟောင်းလောင်းကြီးဖွင့်လို့….
နံရိုးပျောက်ရှာနေတဲ့ ရထားတစင်းတွေ့လိမ့်မယ်…
အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်သူရေ…
ငါသာဆိုရင်တော့ အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ…
ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့…
ပညာခန်းတွေပြစရာမလိုပါဘူးကွယ်…
ခေါင်းတစ်ချက်သာယမ်းလှည့်…
ကိုယ့်ဇလီဖားတုံးကိုယ်ထမ်းလို့ လာရာလမ်းကို မြန်းမယ့်ကောင်ပါ…
နောင်ဆိုတာ ယောင်လို့တောင် မရှိစေရဘူး စိတ်ချ…
ငါ့မှာသာ တန်ခိုးရှိရင်လေ …
မောင်လှမျိုးနဲ့ နင့်ကိုပေးတွေ့မှာပဲ…
သူပြောတဲ့ အချစ်ကို ဓါတ်ခွဲပြီးတဲ့နောက်…
ပါဝင်ပစ္စည်းစာရင်းနဲ့တကွ
ညှီနံ့ကင်းတဲ့ ငါ့ချဉ်ခြင်းတပ်မှုကို
နင်…
ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်ပါတော့ကွာ…
Labels: ကဗျာ
တရားခံ
ငါ…ရွာပေးခဲ့တာလည်း မုတ်သုန်တစ်ရာသီလုံးပြောင်ပြီ...
ဖူးမယောင် ငုံမယောင်နဲ့
တစ်တောလုံးဝေတော့မလို ဟန်ဆောင်
နောက်ဆုံးတော့လည်း…
အိမ်ပြန်လက်ဆောင်ဆိုလို့ ယပ်တောင်တစ်ချောင်းတောင်မရခဲ့ပါဘူးလေ….
သဲကိုးဖြာတောင် ဆယ်ခါပြန်အောင်ရှုံးလောက်ရဲ့
ပဉ္စလက်သုံးတဲ့ မှော်အပြုံးကြောင့်
ငါ့ပိုင်ဆိုင်သမျှ…
မျှော်လင့်ချက်တွေ အပေါင်ဆုံးတယ်…
ယုံကြည်ရာတွေလည်း အတိုးရော အရင်းရော…
ဗုန်းပေါလအော ပြိုကျပြီးတဲ့နောက်…
``အနိစ္စ´´ဆိုတာကို စာလုံးပေါင်းတတ်ခဲ့ပြီ…
ပြောင်းလဲခြင်းနဲ့ ငါနဲ့ဟာ… တသားတည်းကျလို့
ငါ့သမိုင်းမှာတော့ ပုရိသတွေ ရိုင်းတယ်…
သံသယတွေ ၀ါးလုံးမှာ အထပ်ထပ်သုတ်ပြီး
မမြင်မစမ်းနဲ့ ထင်ရာတွေရမ်းပလိုက်တယ်…
ကျေးဇူးပြုပြီး… လမ်းမပြပါနဲ့…
ဒီအချိန် ငါ့မျက်လုံးတွေ ခဏကန်းပါရစေ…
အဲ့ဒီလိုရှုံးရပြီးကတည်းက …
အခုဆို…
ငါ…….
ပြုံးပြနည်းကိုမသိတော့တာ…
အဲ့ဒီ ငါးခုံးမအထီးတစ်ကောင်ကြောင့်ပေါ့….
Labels: ကဗျာ
၂၁ ရာစု သစ္စာ
သေပြီးသား ငါ့ကို အားအားလျားလျား လာလာမစပါနဲ့…
သနားတတ်ရင် လှည့်မကြည့်နဲ့ …
အဲ့ဒီမျက်ဝန်းတစ်စုံအတွက်ပဲဆိုရင်
ငါ…. ပြတိုက်မှာသွားကြည့်လိုက်မယ်…
ကျေးဇူးပြု၍
နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…
ဆောင်းတွင်းရောက်ပြီဆိုတာ
ပြက္ခဒိန်က ဘုရားစူးကျိမ်ပြနေရတဲ့နောက်…
ဒီဇင်ဘာရယ်...
နင်ဘယ်လိုအလှဆုံးကြိုးစားဦး…
နှင်းမပါမှတော့ မဲ့ပြုံးပဲပေါ့…
နင့်ရယ်သံတစ်ချက်မှာ
ဖြုတ်ကနဲ ကြွေကျလာတဲ့ ကိုယ်သင်းရနံ့ကို
အငမ်းမရသောက်သုံးပြီး ငါ့နှလုံးသားကို အဆုံးစီရင်မယ်…
ဇာတ်တူသားစားတဲ့ နင့်အတ္တတွေအတွက် …
အမြည်းတစ်ခွက်ပေါ့…
Labels: ကဗျာ
မတော်တဆ
မတော်တဆ အကြည့်ချင်းဆုံတဲ့ပွဲမှာ
ကျွန်မ နှလုံးသား ရှဲကနဲ ကျက်သွားတယ်
ပါးပြင်ပေါ်ကမွှေးညှင်းနုတွေ အသဲအမဲထိုးထိုးထောင်…
ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘူး
မတော်တဆ အငိုက်မိသွားတယ်…
သူ့နံရိုးဖြစ်ချင်ဇောနဲ့ ပန်းသီးကို အမောတကောအကိုက်
မတော်တဆပါပဲ…
သူ့သဘောအတိုင်းလိုက်မယ့် ယုန်တစ်ကောင်ဖြစ်သွားပြန်ရော…
မာနတွေကို သက်ပြင်းတစ်ချက်နဲ့အတူ
`ဟင်း´ ကနဲ လွှတ်ချပစ်လိုက်တော့
ပန်းနုရောင်စစ်စစ် အိမ်မက်သစ်တစ်ခုရတယ်…
အဲ့ဒီမှာ သူက ရိုမီယိုပေါ့….
ဦးချစ်နိုင်နဲ့ တက္ကသိုလ်ဘုန်းနိုင်
မောင်လှမျိုးနဲ့ ရာဘင်ဒြာနတ်တဂိုး
သူကြိုက်တာမျိုးကိုမှ ကျွန်မ ကိုးစားတတ်လာတယ်
သူ့နှုတ်ကစေရင်လေ
သေပစ်လိုက်ဖို့တောင် ၀န်မလေးဘူး သိလား
အဲ့ဒီလို…
အရှုံးပေးပါတယ်လို့ နှလုံးသွေးနဲ့ရေးပြတာတောင်
အပြုံးလေးတစ်ပွင့်ခြွေဖို့အရေး
နေကြတ်တာကို စောင့်ချင်သေးတယ်ဆိုတဲ့
သူ့အတ္တနဲ့ ခလုတ်အတိုက်မှာ
ကျွန်မ…ရင်ခုန်ရဲတိုက်လေး….
မတော်တဆ(မတော်တဆ)…..ကျကွဲသွားတယ်…
Labels: ကဗျာ
ဗီလိန် ဖြစ်ချင်သူ
ကြည့်လျက်မမြင် မြင်လျက်မသိ
သိလျက်တစေ
နေရက်သူရေ…
နာမ၀ိသေသနတွေ အထွေးလိုက်နဲ့
ငါ့ပြေးလမ်းကို နင်ပိတ်လိုက်ချိန်…
အိမ်ပြန်လမ်းက မီးတိုင်မှာတောင်
မျှော်လင့်ခြင်းတွေ အရောင်မှိန်တယ်ဟာ…
နင်ခြုံပေးတဲ့ သူတော်ကောင်းဝတ်စုံက
ငါ့ဆန္ဒတွေအတွက် မလုံ့တလုံ…
ဟောဒီ ရင်တွင်းပိုးတွေကလည်း…
မိုးမျှော် ပိတောက်လို မငုံ့တငုံ…
ဒါပေမယ့်
အဲ့ဒီခပ်နုံနုံကောင်က ခုထိကို ထုံနေတုန်း…
မြင့်မြတ်ခမ်းနား နင့်လေးစားမှုတွေကြားမှာ
င့ါနှလုံးသား အကြီးအကျယ်ဖျားသွားတယ်…
မကစားရသေးခင် အနားပေးခံရတဲ့
အားကစားသမားလေးတစ်ယောက်ကို
ငါကောင်းကောင်းကြီး ကိုယ်ချင်းစာတတ်ပြီ ထင်တယ်
ရှောင်လင် နတ်သမီးရေ….
ဘ၀ဆိုတာလေ…
လူဆိုးလား လူကောင်းလား…
နောက်ဆုံးတော့
ခေါင်းတလားထဲက အလောင်းများလို
အကောက်နဲ့ဒိုင်ပေါင်းစားတာ ခံရမှာပဲ…
ကောင်မလေးရယ်
ဓါးနဲ့တစ်ချက်တည်းထိုးလည်း သေပါတယ်…
အဲ့ဒီလို မာယာမျိုးနဲ့
မာနကိုချိုးပြီး အသတ်ခံရတာထက်စာရင်…
ပိုးစိုးပက်စက်သာအဆဲခံပြီး…
ဒီအချိန်
ငါ….
ဗီလိန်ပဲ ဖြစ်လိုက်ချင်တော့တယ်….
(ကဗျာက မိန်းကလေးတွေအတွက်ဆို သိပ်မသင့်တော်ဘူး ထင်လို့ ယောက်ျားလေးနေရာက ရေးလိုက်ပါတယ်... )
Labels: ကဗျာ
စေလိုရာ...စေ
တမင်တကာရော မဆင်ခြင်တာရော
ဘယ်လိုသဘောနဲ့ပဲဖြစ်ဖြစ်
နင့်အပြစ်ဟူသမျှ
လျစ်လျူရှုမြဲ ခွင့်လွှတ်ဆဲမို့
မွေးမိခင်လို အချစ်ပို…. တဲ့….
လိုအင်မှန်သမျှ မရမကဖြည့်ဆည်း
နင်ချည်းသာစေ ပျော်စေရည်စူး
ဦးစားပေးမြဲ အနစ်နာခံဆဲမို့
မွေးချင်းသွေးနီး အစ်မကြီးလို အချစ်ပိုတဲ့
ချိုသာစကား သကာပျားသို့
ရိုးသားဖြူစင် သံယောဇဉ်နဲ့
အလိုက်သိမြဲ သိတတ်ဆဲမို့
ညီမလေးလို အချစ်ပိုတဲ့
ရောင်းရင်းတွေ မြှောက်လို့ပေးသမျှ
ပေါက်ကရလေးတွေလျှောက်ဖန်
နောက်ဆံငင်လည်း
ထောက်ခံနေဆဲ နားလည်မြဲမို့
ထာဝရချစ်ခြင်း သူငယ်ချင်းတဲ့
ငါဇာတ်ဖော်သမျှ နင်ကွက်ကျော်မြင်မှတော့
ဘယ်လိုတွက်တွက်ကို ချော်နေဦးမှာပဲ…
ကဲ ကိုလျှော်ကင်းရေ…
ဖော်တသင်းနဲ့ ပျော်သလိုသာနေ…
ငါကလေ…
တော်ရာမှာခွေလို့
နင်လက်ညှိုးညွှန်ရာ…..ရေ ဖြစ်စေမယ်…
စေလိုရာ… စေ…
Labels: ကဗျာ
ချစ်ရသူမယ်
မေတ္တာ…
ချစ်တာခြင်းတူပေသော်ငြား…
ရှင်..သစ္စာယွင်းမှာကို တွေးမိပြန်တော့…
လှစ်ကာကျင်းလိုစမ်းပါဘိ…
ရွှေရင်ပူ… နွမ်းလှတယ်
ကျွမ်းသူမို့လေး…
ကရုဏာ…
ခုခါသာကြင်မူပို…
ညုခယာ မေပျိုအတွေ့
မေ့မှာသာ စိုးလှတယ်
ငြိုးပါနဲ့လေး…
မုဒိတာ…
ပုရိသာကြန်အင်စုံ…
ဘယ်ပုံရယ်နှိုင်းမမီ …
ကြည်ကြည်ဖြူ ချစ်သူပွား…
အားကျတယ်လေး…
ဥပေက္ခာ…
သူ..ပစ်ခွာလို ခွာစေတော့…
အသစ်ရှာလို ရှာစေတော့
နှစ်တစ်ရာတိုင် မေတ္တာမယိုင်
ချစ်နိုင်တယ်လေး…
Labels: ကဗျာ
သခင်...
သခင်….
မုန်းတယ်ဆိုမှဖြင့်…
သခင်ပစ်ခွာလို့
ရက်စက်ကာထားခဲ့ရင်လည်း
အရှုံးလေးနဲ့မှိုင်
အပြုံးလေးနဲ့ပဲ
နေနိုင်အောင်နေပါ့မယ်…
အခုကျ သခင်ရယ်…
အချစ်ပန်းလည်း မကုံး
အမုန်းပန်းလည်း မဆင်
သံယောဇဉ် ပိစိကလေးနဲ့
မထိတထိ လာလာကလိနေတော့
ဟောဒီက ငြိမိတဲ့သူပဲ
ထိပြန်ရော….
မှိုင်တိုင်ငိုင်ဆွေး
အတွေးများနဲ့ချာလည်…
အဆွေးများပဲ သည်းလာတယ်…
ဟိုအဝေးနားပဲ
ငါ…
နေသာမယ်…
သြော်...
ရင်မှာ ... မဖြေသာ
ဝေဒနာ မြစ်တစ်စင်းရဲ့
ရင်တွင်းဖြစ်အင်
နင့်ဘ၀င် ထင်မြင်စေဖို့
အတွင်းသို့အရောက်ဝင်
မြင်သာအောင်ကြည့်လှည့်ပါသခင်…
Labels: ကဗျာ
မြင်ပေးပါ...
နင့်မျက်နှာတစ်ချက်မညိုစေဖို့
ငါ့မာနတွေ …
ပက်ပက်စက်စက် ဖြိုချပေးထားလျက်နဲ့…
`သွေးအေးတယ်…´
နင်မို့ အဲ့လိုပြောထွက်တယ်…
ရူးလောက်အောင်ချစ်တယ်ဆိုတာလဲ သိရဲ့…
ဘာကြောင့် ….ငါဒူးထောက်တာကိုမှ
နင်ထပ်မြင်ချင်နေရတာလဲ…
ငါက နင့်အတွက် ဆူးညှောက်လေလား….
နင့်အတ္တ အဖိတ်အစင်တွေတောက်ပဖို့ဆို
ဘ၀တစ်ခုလုံး မှောက်ချ
နောက်ကျကျနေရာနားကနေ
ဓါးထက်ထက်နဲ့ နှလုံးသားကိုခွဲ
အပြုံးများအငှားတပ်
အနားသတ်ပေးခဲ့တာပဲလေ…
ငါ့လမင်းက နင့်ကိုမှ ပထမဆုံး သာခဲ့ဖူးတာ..
ခုတော့….
မီးစာမကုန် ဆီလည်းလုံ(လောက်)လျက်နဲ့…
နင်လေဟုန်သုံး… ၀ုန်းကနဲ…
ငြိမ်းလိုက်တာ….
ခုထိကို…
မှောင်ပိန်းနေတုန်းပဲဟာ…
Labels: ကဗျာ
အမှန်ဆိုတာ....
`ချစ်တယ်´လို့ နင်ပဲပြောခဲ့တာလေ…
နောက်တော့လည်း
ငါပဲ ……….
အပြစ်ပယ်ခံ…
နင့်အတွက်ကတော့ အရာရာဟာ..
ဖြစ်လွယ်သလို
ပျက်ဖို့ကျတော့လည်း လွယ်ခဲ့တာပဲ…
`သူငယ်ချင်းပဲလုပ်ရအောင်´တဲ့
နင်ကောင်းတယ်ဆိုမှတော့ …
ငါ…………
ခေါင်းဘာလို့ခါရမှာလဲ……
ဒဏ်ရာတွေသာ အမြစ်တွယ်ခဲ့လို့
တစ်ခါတစ်ခါတော့
ငါ…………..
ညစ်ကျယ်ကျယ်တွေးမိသေးတယ်…
`ချစ်တယ်´ ဆိုတာလေးများ ပြန်ကြားရနိုးနိုး
ဖြစ်မယ်တော့ မသေချာဘူးပေါ့…
အမှန်တရားကို မြတ်နိုးသူကြီးရဲ့…
မမှားတိုင်းသာ အမှန်ဖြစ်ကြေးဆို…
ပြန်ချစ်ပေးဖို့ ဘာကြောင့်များ
ဒီလောက်ဝန်လေးနေရတာလဲ…
မျက်မှန်စိမ်းကြီးတပ်
ငါ့နှလုံးသားကို ကြတ်ခြေခတ်လိုက်တာများ
`အားနာတယ်´ ဆိုတဲ့ အကြည့်တစ်ချက်နဲ့တင်
ငါ ………………..
အသက်မရှူတတ်တော့ဘူးဟယ်….
Labels: ကဗျာ
ဗီးနပ်စ်..သို့...
မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား
နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….
အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…
ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….
အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????
Labels: ကဗျာ
ရင်အက်သံ...
ငါလေ….
အသည်းကွဲတယ်ဆိုတဲ့ ဝေါဟာရထက်
ပြောရမှာခက်တဲ့ အနက်ရောင်ဝေဒနာဆိုး
ခံစားချက်သဏ္ဍာန်အမျိုးမျိုး…
တနင့်တပိုးနဲ့ ပိုးမွေးသလိုကို
အသေအချာ ပျိုးထားတယ်ချစ်သူ…
နိုးလာတိုင်း …. သတိတရနဲ့
အမိအရ…. ထုတ်ထုတ်ကြည့်ရတာလည်း အမော….
ပြောချင်သလိုသာပြော….
စောတကလည်းမတက်တော့ပါဘူး…
နင်ပေးခဲ့သမျှ…. ကာလာအရောင်စုံ
ဝေဒနာအဖုံဖုံရဲ့ဒဏ်
ခံရဖန်များလာတော့
ဟောဒီ…နှလုံးသားလည်း
ကန္တာရဆန်လာတယ်…
နင်ခဏခဏပြောတဲ့ အမှန်ဆိုတာက…
ငါ့အတွက်တော့
ကြမ္မာဆိုးကိုသာစေတတ်တဲ့ကံ…
`ဒဏ်ပေးတာမဟုတ်ဘူး´ လို့
အတန်တန်ငြင်းနေလည်း
ငါခံခဲ့ရတာကတော့ အမှန်ပဲလေ…
နင်ချန်ခဲ့တော့လည်း
ငါဘာများ ပြန်ပြောခဲ့ဖူးသလဲ…
ငါ့ထိုက်နဲ့ ငါ့ကံပေါ့….
သဏ္ဍာန်အတုကိုသုံး …. ပြုံးနေတဲ့ဟန်….
ငါ့နှုတ်ခမ်းမှာ ပန်ထားမယ်…
နင် ပျော်ရာမှာသာ စံပါလေ…
ရင်ထဲက ဆန္ဒမပါမှတော့
ဟန်ပြသက်သက် လာမပတ်သတ်နဲ့…
တစ်ခါတည်း အသေသာသတ်သွား…
ပြီးရင်သာ ဟောဒီဓါးနဲ့ ငါ့အသဲကိုခွဲ…
သဲသဲကွဲကွဲ နားထောင်ကြည့်…
သတိလေးလည်းကပ်ထား နှလုံးသားနဲ့ခံစား…
အမှန်အကန် ကြားရလိမ့်မယ်…
ပွက်ပွက်ညံ အသံဗလံတွေ
……………………………..
အဲ့ဒါ `ရင်အက်သံ´ လို့ ခေါ်တယ်...
Labels: ကဗျာ
သို့...
စည်းချက်လေးနဲ့ မှန်မှန်ခုန်
နင့်ရင်အုံ ဘယ်ဘက်ဘေးက…
နီဆွေးဆွေးအကောင်လေးလည်း ချစ်တယ်…
တစ်ခါတစ်ခါ ငါစလိုက်ရင်ပျော်
ရီလိုက်တိုင်းပေါ်တတ်တဲ့
သွားတက်ကလေးလည်း ချစ်တယ်..…
အကြင်နာအရိပ်တွေမိုး….
မြတ်နိုးချင်းနဲ့ ရောစပ်…
အဲ့ဒီ မျက်ဝန်းနက်နက်တွေလည်း ငါချစ်တယ်….
အလိုမကျလေတိုင်း
မှုန်မှိုင်းမှိုင်းတွေး….. ကွေးကွေးသွားတဲ့
နင့်မျက်ခုံးလေးလည်းငါချစ်တယ်….
အနုအရွ ချစ်စကား….
ကြားခွင့်များအား ပေးသနားတတ်တဲ့….
နှုတ်ခမ်းပါးလေးလည်းချစ်တယ်….
ဘယ်တော့မှ စိတ်မပျက်နဲ့…
ငါ့အတွက်သက်သက် မတ်ပေးမယ်ဆိုတဲ့
ပခုံးအစပ်လေးလည်း ချစ်တယ်…
ချစ်သမျှကို ပုံပမာညီ
စာစီလို့ကြောင်းပေးမယ်ဆိုတဲ့
ရှည်သွယ်သွယ် လက်ချောင်းလေးတွေလည်းချစ်တယ်….
မဖီးမလိမ်းနဲ့….
လေယူရာတိမ်း…. ယိမ်းနွဲ့လှုပ်ရှား…
အဲ့ဒီ ဆံပင်စုတ်ဖွားလေးကိုလဲ ချစ်သေးတယ်….
………………………
………………………………………………
အရောင်သွေးစုံတဲ့ သူ့မှော်ရုံတောဝယ်….
မျောမိသူပမာဆောင်တယ်……..
ရှောင်ဖယ်ပုန်းမရနိုင်ပြီမို့…….
မောင်ရယ်…
ကျေးဇူးပြုပြီး…
နင်…….မပြုံးလိုက်ပါနဲ့လား…………
Labels: ကဗျာ
ဘ၀...
ဘ၀ဟာ ….
ပွင့်ချပ်ဝိုင်းငယ် ရနံ့ကြွယ်တဲ့
ပန်းနွယ်မျိုးသာဆို…
ဖူးတံညှာကနေ ခူးခြွေလို့
ဆူးတွေလည်း ငါကိုယ်တိုင်ရှင်း….
နင့်လက်တွင်း အပ်နှင်းလိုက်ချင်တယ်…
နမ်းလိုနမ်း ခြေချင်ခြေ
နင့်စေရာပေါ့…
ဘ၀ဟာ
တဖိတ်ဖိတ်တောက်လက် အဖိုးမဖြတ်နိုင်တဲ့
ကျောက်မျက်တစ်ပါးသာဆို…
အစိတ်စိတ်အမွှာမွှာခွဲ….
ငါ့ အသည်းပင်ဖြစ်နေပါစေ…
ရွှေခြေနင်းမှာမြှုပ်နှံ… နင့်ဂုဏ်မာန် ၀င့်ထည်စေဖို့
အပြုံးသက်သက်နဲ့ အရှုံးအမြတ်မတွက်ပဲ
နင့်ခြေအစုံမှာ
ငါအကုန် ဆင်မြန်းပေးမယ်…
ခုတော့….. ခုတော့ကွယ်…
ဘ၀ဟာ….
မာယာတွေနဲ့ စီခြယ်….
သူလီဆယ်လိုက်တိုင်း…
တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့…
လှိုင်းကြီးလေထန်…
မုန်တိုင်းတွေဖြစ်စေပြန်တယ်…
မာယာတသိန်း အပလိန်းအနန္တနဲ့
လှချင်တိုင်းလှတဲ့ပန်း
မှန်းဆခက်သလေ… ရတက်ပွေစေမယ့်
အခက်ဝေ … ဒီရွှေရည်စိမ်ပန်းကို...
နင် နမ်းဖို့…..
ငါ မပေးရက်ခဲ့ဘူးလေ…
ငါ့ရင်ငါခွဲလို့ တဖွဲဖွဲကျတဲ့မျက်ရည်…
သက်သေအမှန် ဧကန်ဖြစ်စေသော်
နင့်ခြေတော်အစုံကို ကော်ရော်ဦးခိုက်
ဝန်းဝိုက် စီးဆင်းပါစေသား……
Labels: ကဗျာ
ကွာခြားခြင်း...
ဝေဒနာအတိမ်အနက်ကို ချိန်ဆက်၍ကြည့်သော်…
မျှော်လင့်ခြင်းများ လိမ်ယှက်
အိမ်မက်တွေတိုင်းမှာ
ကျွန်တော်မျိုး အမိုက်မ…
အရှင့်သား အမည်နာမအား
ရာရာစစ ရွတ်ဆိုချင်ခဲ့မိပါတယ်…
ထားရင်လည်းနေ သတ်ရင်လည်းသေရပါမယ်…
တော်ရာမှာမနေ… မျှော်ကာလေမှန်းလင့်
နမ်းခွင့်ရချင်မိတဲ့….ပန်းတစ်ပွင့်ရဲ့အဖိုးအခ …
ငါ့ဘ၀နဲ့ယှဉ်ထိုးတော့…ပြောင်းပြန်အချိုးကျတာ…
သူကလေ..….
မိုး…ကျ…ရွှေ…ကိုယ်…
ကိုယ့်ကိုလောင်မယ့်အမျိုးမှန်းလည်းသိရဲ့
ငါကိုယ်တိုင် မီးစကိုထိုး…. တယုတယပျိုးလို့…
ဇွတ်အတင်းတိုးတဲ့ ပိုးဖလံနှယ်…
တပွဲတလမ်း …အကဲစမ်းချင်သူ
ဟောဒီက … အရူးအနှမ်း ငယ်ကကျွမ်းအား
အမှုတော်များ ထမ်းစေငြားက…
ပေးလာသမျှအခွင့်ထူး … ရွှင်ပျော်လို့မြူးကာ..
ဦးဆွေးလို့ဆံမြည့်သည့်တိုင်… အလိုတော်ဖြည့်နိုင်သူရယ်ပါ..…
ရွှေစိတ်တော်မညိုအားလို့
သနားစိတ်ယိုဖိတ်ခဲ့လျှင်
တင်ပါသည် အရှင့်သား ….
ရွှေနားတော် မပန်ဆင်လို
ဖ၀ါးတော်နုနုညက်ရယ်မှ …
နှလုံးသည်းအူ ပြတ်လုအောင်ကျွမ်း….
လှမ်းခွင့်ရယ်ဝေးလို့ ငေးကာမျှော်ကိုး
ကျေးတော်မျိုး ကျွန်တော်မျိုးအား …
မော်ဖူးခွင့်များ ပေးသနားလှည့်ပါ အရှင့်သား….
Labels: ကဗျာ
ကောင်လေးသို့...
နာမည်လေးလုံးနဲ့ကောင်လေးရေ….
ဂိမ္မာန်နွေလည်း ကြိမ်ဖန်ရေများလှပေါ့…
ဒါပေမယ့်လေ…ခုထိ
အိမ်ပြန်ချိန်တွေမှာ ငါတစ်ယောက်တည်း
ထိန်ချန်ထားတဲ့ နင့်ရင်တွင်းစကား...
ဘယ်တော့များမှ ငါကြားခွင့်ရမှာလဲ…
နွေဦး မိုး ဆောင်း ဘယ်လိုပင်ပြောင်းလည်း
ထီးတစ်ချောင်းတည်းအတူသုံး…
နှစ်ယောက်ပေါင်းမှ ပြည့်စုံခဲ့စဉ်တုန်းက…
လူတကာရဲ့ပြုံးစိစိအကြည့်ကို ဖြေရှင်း
`သူငယ်ချင်း´ ဆိုပြီး နင်အမြဲငြင်းခဲ့တယ်…
ညတိုင်းမျှော်စေတဲ့ ဖုန်းခေါ်သံမဆဲ…
နင်အမြဲပေးတဲ့ အသဲပုံတွေ
ငါ့ ရင်ထဲထိထိုးစိုက်…
အလိုက်တသိ ဂရုတစိုက်ရှိပုံတွေ...
ကြည့်စမ်း......အဲ့ဒီ...
မှန်းဆခက်ခက် ရွန်းလက်နေတဲ့
မျက်ဝန်းနက်နက်တွေရောပေါ့…
ကဲ …
ဒါဆို........
ငါ အိပ်မက်တာ အပြစ်လား….
မမြင်ဖူး မူးမြစ်ထင်…
အချစ်ဦးမို့… ရူးတဲ့ဖြစ်အင်…
ငါတို့နာမည် လေးလုံးချင်းတူတယ်ဆိုရုံနဲ့တင်
ငါ…ရင်ခုန်ဖူးတယ်…
အထူးသဖြင့်….
နင်ဝါရင် ငါကမပြာခဲ့ပါဘူး….ကောင်လေးရဲ့…
ထားရာနေ စေရာသွား…
နင်ကစားချင်သလိုသာ ကစားပါ…
အပါးမှာခစားခွင့်လေးသာ… မြှောက်စား
နောက်များမှာ မြစ်ဖြစ်ရင်လည်း
နင့်လက်ခုပ်ထဲ …
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….
Labels: ကဗျာ