Loading...
.

သခင်...

သခင်….
မုန်းတယ်ဆိုမှဖြင့်…
သခင်ပစ်ခွာလို့
ရက်စက်ကာထားခဲ့ရင်လည်း
အရှုံးလေးနဲ့မှိုင်
အပြုံးလေးနဲ့ပဲ
နေနိုင်အောင်နေပါ့မယ်…

အခုကျ သခင်ရယ်…
အချစ်ပန်းလည်း မကုံး
အမုန်းပန်းလည်း မဆင်
သံယောဇဉ် ပိစိကလေးနဲ့
မထိတထိ လာလာကလိနေတော့
ဟောဒီက ငြိမိတဲ့သူပဲ
ထိပြန်ရော….

မှိုင်တိုင်ငိုင်ဆွေး
အတွေးများနဲ့ချာလည်…
အဆွေးများပဲ သည်းလာတယ်…
ဟိုအဝေးနားပဲ
ငါ…
နေသာမယ်…

သြော်...
ရင်မှာ ... မဖြေသာ
ဝေဒနာ မြစ်တစ်စင်းရဲ့
ရင်တွင်းဖြစ်အင်
နင့်ဘ၀င် ထင်မြင်စေဖို့
အတွင်းသို့အရောက်ဝင်
မြင်သာအောင်ကြည့်လှည့်ပါသခင်…

မြင်ပေးပါ...

နင့်မျက်နှာတစ်ချက်မညိုစေဖို့
ငါ့မာနတွေ …
ပက်ပက်စက်စက် ဖြိုချပေးထားလျက်နဲ့…
`သွေးအေးတယ်…´
နင်မို့ အဲ့လိုပြောထွက်တယ်…

ရူးလောက်အောင်ချစ်တယ်ဆိုတာလဲ သိရဲ့…
ဘာကြောင့် ….ငါဒူးထောက်တာကိုမှ
နင်ထပ်မြင်ချင်နေရတာလဲ…
ငါက နင့်အတွက် ဆူးညှောက်လေလား….

နင့်အတ္တ အဖိတ်အစင်တွေတောက်ပဖို့ဆို
ဘ၀တစ်ခုလုံး မှောက်ချ
နောက်ကျကျနေရာနားကနေ
ဓါးထက်ထက်နဲ့ နှလုံးသားကိုခွဲ
အပြုံးများအငှားတပ်
အနားသတ်ပေးခဲ့တာပဲလေ…

ငါ့လမင်းက နင့်ကိုမှ ပထမဆုံး သာခဲ့ဖူးတာ..
ခုတော့….
မီးစာမကုန် ဆီလည်းလုံ(လောက်)လျက်နဲ့…
နင်လေဟုန်သုံး… ၀ုန်းကနဲ…
ငြိမ်းလိုက်တာ….
ခုထိကို…
မှောင်ပိန်းနေတုန်းပဲဟာ…

အမှန်ဆိုတာ....

`ချစ်တယ်´လို့ နင်ပဲပြောခဲ့တာလေ…
နောက်တော့လည်း
ငါပဲ ……….
အပြစ်ပယ်ခံ…
နင့်အတွက်ကတော့ အရာရာဟာ..
ဖြစ်လွယ်သလို
ပျက်ဖို့ကျတော့လည်း လွယ်ခဲ့တာပဲ…

`သူငယ်ချင်းပဲလုပ်ရအောင်´တဲ့
နင်ကောင်းတယ်ဆိုမှတော့ …
ငါ…………
ခေါင်းဘာလို့ခါရမှာလဲ……

ဒဏ်ရာတွေသာ အမြစ်တွယ်ခဲ့လို့
တစ်ခါတစ်ခါတော့
ငါ…………..
ညစ်ကျယ်ကျယ်တွေးမိသေးတယ်…
`ချစ်တယ်´ ဆိုတာလေးများ ပြန်ကြားရနိုးနိုး
ဖြစ်မယ်တော့ မသေချာဘူးပေါ့…

အမှန်တရားကို မြတ်နိုးသူကြီးရဲ့…
မမှားတိုင်းသာ အမှန်ဖြစ်ကြေးဆို…
ပြန်ချစ်ပေးဖို့ ဘာကြောင့်များ
ဒီလောက်ဝန်လေးနေရတာလဲ…

မျက်မှန်စိမ်းကြီးတပ်
ငါ့နှလုံးသားကို ကြတ်ခြေခတ်လိုက်တာများ
`အားနာတယ်´ ဆိုတဲ့ အကြည့်တစ်ချက်နဲ့တင်
ငါ ………………..
အသက်မရှူတတ်တော့ဘူးဟယ်….

ဗီးနပ်စ်..သို့...

မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား


နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….

အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…

ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….

အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????

ရင်အက်သံ...

ငါလေ….
အသည်းကွဲတယ်ဆိုတဲ့ ဝေါဟာရထက်
ပြောရမှာခက်တဲ့ အနက်ရောင်ဝေဒနာဆိုး
ခံစားချက်သဏ္ဍာန်အမျိုးမျိုး…
တနင့်တပိုးနဲ့ ပိုးမွေးသလိုကို
အသေအချာ ပျိုးထားတယ်ချစ်သူ…
နိုးလာတိုင်း …. သတိတရနဲ့
အမိအရ…. ထုတ်ထုတ်ကြည့်ရတာလည်း အမော….
ပြောချင်သလိုသာပြော….
စောတကလည်းမတက်တော့ပါဘူး…

နင်ပေးခဲ့သမျှ…. ကာလာအရောင်စုံ
ဝေဒနာအဖုံဖုံရဲ့ဒဏ်
ခံရဖန်များလာတော့
ဟောဒီ…နှလုံးသားလည်း
ကန္တာရဆန်လာတယ်…

နင်ခဏခဏပြောတဲ့ အမှန်ဆိုတာက…
ငါ့အတွက်တော့
ကြမ္မာဆိုးကိုသာစေတတ်တဲ့ကံ…
`ဒဏ်ပေးတာမဟုတ်ဘူး´ လို့
အတန်တန်ငြင်းနေလည်း
ငါခံခဲ့ရတာကတော့ အမှန်ပဲလေ…

နင်ချန်ခဲ့တော့လည်း
ငါဘာများ ပြန်ပြောခဲ့ဖူးသလဲ…
ငါ့ထိုက်နဲ့ ငါ့ကံပေါ့….
သဏ္ဍာန်အတုကိုသုံး …. ပြုံးနေတဲ့ဟန်….
ငါ့နှုတ်ခမ်းမှာ ပန်ထားမယ်…
နင် ပျော်ရာမှာသာ စံပါလေ…

ရင်ထဲက ဆန္ဒမပါမှတော့
ဟန်ပြသက်သက် လာမပတ်သတ်နဲ့…
တစ်ခါတည်း အသေသာသတ်သွား…
ပြီးရင်သာ ဟောဒီဓါးနဲ့ ငါ့အသဲကိုခွဲ…
သဲသဲကွဲကွဲ နားထောင်ကြည့်…
သတိလေးလည်းကပ်ထား နှလုံးသားနဲ့ခံစား…
အမှန်အကန် ကြားရလိမ့်မယ်…
ပွက်ပွက်ညံ အသံဗလံတွေ
……………………………..
အဲ့ဒါ `ရင်အက်သံ´ လို့ ခေါ်တယ်...

သို့...

စည်းချက်လေးနဲ့ မှန်မှန်ခုန်
နင့်ရင်အုံ ဘယ်ဘက်ဘေးက…
နီဆွေးဆွေးအကောင်လေးလည်း ချစ်တယ်…

တစ်ခါတစ်ခါ ငါစလိုက်ရင်ပျော်
ရီလိုက်တိုင်းပေါ်တတ်တဲ့
သွားတက်ကလေးလည်း ချစ်တယ်..…

အကြင်နာအရိပ်တွေမိုး….
မြတ်နိုးချင်းနဲ့ ရောစပ်…
အဲ့ဒီ မျက်ဝန်းနက်နက်တွေလည်း ငါချစ်တယ်….

အလိုမကျလေတိုင်း
မှုန်မှိုင်းမှိုင်းတွေး….. ကွေးကွေးသွားတဲ့
နင့်မျက်ခုံးလေးလည်းငါချစ်တယ်….

အနုအရွ ချစ်စကား….
ကြားခွင့်များအား ပေးသနားတတ်တဲ့….
နှုတ်ခမ်းပါးလေးလည်းချစ်တယ်….

ဘယ်တော့မှ စိတ်မပျက်နဲ့…
ငါ့အတွက်သက်သက် မတ်ပေးမယ်ဆိုတဲ့
ပခုံးအစပ်လေးလည်း ချစ်တယ်…

ချစ်သမျှကို ပုံပမာညီ
စာစီလို့ကြောင်းပေးမယ်ဆိုတဲ့
ရှည်သွယ်သွယ် လက်ချောင်းလေးတွေလည်းချစ်တယ်….

မဖီးမလိမ်းနဲ့….
လေယူရာတိမ်း…. ယိမ်းနွဲ့လှုပ်ရှား…
အဲ့ဒီ ဆံပင်စုတ်ဖွားလေးကိုလဲ ချစ်သေးတယ်….
………………………
………………………………………………
အရောင်သွေးစုံတဲ့ သူ့မှော်ရုံတောဝယ်….
မျောမိသူပမာဆောင်တယ်……..
ရှောင်ဖယ်ပုန်းမရနိုင်ပြီမို့…….
မောင်ရယ်…
ကျေးဇူးပြုပြီး…
နင်…….မပြုံးလိုက်ပါနဲ့လား…………

ဘ၀...

ဘ၀ဟာ ….
ပွင့်ချပ်ဝိုင်းငယ် ရနံ့ကြွယ်တဲ့
ပန်းနွယ်မျိုးသာဆို…
ဖူးတံညှာကနေ ခူးခြွေလို့
ဆူးတွေလည်း ငါကိုယ်တိုင်ရှင်း….
နင့်လက်တွင်း အပ်နှင်းလိုက်ချင်တယ်…
နမ်းလိုနမ်း ခြေချင်ခြေ
နင့်စေရာပေါ့…

ဘ၀ဟာ
တဖိတ်ဖိတ်တောက်လက် အဖိုးမဖြတ်နိုင်တဲ့
ကျောက်မျက်တစ်ပါးသာဆို…
အစိတ်စိတ်အမွှာမွှာခွဲ….
ငါ့ အသည်းပင်ဖြစ်နေပါစေ…
ရွှေခြေနင်းမှာမြှုပ်နှံ… နင့်ဂုဏ်မာန် ၀င့်ထည်စေဖို့
အပြုံးသက်သက်နဲ့ အရှုံးအမြတ်မတွက်ပဲ
နင့်ခြေအစုံမှာ
ငါအကုန် ဆင်မြန်းပေးမယ်…

ခုတော့….. ခုတော့ကွယ်…
ဘ၀ဟာ….
မာယာတွေနဲ့ စီခြယ်….
သူလီဆယ်လိုက်တိုင်း…
တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့…
လှိုင်းကြီးလေထန်…
မုန်တိုင်းတွေဖြစ်စေပြန်တယ်…

မာယာတသိန်း အပလိန်းအနန္တနဲ့
လှချင်တိုင်းလှတဲ့ပန်း
မှန်းဆခက်သလေ… ရတက်ပွေစေမယ့်
အခက်ဝေ … ဒီရွှေရည်စိမ်ပန်းကို...
နင် နမ်းဖို့…..
ငါ မပေးရက်ခဲ့ဘူးလေ…

ငါ့ရင်ငါခွဲလို့ တဖွဲဖွဲကျတဲ့မျက်ရည်…
သက်သေအမှန် ဧကန်ဖြစ်စေသော်
နင့်ခြေတော်အစုံကို ကော်ရော်ဦးခိုက်
ဝန်းဝိုက် စီးဆင်းပါစေသား……

ကွာခြားခြင်း...

ဝေဒနာအတိမ်အနက်ကို ချိန်ဆက်၍ကြည့်သော်…
မျှော်လင့်ခြင်းများ လိမ်ယှက်
အိမ်မက်တွေတိုင်းမှာ
ကျွန်တော်မျိုး အမိုက်မ…
အရှင့်သား အမည်နာမအား
ရာရာစစ ရွတ်ဆိုချင်ခဲ့မိပါတယ်…

ထားရင်လည်းနေ သတ်ရင်လည်းသေရပါမယ်…
တော်ရာမှာမနေ… မျှော်ကာလေမှန်းလင့်
နမ်းခွင့်ရချင်မိတဲ့….ပန်းတစ်ပွင့်ရဲ့အဖိုးအခ …
ငါ့ဘ၀နဲ့ယှဉ်ထိုးတော့…ပြောင်းပြန်အချိုးကျတာ…
သူကလေ..….
မိုး…ကျ…ရွှေ…ကိုယ်…

ကိုယ့်ကိုလောင်မယ့်အမျိုးမှန်းလည်းသိရဲ့
ငါကိုယ်တိုင် မီးစကိုထိုး…. တယုတယပျိုးလို့…
ဇွတ်အတင်းတိုးတဲ့ ပိုးဖလံနှယ်…
တပွဲတလမ်း …အကဲစမ်းချင်သူ
ဟောဒီက … အရူးအနှမ်း ငယ်ကကျွမ်းအား
အမှုတော်များ ထမ်းစေငြားက…
ပေးလာသမျှအခွင့်ထူး … ရွှင်ပျော်လို့မြူးကာ..
ဦးဆွေးလို့ဆံမြည့်သည့်တိုင်… အလိုတော်ဖြည့်နိုင်သူရယ်ပါ..…

ရွှေစိတ်တော်မညိုအားလို့
သနားစိတ်ယိုဖိတ်ခဲ့လျှင်
တင်ပါသည် အရှင့်သား ….
ရွှေနားတော် မပန်ဆင်လို
ဖ၀ါးတော်နုနုညက်ရယ်မှ …
နှလုံးသည်းအူ ပြတ်လုအောင်ကျွမ်း….
လှမ်းခွင့်ရယ်ဝေးလို့ ငေးကာမျှော်ကိုး
ကျေးတော်မျိုး ကျွန်တော်မျိုးအား …
မော်ဖူးခွင့်များ ပေးသနားလှည့်ပါ အရှင့်သား….

ကောင်လေးသို့...

နာမည်လေးလုံးနဲ့ကောင်လေးရေ….

ဂိမ္မာန်နွေလည်း ကြိမ်ဖန်ရေများလှပေါ့…
ဒါပေမယ့်လေ…ခုထိ
အိမ်ပြန်ချိန်တွေမှာ ငါတစ်ယောက်တည်း
ထိန်ချန်ထားတဲ့ နင့်ရင်တွင်းစကား...
ဘယ်တော့များမှ ငါကြားခွင့်ရမှာလဲ…

နွေဦး မိုး ဆောင်း ဘယ်လိုပင်ပြောင်းလည်း
ထီးတစ်ချောင်းတည်းအတူသုံး…
နှစ်ယောက်ပေါင်းမှ ပြည့်စုံခဲ့စဉ်တုန်းက…
လူတကာရဲ့ပြုံးစိစိအကြည့်ကို ဖြေရှင်း
`သူငယ်ချင်း´ ဆိုပြီး နင်အမြဲငြင်းခဲ့တယ်…

ညတိုင်းမျှော်စေတဲ့ ဖုန်းခေါ်သံမဆဲ…
နင်အမြဲပေးတဲ့ အသဲပုံတွေ
ငါ့ ရင်ထဲထိထိုးစိုက်…
အလိုက်တသိ ဂရုတစိုက်ရှိပုံတွေ...
ကြည့်စမ်း......အဲ့ဒီ...
မှန်းဆခက်ခက် ရွန်းလက်နေတဲ့
မျက်ဝန်းနက်နက်တွေရောပေါ့…
ကဲ …
ဒါဆို........
ငါ အိပ်မက်တာ အပြစ်လား….

မမြင်ဖူး မူးမြစ်ထင်…
အချစ်ဦးမို့… ရူးတဲ့ဖြစ်အင်…
ငါတို့နာမည် လေးလုံးချင်းတူတယ်ဆိုရုံနဲ့တင်
ငါ…ရင်ခုန်ဖူးတယ်…
အထူးသဖြင့်….
နင်ဝါရင် ငါကမပြာခဲ့ပါဘူး….ကောင်လေးရဲ့…

ထားရာနေ စေရာသွား…
နင်ကစားချင်သလိုသာ ကစားပါ…
အပါးမှာခစားခွင့်လေးသာ… မြှောက်စား
နောက်များမှာ မြစ်ဖြစ်ရင်လည်း
နင့်လက်ခုပ်ထဲ …
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….

ဒါရိုက်တာ


မျိုးစေ့လည်းမှန် အပင်သန်လျက်
အလွမ်းသာပွင့်တတ်မယ်မှန်း
ဟိုး…..အစကတည်းကသိရင်
ဒီပန်းအိုး ငါမပျိုးခဲ့ပါဘူး….

ရိုက်ကွင်းပေါ်က လပ်ဗ်ဆင်းန်လို
`ကတ်´ဆို…
ချက်ချင်းကြီးလည်း
နင်ပြောင်းလဲတတ်တာပဲနော်…

နင်ကိုယ်တိုင်ရေးတဲ့ဇာတ်ညွှန်း
ဆေးစွန်းရာ အရုပ်ထင်ချင်သူကို…
သရုပ်မှန်စင်တင်ခွင့်လေးတောင်
မပေးနိုင်ဘူးလား…
ရုပ်ရှင် ဒါရိုက်တာကြီးရယ်…

အပေါစား အချစ်တွေ တန်ဆာဆင်
မာယာခွင်နဲ့ လှည့်စား
ဥပေက္ခာတွေကလည်း
ခမ်းနားလိုက်တာ....

ဆန်းပြားမှုတွေသိမ်းလှောင်
ပိန်းပိတ်အောင်မှောင်တဲ့
ဒီ...အစိမ်းရင့်ရောင်အလွမ်းဇာတ်မှာ
`````ကတ်´´´´´ ………လို့
နင်မဆိုလိုက်ခင်…
အားရအောင် …
ငါ….. ငိုရှိုက်ပါရစေ…