Loading...
.

ဘ၀...

ဘ၀ဟာ ….
ပွင့်ချပ်ဝိုင်းငယ် ရနံ့ကြွယ်တဲ့
ပန်းနွယ်မျိုးသာဆို…
ဖူးတံညှာကနေ ခူးခြွေလို့
ဆူးတွေလည်း ငါကိုယ်တိုင်ရှင်း….
နင့်လက်တွင်း အပ်နှင်းလိုက်ချင်တယ်…
နမ်းလိုနမ်း ခြေချင်ခြေ
နင့်စေရာပေါ့…

ဘ၀ဟာ
တဖိတ်ဖိတ်တောက်လက် အဖိုးမဖြတ်နိုင်တဲ့
ကျောက်မျက်တစ်ပါးသာဆို…
အစိတ်စိတ်အမွှာမွှာခွဲ….
ငါ့ အသည်းပင်ဖြစ်နေပါစေ…
ရွှေခြေနင်းမှာမြှုပ်နှံ… နင့်ဂုဏ်မာန် ၀င့်ထည်စေဖို့
အပြုံးသက်သက်နဲ့ အရှုံးအမြတ်မတွက်ပဲ
နင့်ခြေအစုံမှာ
ငါအကုန် ဆင်မြန်းပေးမယ်…

ခုတော့….. ခုတော့ကွယ်…
ဘ၀ဟာ….
မာယာတွေနဲ့ စီခြယ်….
သူလီဆယ်လိုက်တိုင်း…
တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့…
လှိုင်းကြီးလေထန်…
မုန်တိုင်းတွေဖြစ်စေပြန်တယ်…

မာယာတသိန်း အပလိန်းအနန္တနဲ့
လှချင်တိုင်းလှတဲ့ပန်း
မှန်းဆခက်သလေ… ရတက်ပွေစေမယ့်
အခက်ဝေ … ဒီရွှေရည်စိမ်ပန်းကို...
နင် နမ်းဖို့…..
ငါ မပေးရက်ခဲ့ဘူးလေ…

ငါ့ရင်ငါခွဲလို့ တဖွဲဖွဲကျတဲ့မျက်ရည်…
သက်သေအမှန် ဧကန်ဖြစ်စေသော်
နင့်ခြေတော်အစုံကို ကော်ရော်ဦးခိုက်
ဝန်းဝိုက် စီးဆင်းပါစေသား……

2 comments:

မင်းနေဝေး September 12, 2009 at 8:17 PM  

တကယ်ကောင်းတယ် .... ရင်ထဲမှာ တစ်ခုခုကျန်စေတယ် .....

maylay September 17, 2009 at 1:05 AM  

ဟားးးးကောင်းပြီးရင် ကောင်းပဲ ။ စိမ်းရေ ။ ငါ ဒိကဗျာတောထဲက ထွက်နိုင်ပါတော့မလား။ တနေ့လုံး ဒိထဲမှာပဲ စီးဝင်နေတာလေ ။။