Loading...
.

အိမ်ပြန်မလို့

ပျောက်တယ် ပျောက်တယ် … ပျောက်တာတော့ ဘာပျောက်သလဲ မမေးနဲ့… ပေါ်ကိုမလာတာ… အရင်လို ကိုယ့်ဘာသာပို့စ်လေး မတင်ဖြစ်ရင်တောင် တခြားဘလော့ဂ်တွေလိုက်ဖတ် လိုက်မန့်လုပ်နိုင်သေးတယ်… မလုပ်နိုင်ဆို ပြောရရင် အိမ်ပြန်ဖို့ဗျို့…

သိတဲ့အတိုင်း ၀ယ်ရခြမ်းရတာနဲ့ အားကိုမအားဘူး… အလုပ်သင်ကလည်း စနေနေ့ည ၃ နာရီထိဆင်းရသေးတယ်လေ… အိမ်ရောက်တော့ မနက် ၄ နာရီ… တနင်္ဂနွေနေ့တော့ အိမ်မှာအတူနေတဲ့အစ်မက ဈေးဝယ်တာအဖော်လိုက်ပေးတယ် အိပ်ယာထတာက ၁၁ နာရီ… သူကလည်းပျင်း ကိုယ်ကလည်းပျင်းနဲ့ ညနေ ၃ နာရီကျော်မှ အိမ်ကထွက်ဖြစ်တယ်… ပစ္စည်းပေါပေါလောလောရတဲ့ Bugis မှာသွားကြည့်တာ… လား လား နည်းတဲ့လူတွေမှ မဟုတ်တာ… ကြိတ်ကြိတ်ကိုတိုးနေတာပဲ… မီးပွိုင့်ကနေလမ်းကူးဖို့စောင့်နေတဲ့နေရာမှာတင် ငါးပိသိပ်၊ ငါးချဉ်သိပ်။ စနေ၊တနင်္ဂနွေ အပြင်မထွက်ဖူးတော့ ကိုယ့်အတွက်အထူးအဆန်းဖြစ်နေရော… လူတွေကလည်း များလွန်းတော့ တစ်နေရာတစ်နေရာ သွားရတာ စိတ်သွားတိုင်းကိုယ်မပါဘူး… တစ်လှမ်းတစ်လှမ်းတိုးဖို့ကို မနည်းရွှေ့ရွှေ့နေရတာ… ဒါနဲ့စိတ်ကလည်း နောက်လာရော… တော်ပြီ အစ်မရာ နောက်နေ့မှလာတော့မယ်ဆိုပြီးထွက်လာပြန်ရော…

အဲ့ဒီအစ်မရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက်မွေးနေ့ကို East Coast မှာလုပ်ဖို့ ဖိတ်ထားတာရှိတယ်… ကိုယ်နဲ့လည်းမသိပဲနဲ့မလိုက်ချင်ဘူးဆိုတော့ မဖြစ်မနေလိုက်ရမယ်လို့ တစ်ချက်လွှတ်အမိန့်ကြောင့် ယက်ကန် ယက်ကန်နဲ့ပါသွားပြန်ရော…. Bugis ကနေ Eunos ကို MRT စီး… အဲ့ဒီမှာ နောက်သူငယ်ချင်းတစ်ယေက်နဲ့ချိန်းထားလို့ …ပြီးတော့ သုံးယောက်သား အအေးဗူး ၆ ဗူးဝယ်ပြီး East Coast ကို Taxi နဲ့ ချီတက်ကြလေသတည်း… ဟိုရောက်တော့ အအေးဗူးတွေရယ် အိမ်ပြန်လက်ဆောင်အထုတ်တွေရယ် မနိုင်မနင်းသယ်ပြီး ရေခဲအရှာထွက်ကြတယ်… seven eleven မှာ ၀င်ကြည့်တော့ ရေခဲက လေးထောင့်ဗူးလေးနဲ့ မြန်မာငွေနဲ့ဆို ငါးဆယ်ဖိုးလောက်ပဲ ရှိမယ်ထင်တယ်… စလုံး၂ ကျပ်နဲ့ ၇၅ ပြား တဲ့ ဘယ်တတ်နိုင်မလဲ ရှိတာပဲ ၀ယ်ခဲ့ရတာပေါ့… ၂ဗူး ၅ ကျပ်ခွဲ …NTUC မှာဆို အထုတ်အကြီးကြီးတစ်ထုတ်လုံးမှ ဘယ်လောက်မှမရှိဘူး…. အဲ့လိုမနိုင်မနင်းသယ်ပြီးတော့ ရှာတယ် ရှာတယ် barbecue pits 18 .. မတွေ့ဘူး… ရောက်နေတာ 32 တဲ့ … ဖုန်းလား.. ဆက်တယ်လေ… McDonald ကနေ ညာဘက်ကိုပဲ လျှောက်တာပဲ… ကျောက်ဆောင်ကြီးနားမှာ…?? အင်း တွေ့တယ် ကျောက်ဆောင်ကြီး ဒါဆိုရင်တော့ ဟုတ်ပြီ နီးလာပြီထင်တယ်… လျှောက် လျှောက် လျှောက် မဟုတ်သေးဘူး နံပါတ်တွေက ကြီးကြီးလာတယ်… ဖုန်းထပ်ဆက် … သေရော… ကမ်းခြေဘက်ကိုမျက်နှာမူရင် ညာဘက်ကိုလျှောက်ရမှာတဲ့… ကဲ… မထူးတော့ဘူး စက်ဘီးသာ ငှားပြီးသယ်ပေတော့… လူက ၃ ယောက် နှစ်ယောက်ဘီးတစ်စီး တစ်ယောက်ဘီးတစ်စီး… ၁၄ ကျပ်ပေးရတယ်… ၈ နာရီ ပြန်အပ်ရမယ်ဆိုလား…. စက်ဘီးကိုစီးတတ်တဲ့လူက တစ်ယောက်တည်း ကိုယ်ကတော့ ကလေးတွေစီးသလို နောက်မှာ အထိန်းဘီးလေးပါရင် စီးတတ်တယ်… :P:P:P
အတူနေတဲ့ အစ်မကလည်း မစီးတာကြာလို့တဲ့ သိပ်မစီးရဲဘူး ဒါနဲ့ပဲ ကျန်တဲ့တစ်ယောက်စီးပေါ့… အစ်မက နောက်ကလိုက်တယ် နှစ်ယောက်ဘီးနဲ့ ပစ္စည်းတချို့ကျန်ခဲ့တယ် ကိုယ်ကတော့ စက်ဘီးနဲ့ ပစ္စည်းစောင့်ပေါ့… ဗိုက်ကလည်းတော်တော်ဆာနေပြီ… ရေလည်းဆာတယ် အအေးဗူးတွေက ကိုယ့်ဆီမှာ… ဒါပေမယ့် ခွက်နဲ့ ရေခဲမရှိဘူး ရပါတယ် အဆင်ပြေသလိုပေါ့… ဒီတိုင်းမော့ချလိုက်တာပဲ… နောက်လူသောက်ချင်သောက် မသောက်ချင်နေ… ဟီ ဟိ …

ခဏနေတော့ မွေးနေ့ရှင်ဆိုတဲ့ အသားဖြူဖြူကောင်မလေးတစ်ယောက်ရယ် ခုနက စက်ဘီးစီးတတ်တဲ့တစ်ယောက်ရယ် အဲ့ဒီဘီးကြီးနဲ့ ပြန်ရောက်တာတယ် မွေးနေ့ရှင်က ကိုယ့်ကိုတင်နင်းရတာပေါ့ ဟီး … ကျန်တဲ့တစ်ယောက်က တစ်ဘီး … ဒါနဲ့ပဲ နောက်ဆုံးတော့ အောင်မြင်စွာရောက်လာခဲ့လေသည်ပေါ့… ကြာဇံကြော်ပါတယ် ၀က်သားတုတ်ထိုးပါတယ်… အကင်တွေလည်းပါတယ် အသီးအနှံတွေ အအေး ဘီယာ မိန်းကလေးတွေအတွက် ၀ိုင်လည်းပါတယ်… လူကတော့ ဟိုတစ်စု ဒီတစ်စု ရောက်လာတာပဲ တစ်စုနဲ့တစ်စုလည်းမသိဘူး…စားသောက် မိတ်ဆက် နောက်ဆုံးတော့ ဂစ်တာတီးပြီးသီချင်းဆိုမယ်တဲ့… တီးမယ့်လူကလည်း နုတ်စ်တွေအလွတ်မရ.. ဆိုတဲ့လူတွေလည်း စာသားတွေအလွတ်မရ… တော်တော်လေးကို ကောင်းပါတယ်… ပျော်ဖို့.. တကယ်ပြောတာ… ဗြုတ်စဗြင်းတောင်းတွေချည်းပဲ… လူလတ်ပိုင်းလောက်ရှိတဲ့ အန်တီကြီးက စိုင်းထီးဆိုင်တို့ ကိုင်ဇာသီချင်းတို့ မတီးတတ်လို့ ဂစ်တာတီးတဲ့ကောင်လေးကို ညိုညင်သေးတယ်… ဂစ်တာသမားရတာက လေးဖြူ အငဲ မျိုးကြီး သီချင်းတွေ … ဆိုမယ့်လူတွေက ၀ိုင်ဝိုင်း၊ အာဇာနည်၊ ကိုင်ဇာ တဲ့ ဒါတောင် ချစ်ဦးမောင့်ထံပြန်လာပါ ဆိုချင်တဲ့လူက ရှိသေးတယ်… မွေးနေ့ရှင်ကောင်မလေးကိုယ်တိုင် ဂစ်တာတီးပြီးဆိုပြတဲ့ အကြီးတစ်လုံး အသေးတစ်လုံးဆိုတဲ့ သီချင်းကိုတော့ အဲ့ဒီ့နေ့ကမှ ကြားဖူးတယ်…. ခဏတဖြုတ်နေပြီး ၁၀ နာရီထိုးတော့ ပြန်ခဲ့ကြတယ်… ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်… သူတို့ခွင့်ပြုချက်လည်းမတောင်းခဲ့ဘူး နောက် ကိုယ်ဘလော့ဂ်ရေးတာလည်း သူတို့မသိဘူးလေ… မတင်တော့ဘူး…

နောက်ရက်လည်း ဒီလိုပဲ… ၀ယ်ရခြမ်းရ… အလုပ်သင်က supervisor ရယ် floor captain ရယ် နောက် part-timer တစ်ယောက်ရယ် သူတို့နဲ့ကတော်တော်လေး ရင်းနှီးနေတော့ မပြန်ခင် ပင်နီဆူလာမှာ ထမင်းဖိတ်ကျွေးတာ… ဘယ်ဆိုင်မှာစားချင်လဲရွေးဆိုတော့ ၀င်သွားပါတယ် တည့်တည့်ကြီး … မြေအောက်ထပ်က ကိုယ်တောင်တစ်ခါမှ ရှေ့ကဖြတ်မလျှောက်ရဲတဲ့ နာမည် ၂ လုံးနဲ့ ဈေးကြီးကြီးဆိုင်ထဲကို … menu ထဲက Price list ကိုကြည့်ပြီး ကိုယ်နည်းနည်းလန့်သွားတယ် … ကံကောင်းလို့ ညနေကမှ ကုမ္ပဏီမှာ လခကို ချက်လက်မှတ်နဲ့ သွားထုတ်ပြီး ဘဏ်မှာလဲထားတာ… ပုစွန်မကျည်းချဉ်စပ်၊ ကြက်သားဟင်း၊ မှိုကန်စွန်း၊ ဗူးသီးကြော်သုပ် စတော်ဘယ်ရီသီးဖျော်ရည် ၂ ခွက်၊ သံပုရာရည် ၂ ခွက်။ ထမင်းနဲ့ ဟင်းသုံးမျိုးကုန်တော့မှ ဟင်းရည်နဲ့ ကြက်သားဟင်းကို ၃ ခေါက်မြောက်မှာပြီးရောက်လာပါတယ်… ဒါတောင် မီးဖိုထဲဝင်ဆွဲလာလို့ ရတာဆိုပဲ အောင်မလေး ကံထူးပေလို့ပေါ့ နို့မဟုတ်ရင် မနက်ဖြန် မနက်မှ ရမလားပဲ…. စင်ကာပူ ဘုံပိုင်ကလာတဲ့ရေတော့ အလကားရတယ် … ရောက်ရောက်ချင်းရေခွက်လေးတွေအရင်ချပေးတယ်… ကုန်သွားရင်လည်း လိုက်ဖြည့်ပေးတယ်… ဒါတော့ မဆိုးပါဘူး ဟုတ်တယ်လေ စလုံးမှာ တစ်ခါမှ ရေအလကားမသောက်ရဖူးဘူး ဒါပထမဆုံးပဲ… စားသောက်ပြီးတော့ စူပါဗိုက်ဇာက ပိုက်ဆံရှင်းဖို့ကောင်တာကိုထသွားတော့ ကိုယ်ကလည်း အပြေးလိုက်ပြီး အတင်းပေးရတာပေါ့ cashier အစ်ကိုကြီးကို… အစ်ကိုမယူနဲ့ ညီမရှင်းမယ်လို့ ဗမာလိုပြော supervisor ကလည်း သူ့ဆီကယူပါလို့ အင်္ဂလိပ်လိုပြော… အဲ့ဒီ့အစ်ကိုကြီးက ပြန်ပြောပါတယ် ဗမာလိုပဲ ကိုယ့်ကိုတော့မကြည့်ဘူး ကိုယ့်စူပါဗိုက်ဇာကိုကြည့်ပြီး အားရပါးရ ပြုံးပြောတယ်… ညီမကလည်း သူပေးမယ်တဲ့ သူ့ဆီကပဲ ယူလိုက်မယ် .. တဲ့.. ကိုယ့်မှာ ရယ်ချင်စိတ်ကိုမနည်းကြီးအောင့်ထားရတယ်… ဒါနဲ့ အဲ့ဒါပြီးတော့ ကိုယ်လုပ်ခဲ့တဲ့ဆိုင်ကိုပြန်သွား… clarke quay မှာလေ နီးနီးလေးပဲ လမ်းလျှောက်သွားတာပေါ့ … Nectarie တဲ့ ဆိုင်နာမည်က … dessert တွေချည်းရောင်းတာ … ဈေးတော့ကြီးတယ်… ဟိုရောက်တော့ ကျန်တဲ့နောက်စူပါဗိုက်ဇာတစ်ယောက်ရှိသေးတယ်… သူက ကိုယ်တို့အတွက် chocolate fondue တစ်အိုးလုပ်ပေးတယ် … တစ်ခါအဲ့ဒီကနေ ဓါတ်ပုံတွေဘာတွေရိုက်ပြုပြီးပြန်တော့ ဘေးက yello Jello ၀င်.. သူက retro bar တဲ့ ရိုးရိုး bar နဲ့ဘာကွာလဲတော့ကိုယ်လည်းမသိဘူး.. ကုမ္ပဏီတူတူပဲလေ ဆိုင်ခွဲတွေဖွင့်ထားတာဆိုတော့ supervisor က သူ့ staff card နဲ့ Discount ရတယ်ဆိုပြီး beer တစ်ဂျားမှာတယ် သူတို့သုံးယောက်စာပေါ့ ကိုယ့်အတွက် Mango Mocktail တစ်ခွက် … bar ဆိုတော့ Non-alcoholic က ဒါပဲ ရှိတယ်… အဲ့ဒီမှာထိုင်စကားပြောပြီး အိမ်ကို သူတို့ပဲ ကားငှားပြီးလိုက်ပို့ပေးတယ် ကိုယ်ကကျွေးမယ်ပြောပြီးသာ ဖိတ်လိုက်တယ် အကုန်သူတို့ချည်းရှင်းသွားကြတာချည်းပါပဲ…. မျက်နှာတောင်ပူတယ်… ကိုယ်ကတော့ floor cap နဲ့ supervisor အတွက် Vivo ကနေ သူတို့နာမည်လေးတွေကို ph key chain လေးတွေလုပ်သွားပေးတယ်… အံမယ် ဒါလေးက ဘာမှသာမဟုတ်တာ…၃၀ ကျော် ရှင်းလိုက်ရတယ်.. ကြည့်တော့ သေးသေးလေး မလောက်လေး မလောက်စားနဲ့… ဈေးကတော့ အလာသား… ဘန်ကောက်မှာတော့ ဈေးသက်သာတယ်ပြောတယ်…

ဒီနေ့လည်းထပ်ရောက်တယ်လေ အဲ့ဒီ bugis ပဲ.. ၀ယ်စရာလေနည်းနည်းပါးပါးကျန်သေးလို့… အိတ်လိုချင်လို့လိုက်ရှာတာ ကြိုက်တာကိုမတွေ့ပါဘူး… လူကလည်းကြိုက်တတ်တယ် … အိတ်ကလေးလှလိုက်တာလို့ ကြည့်လိုက်ရင် 369.90 တို့ 349.90 တို့ချည်းပဲ … တန်ရာ တန်ရာ မှန်းမှပေါ့ ဟုတ်ပါ့… နောက် ၃ နှစ်နေလို့ ၀ယ်နိုင်ရင် ကံကောင်း .. ခက်တာက စိတ်ပဲ… မျက်စိထဲလှပါတယ်လို့ ဈေးကြည့်လိုက်ရင် အဲ့လို … သိပ်အကောင်းမကြိုက်တတ်ရှာဘူး… ရှာတယ် ၃၀ အောက်… မတွေ့ဘူး… BHG ကုန်တယ်… Bugis street ကုန်တယ် မတွေ့ဘူး မတွေ့တော့လည်း မ၀ယ်ဘူးပေါ့… လက်ဆောင်ပေးဖို့ အတွက်ပဲ 3 for 10 မှာ တွေ့တာတွေ ကောက်ဆွဲလာတယ် … ဘတ်ဂျတ်ကအခြေအနေသိပ်မကောင်းတော့ စာရင်းထဲမပါတာဆိုလုံးဝမ၀ယ်ပါဘူးလို့တားနေတဲ့ကြားက Maybelline က discount ချတယ်… ကုန်တာပေါ့ ဘာပြောကောင်းမလဲ… ဟိုလောက်ဖိုးပြည့်ရင် ဒါလေး လက်ဆောင်ရမယ် ဘာရမယ် ညာရမယ်… ကုန်ပြန်ပြီပေါ့ …ရတော့ရတယ် လက်ဆောင် မှန်ကလေးရယ်၊ ဖုန်းကီးချိန်းရယ်၊ ပါးနီတစ်ဗူးရယ်၊ ပိုက်ဆံအိတ်တစ်လုံးရယ် မဆိုးပါဘူး လက်ဆောင်တွေရတယ်ဆိုတော့ ပျော်တာပေါ့… ကိုယ့်အထုတ်အပိုးတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ လမ်းလျှေက်ရတာ အဆင်မပြေပါဘူးဆိုနေမှ ရှေ့ကနေလာပိတ်ရပ်တယ် ကောင်မလေးတစ်ယောက် မျက်ကပ်မှန်တပ်ထားတာလား အခု ဒီမှာဒစ်စကောင့်တွေချနေပါတယ် ဘယ်နှခုဝယ်ရင် ဘယ်လောက် ဘာတွေ လက်ဆောင်ပေးတယ် ဘာတွေ ညာတွေ သူများ အလေးကြီးသယ်ထားရတာမှ အားမနာလျှာမကျိုး သူပြောချင်တာချည်းလွှတ်ပြောနေတာ… ဟင့်အင်း မျက်ကပ်မှန် မတပ်ပါဘူး နောက်တော့မှ လာကြည့်တော့မယ်ပြောပြီး မရမက အတင်းထုတ်ဆီးတိုးသလို တိုးထွက်လာရတယ်… ကျောင်းကိုလည်း ပါ့စ်ပြန်အပ်ရသေးတယ်လေ cancellation လုပ်ဖို့… ၆နာရီလောက်တော့ အိမ်ပြန်ရောက်တယ်… ဒီနေ့တော့ မဖြစ်မနေ ပို့စ်တင်ပြီး အကြောင်းကြားမှဖြစ်တော့မယ်ဆိုတော့ အထုတ်အပိုးကမန်းကတန်းပြင်ပြီးတာနဲ့ တန်းရေးရတာပဲ လုပ်စရာတွေကလည်း ရှိသေးတယ်လေ…

ဒါကတော့ အခုတလော စိမ်း ပျောက်နေရခြင်းအကြောင်းအရင်းများရှင်းတမ်းပဲဖြစ်ပါတယ်... ဓါတ်ပုံတွေလည်း မတင်နိုင်၊ စာလုံးပေါင်းရော အရေးအသားရော မစစ်ခဲ့နိုင်ပါဘူး အမှားပါလျှင် ကိုယ့်သာသာ ပြင်ဆင်ဖတ်ရှုကြပါကုန်… :P



မနက်ဖြန်မနက်လေယာဉ် … ၂ ပါတ်ကြာပါမယ်… ရန်ကုန်ကနေတော့ ပို့စ်မတင်ဖြစ်ပါဘူး ရသမျှအချိန်တွေ အိမ်မှာပဲနေနိုင်အောင်ကြိုးစားမှာပါ…

ပြန်လာမှ တွေ့ကြမယ်… ရန်မဖြစ်ရဘူးနော် လိမ်လိမ်မာမာနေခဲ့ကြ... ကြားလား... ဟီး... :P
တာ့တာ …

တောင်းဆိုမှု



မာယာတွေဆိုတာ သိပါတယ်…
အခါခါကြုံခဲ့ပြီးမှတော့
ဘာပဲလာလာ……
နာလည်း မနာတတ်တော့ပါဘူး…

ရောင့်ရဲတတ်သူကိုလေ…
ဝတ်ကျေတမ်းကျေလောက်ပဲချစ်ပါ…
အပြုံးတစ်ပွင့်နဲ့လည်း
အမုန်းတွေလွင့်သွားရတာပဲ….

အဆုံးကို ခွင့်မပြုချင်တာလေးတစ်ခုနဲ့…
အရှုံးတွေလည်း ငွားငွားစွင့်စွင့်ကိုပွင့်ကြရဲ့…..
နင့်လေသင့်ရာကို ယိမ်း…လို့….
သိမ်းဖို့လည်း မလိုသလို
စိမ်းတော့လည်း မစိမ်းနဲ့ပေါ့….

ကိန်းဂဏန်းတွေနဲ့ အကျွမ်းမ၀င်သူကို…
တိမ်းတမ်း ရှောင်တမ်း ကစားမနေပါနဲ့တော့
နင်ငြိမ်းမှ သေမယ့် မီးအတွက်
ဒီခရီးလေးတော့ ….
ပြီးအောင်လျှောက်ပေးလှည့်ပါလား ချစ်သူ… 

P.S : ကဗျာမရေးဘူးလားလို့ လာလာမေးနေတဲ့ အနော့်ကို အားနာလို့ တင်ရခြင်းဖြစ်ပါတယ်...

A to Z

Alarm မြည်သံကြောင့် ကိုယ်နိုးနိုးချင်းသတိထားမိတာက…အစာအိမ်ပြဿနာ … ဒါနဲ့ပဲ ခပ်မြန်မြန်ပဲ မျက်နှာသစ် သွားတိုက်ခြင်းကိစ္စတွေလုပ်လိုက်တယ်… ပြီးတော့ Breakfast အတွက် Coffee mix တစ်ထုပ်ကို Dawn နို့ဆီလေး နည်းနည်းထည့်ပြီးဖျော်လိုက်တယ်… Early morning မှာ ဒီလိုကော်ဖီပူပူလေးတစ်ခွက်က ကိုယ့်ကို တစ်နေ့တာလုံးအတွက် Fresh ဖြစ်စေတယ်လေ… ကော်ဖီတစ်ခွက်နဲ့ ဧည့်ခန်းမှာထိုင်ပြီး Gurdian သတင်းစာကို ဆွဲယူဖတ်နေလိုက်တယ်… Heading တွေကြည့်ရတာတော့ သိပ် Interesting ဖြစ်စရာမတွေ့ဘူး… Jargon တွေကိုလည်း ကိုယ်ကသိပ်နားမလည်ဘူးလေ… သတင်းစာဖတ်ပြီးတာနဲ့ တစ်ခါ Kitchen ထဲသွားပြီး Lunch အတွက်ပြင်ဆင်ရပြန်သေးတယ်… ဟင်းချက်နည်းတွေသိပ်များများစားစားမသိတဲ့ကိုယ့်အတွက် ရွေးချယ်စရာသိပ်မရှိလှဘူး… ကိုယ့်စိတ် Menuကိုယ်လှမ်းဖတ်ပြီး ဘာချက်ရမလဲစဉ်းစား… အစကတော့ ကိုယ်ချက်တာကိုယ်လုံးဝစားလို့မရပေမယ့် အခုတော့ ကိုယ့်လက်ရာက Normal လောက်တော့ ဖြစ်လာပြီပြောလို့ရမယ်ထင်တယ်… ရေခဲသေတ္တာထဲကို ရှာဖွေရေးလုပ်လိုက်တယ်… Oops ဘာမှလည်း မကျန်ပါလား… တော်သေးတာပေါ့ တစ်နပ်စာလောက် ကပ်သပ်ကျန်နေတဲ့ Pork ကိုပဲ Quickly ချက်ဖြစ်တယ်…. Rice လည်းတည်ရသေးတာပေါ့… ညနေတော့ Supermarket သွားရမယ်ထင်တယ် မီးဖိုချောင်အတွက်လိုတာတွေသွားဝယ်ဦးမှပါ… Train စီးရမှာပျင်းတော့ Usuallyဆိုရင် လက်ဆောင်တွေဘာတွေရတဲ့ Voucher တွေဘာတွေမပေးလဲ နီးနီးနားနား အိမ်နားက Wet market ပဲ သွားဖြစ်တယ်... အလုပ်နဲ့အိမ် ၊အိမ်နဲ့အလုပ်… မအားလိုက်နဲ့ အားတာနဲ့ အိမ်ထဲမှာပဲ ကုပ်နေတဲ့ကိုယ့်ကို အတူနေတဲ့အစ်မတွေက Xenophobia ဖြစ်နေတယ်လို့တောင်ပြောကြသေးတယ်…  

Yahooooooo …. ဟေ ဟေ့ ပြီးခါနီးပြီကွ … ဦးနှောက်စားအောင်လုပ်တဲ့ သံလွင်ဟီးရိုး … ညကလည်း ကောင်းကောင်းမအိပ်ရပါဘူးဆိုမှ… တော်ပြီ… အလုပ်မသွားခင် တစ်ရေးလောက်ပြန်နှပ်လိုက်ဦးမယ်… ZzzZzZz ……. :D

ဆိုကြပါစို့...



ဆိုကြပါစို့….

ကျမသာယောက်ျားလေးဖြစ်ခွင့် ရခဲ့မယ်ဆို…

မနက်အစောကြီးထ၊ အခန်းပြတင်းပေါက်ကလိုက်ကာတွေကို ဘေးတဖက်တချက်ဆီကို ဆွဲဖယ်၊ ပြတင်းမှန်ကိုဖြတ်ပြီး ကျနော့်မျက်နှာကို နှုတ်ဆက်နမ်းမယ့် နေမင်းရဲ့ အကြင်နာရောင်ခြည်တွေ မက်မက်မောမောခံယူခြင်းဖြင့် ကျနော့်နေ့သစ်ရဲ့ နံပါတ်စဉ် ၁ ကို စမယ် …

ရေချိုးခန်းထဲမှာ အငဲ ဒါမှမဟုတ် လေးဖြူရဲ့ အပြင်းစားရော့ခ် သီချင်းတစ်ပုဒ်ကို အကျယ်ကြီးအော်ဆိုပြီး မျက်နှာသစ်၊ သွားတိုက် ရေမိုးချိုးပြီး ကျနော့မျက်နှာက အမွေးအမျှင်တစ်ချို့ကို cleansing foam၊ မုတ်ဆိတ်ရိတ်ဓါးနဲ့ ရှင်းလင်းရမယ်… သပ်သပ်ရပ်ရပ်နေရတာကို ကျနော်ကြိုက်တယ်လေ… မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ဆို ကျနော့်မျက်နှာက ရှိရင်းစွဲအသက်ထက် ပိုရင့်ရော်နေသလိုဖြစ်နေမှာ…


ရင်ဘတ်မှာ smiley ပုံပါတဲ့ အစိမ်းရောင်တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီရှည်တစ်ထည်ကိုကောက်စွပ်ပြီး ဆံပင်ကိုလည်း ဂျယ်နည်းနည်းသုံးပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပုံသွင်းပြီးရင်တော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မလိုင်နံပြားနဲ့ လက်ဖက်ရည်ကျစိမ့်က ကျနော့ရဲ့ ၀မ်းတစ်ထွာကို နေ့လည် ၁၂ နာရီလောက်ထိတော့ အသံပိတ်ထားနိုင်ပါလိမ့်မယ်…

ဆိုင်ကဖွင့်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းကို လိုက်ညည်းရင်း ရုံးသွား၊ ကျောင်းသွား၊ ဈေးသွား ဖြတ်သွားသမျှကောင်မလေးတွေရဲ့ မနက်ခင်း လတ်လတ်ဆတ်ဆတ်အလှကို ခံစားမယ်…. ဘော်ဒါတစ်ယောက်တစ်လေတွေ့ရင် (ကိုယ်ကစိုက်ရှင်းရမယ့်လူမျိုးမဟုတ်ဘူးဆိုရင်) လက်ခေါက်မှုတ်ပြီး ဆိုင်ထဲလှမ်းခေါ်မယ်၊ ပြီးရင်ပရီးမီးယားလိဂ်အကြောင်း၊ မြန်မာနေရှင်နယ်လိဂ်အကြောင်း၊ လာလီဂါ၊ အီတလီစီးရီးအေနဲ့ ဒီကနေ့ကမ္ဘာမှာ ကုလသမဂ္ဂဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့က ကိုယ့်လောက်မှမသိတဲ့ ဘောလုံးနည်းပြတွေ ကမ္ဘာ့ခေါင်းဆောင်တွေလို့ လမ်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ အိပ်ဇောပိုက်သံ တဝေါဝေါနဲ့ အပြိုင် ဘိုလိုတစ်လုံးတစ်လေညှပ်သုံးပြီး ဘေးနားကလူတွေအထင်ကြီးအောင် အော်ကြီးဟစ်ကျယ်ဝေဖန်မယ်…

နောက်ပြီးရင်တော့ ကျနော့်ရဲ့သူမ သင်တန်းသွားမယ့်အချိန် လမ်းထိပ်မှာသွားစောင့်ကြိုပြီး သင်တန်းထိရောက်အောင် လိုက်ပို့ရင်းနဲ့ စကားတွေပြောမယ်ဗျာ… မနက်စာကို သူမဘာစားခဲ့သလဲ ကျနော်ဘာစားခဲ့တယ်… ညက အိပ်မက်ထဲမှာ သူပါတယ်ဆိုတာမျိုးပေါ့.. အဲ့ဒီအခါသူမက ကျနော့်ကို ပြုံးမယောင် နှုတ်ခမ်းတစ်စုံနဲ့ အလှဆုံးမျက်စောင်းတစ်ခု ကျနော့်ကမ္ဘာတစ်ခုလုံးခမ်းနားသွားအောင် စွန့်ကျဲလိမ့်မယ်… ခုနကဆိုင်မှာတုန်းက ကောင်မလေးတွေကိုလိုက်ကြည့်တာတော့ သူမကိုပေးသိလို့မဖြစ်ဘူး… သူမဟာ သ၀န်တိုတာကို ဘယ်တုန်းကမှထုတ်ပြတတ်သူမဟုတ်ဘူးလေ… ရင်ထဲမှာသိမ်းထားတတ်တဲ့သူက ပိုပူလောင်တာကို ကျနော်ကောင်းကောင်းနားလည်တာပဲ… သူမလက်ထဲမှာ ပိုက်ထားတဲ့ ဖိုင်တွဲလေးကိုကျနော်က ကိုင်ထားပေးရင်း ဘတ်စ်ကားဂိတ်မှာ သူမမျက်နှာကိုနေထိုးတဲ့အခါ ဖိုင်ကလေးနဲ့ ကာပေးထားမယ်… သူမရဲ့ ``လက်ညောင်းနေမှာပေါ့ ´´ ဆိုတဲ့ စကားလေးတစ်ခွန်းကြားရဖို့ ကျနော်ဒီလောက်တော့ အရင်းအနှီးစိုက်ထုတ်ရလိမ့်မပေါ့… ငါးပိသိပ် ငါးချဉ်သိပ်ကျပ်ညပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ… သူမကို လူတိုးမခံရအောင် ကျနော်က ကာထားပေးမယ်… တစ်ခါတစ်ခါ ကားဘရိတ်အုပ်လို့ ကျနော့်မေးဖျားကို သူမခေါင်းကလေးလာတိုက်မိတဲ့အခါ…`` နာသွားလား ဥုံဖွ… ´´ လို့ သူမက လေသံတိုးတိုးလေးနဲ့ပြောလိမ့်မယ်… အဲ့ဒီအခါ ကျနော့်ရဲ့တခွိခွိနဲ့ ကြိတ်ရယ်သံကြောင့် ဘေးကလူတွေလှည့်ကြည့်လို့ သူရှက်ရင် မျက်စောင်းလေးထိုးပြီး ကျနော့ ဗိုက်ခေါက်ကို သတိပေးသလို မနာအောင် လှမ်းဆိတ်တတ်သေးတယ်…

မိန်းကလေးတစ်ယောက်ကိုချစ်မိရင်ဆိုတဲ့ စိုင်းစိုင်းသီချင်းထဲကစာသားတွေကို ကျနော်အခုမှပဲ တကယ်သဘောပေါက်တော့တယ်… အချိန်တိုင်းမှာသူမနဲ့အတူရှိနေချင်တော့တာပဲ… သူမသင်တန်းတက်နေချိန်ဆို ကျနော် သင်တန်းအောက်က အအေးဆိုင်လေးမှာ သင်တန်းဆင်းတဲ့အချိန်ထိထိုင်စောင့်နေမယ်… သင်တန်းဆင်းလို့ လူတွေအလျှိုလျှိုထွက်လာကြတဲ့အထဲက သူမကိုမြင်လိုက်ရရင်ပျော်တဲ့အပျော်ဟာ ဘာနဲ့မှမတူဘူးဗျာ… ကျနော် သူမရဲ့ နှုတ်ထွက်အမိန့်မှန်သမျှကို နာခံမယ် … ဘိသိက်မခံထားတဲ့ ကျနော့်နှလုံးသား ဧကရီဘုရင်မ သူမအား ကျနော်ဟာ ကမ္ဘာပေါ်မှာရှိသမျှယောက်ျားတွေထဲက တစ်ခုတည်းသောရွေးချယ်ရာ ဖြစ်တယ်ဆိုတာ သူမကိုသိစေချင်တယ်… သူမ ချစ်တဲ့လူက စိတ်ချယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျနော် သက်သေပြချင်တယ်… ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်တဲ့အရာ မြတ်နိုးတဲ့အရာ ချစ်ခင်စုံမက်တဲ့အရာကို ဆုံရှုံးရတာ ယုံကြည်ချက်တွေ ဖျက်ဆီးခံလိုက်ရတဲ့အခါ ဘယ်လောက်နာကျင်ခံခက်သလဲဆိုတာ ကျနော်သိနေလို့ပဲ… ကျနော် သူမကိုမနာကျင်စေချင်ဘူးလေ…

သူမရဲ့သင်တန်းအချိန်ဇယားနဲ့ သူငယ်ချင်းတွေရဲ့နာမည်၊ သူမနောက်ဆုံးဈေးဝယ်ထွက်တဲ့နေ့ နဲ့ ၀ယ်နေကျ အကျီဆိုင် ဆိုတာတွေက ကျနော့်မှတ်ဥာဏ်တွေထဲမှာ အကန့်လိုက်အကန့်လိုက် သပ်သပ်ရပ်ရပ်နဲ့ နေရာပေးပြီးမှတ်သားထားမယ်…နှင်းဆီပန်းတစ်ပွင့်ဟာ သူမကို ပျော်ရွှင်စေတယ်ဆိုရင် ကျနော်ဟာ တစ်သက်လုံးနှင်းဆီခင်းထဲမှာပဲ အရိုးထုတ်တော့မယ် သူမအပျော်တွေကို ကျနော့်လက်နဲ့ တစ်ယုတစ်ယ တစ်ပွင့်ချင်းကိုပျိုးချင်လို့… နှစ်စဉ်နှစ်တိုင်းသူမမွေးနေ့တိုင်းမှာ ဘုရားအတူတူတက်မယ်… ငါးကလေးတွေ ငှက်ကလေးတွေကို သူမသက်စေ့လွှတ်ပြီး တစ်နှစ်တစ်မျိုးမရိုးတဲ့ အမှတ်တရလက်ဆောင်လေးတွေပေးမယ်… ကျနော့်မွေးနေ့တိုင်းမှာလည်း မွေးနေ့လက်ဆောင်အဖြစ် သူမလက်ရေးနဲ့`ချစ်တယ်´ရေးထားတဲ့ ပို့စ်ကတ်တစ်ခု မရရအောင်တောင်းမယ်… ချစ်တယ်ဆိုတဲ့စကားကို ပါးစပ်ကပြောခဲလွန်းတဲ့သူမဆီကနေ ကျနော်အမက်မောဆုံး မွေးနေ့လက်ဆောင်တစ်ခု ဆိုရင်လည်းမမှားဘူး… တစ်နှစ်ကို တစ်ခုနဲ့ အခု လေး၊ ငါး၊ ခြောက်ဆယ် အထိ နှစ်စဉ်နှစ်တိုင်း ကျနော်စုထားမယ်… နောင် သားသမီးမြေးမြစ်တွေရတဲ့အထိပေါ့…

ကျနော့်ဖုန်းကိုလည်းပိတ်ထားပြီး သူငယ်ချင်းတွေကို ဆက်သွယ်ရေးက ဘီလ်မဆောင်လို့ ပိတ်ထားတယ်လို့ပြောမယ်… သူမနဲ့အတူရှိနေတဲ့အချိန်တွေကို ဘယ်လိုမှတ်တစ်ကောင် ခြင်တစ်ပိုင်းကမှ နှောက်ယှက်တာမျိုးကို ခွင့်မပြုနိုင်ဘူး … သူမဘေးနားရှိနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းကို ကျနော် တန်ဖိုးထားမယ်… သူမဘ၀ရဲ့ စက္ကန့်တွေ စက္ကန့်တွေတိုင်းကို ပျော်စရာတွေချည်း ဖန်ဆင်းပေးနိုင်သူဖြစ်ချင်တယ်… ကျနော့်ဘ၀ရဲ့ အရေးကြီးဆုံးနေရာတွေမှာ သူမကို တစ်၊ နှစ်၊ သုံး ဖြစ်စေမယ် … သူမ မျက်လုံး၊ အပြုံး နဲ့ ရာသီတွေအကုန်လုံးမှာ ဘ၀ကို လုံးလုံးပုံအပ်ထားလိုက်တော့မယ်… ဘာဖြစ်လို့လဲဆိုတော့ သူမဟာ နှစ်အဆက်ဆက်တိုင်အောင် ကျနော်အိမ်ပြန်အလာကို သစ္စာရှိရှိစောင့်နေမယ့် နတ်သမီးတစ်ပါးဖြစ်တယ်ဆိုတာ ကျနော် အသေအချာသိနေလို့ပဲ…




းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ရှင် မသိပါဘူး… ဒါတွေ ရှင်မသိဘူး…

ဟုတ်တယ်… ရှင်က ယောက်ျားလေးပဲလေ…

မတော်တဆတစ်ခုပါ.. လို့ ရှင့်ပါးစပ်က လွယ်လွယ်ပြောထွက်တဲ့ တောင်းပန်တဲ့စကားတစ်ခွန်းနဲ့ ရှင် ပြုခဲ့သမျှအပြစ်တွေကို ကျမခွင့်လွှတ်မယ်လို့ ထင်ရင်တော့ ဆောရီးပဲ… ရှင်ထင်တာမှားတယ်… ရှင်ပြန်လာတာ မဆိုစလောက်လေး နောက်ကျသွားတယ်… ဒီ့ထက်နည်းနည်းစောရောက်ခဲ့ရင် ရှင်ထင်သလိုဖြစ်ကောင်းဖြစ်နိုင်ရဲ့… အခုတော့ ကျမဟာ ပြောသမျှခေါင်းညိတ်တတ်တဲ့ သူငယ်နပ်စားလေးမဟုတ်တော့ဘူး… ဒဏ်ရာဒဏ်ချက်တွေက တစ်ဘ၀လုံးစာ ရင့်ကျက်စေဖို့လုံလောက်ခဲ့ပြီးပြီလေ…

အဖြူ အနီ အပြာ တစ်ခါနဲ့တစ်ခါ ကာလာအရောင်ကွဲချင်ကွဲမယ်… ဒါပေမယ့် မာယာဆိုတာတော့ ကျမသေချာသိနေလေရဲ့… မိန်းကလေးတွေရဲ့ နှုတ်ကထွက်တဲ့ ချစ်တယ် ဆိုတဲ့စကားကိုရှင်နားမလည်ပါဘူး… ရှင်ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်ကို အစစ်အမှန်ချစ်ကြည့်ဖို့ တစ်ချက်ကလေးတောင် စိတ်မကူးခဲ့ဖူးဘူး … နှလုံးသားနဲ့ရင်းတဲ့ ယုံကြည်မျှော်လင့်ခြင်းက ပစ်ခွင်းတဲ့မြှားချက်က ဘယ်လောက်ပြင်းတယ်ဆိုတာ ရှင်မှမသိပဲ…

အင်းပေါ့လေ ရှင်ကယောက်ျုားလေးကိုးး ….

ဒါဟာ ကျိန်စာတစ်ခုဆိုရင် မိန်းမသားတွေဟာ ကမ္ဘာအဆက်ဆက်ကျိန်စာသင့်နေသူများလားကွယ်…။။။။


 ..................

မှတ်ချက်။ မချစ်ရရဲ့ တဂ်ပို့စ်ပါ... Beyonce ရဲ့ If I were a boy ကို ဖျက်လိုဖျက်ဆီးလုပ်ထားတာပါ...သည်းခံကြပါကုန်... ခုတလောအဲ့ဒီတစ်ပုဒ်ပဲ ဆိုဖြစ်တယ် အလွတ်မရသေးလို့ ကျက်နေတာ.. ဟီး နောက်အပါတ်လောက်ဆိုရင်တော့ နောက်တစ်ပုဒ်ပြောင်းမှာပေါ့... :D


နာမည်ပြောင်းခြင်း...


ဒီမှာ  နာမည်တူနေတဲ့ ဘလော့ဂ်တစ်ခုရှိတာ သိနေတာ ကြာပါပြီ…
ကျမ ဘလော့ဂ်ထက် ရက်ပိုင်းလောက်စောနေတဲ့အတွက် ဘလော့ဂ်ပိုင်ရှင်ဆီ မေးလ်ပို့ပြီး အဆက်အသွယ်လုပ်ကြည့်သေးတယ်…
စာလည်းမပြန်၊ ဘလော့ဂ်မှာလည်း ပို့စ်အသစ်တင်တာမတွေ့တော့ ဆက်မရေးဖြစ်တော့ဘူးထင်လို့ ကျမဘလော့ဂ်ကိုလည်း နာမည်မပြောင်းဖြစ်ခဲ့ဘူး…
ဒါပေမယ့် ဟိုတစ်နေ့က ပို့စ်အသစ်တစ်ခုလာတင်တာတွေ့လိုက်တယ်… အဲ့ဒီတော့ နာမည်တော့ ပြောင်းမှဖြစ်တော့မယ်လေဆိုပြီး နာမည်ကိုစဉ်းစားကြည့်တယ်… တော်တော်နဲ့စဉ်းစားလို့မရဘူး… ဒါနဲ့ပဲ စိမ်း လို့ ရိုးရိုးလေး ပြောင်းဖြစ်တယ်… လိပ်စာပြောင်းရင် လင့်ခ်ထားတဲ့လူတွေ အလုပ်ရှုပ်မှာစိုးလို့ ဒီတိုင်းလေးပဲထားလိုက်တော့မယ်…
ကျေနပ်တယ်ဟုတ်… :)
အားလုံးပြီးလို့ ဒီပို့စ်ကိုတင်မယ်ဆိုတော့မှ ပို့စ်အသစ်လည်းတင်လို့မရဘူး ဖြစ်နေလို့ Michael ကိုပြေးပြီး အပူကပ်ရသေးတယ်…( အူယားဖားယားပြေး၍ အပူနှင့်ကပ်ခြင်းမဟုတ်ပါ… အကူအညီတောင်းခြင်းသက်သက်သာ…. ) Michael က ဘယ်လိုလုပ်ရမယ်ဆိုတာ ပို့စ်တင်ပေးတယ် … အခုသူပြောပြတဲ့နည်းအတိုင်း စမ်းကြည့်ထားပါတယ်… နေ့တိုင်းသူ့ဘလော့ဂ်သွားသွား သူတင်သမျှပို့စ်တွေကိုဖတ်ဖတ်ပြီး လိုက်ကလိနေကြ…
စပါယ်ရှယ် ကျေးဇူး Michael… :)



ကဲ ဖွားကိက ပြောပါတယ် တစ်ခုခုမကျွေးဘူးလားဆိုလို့ ... စားကြပါ...  သောက်ကြပါ... :)















S or G

S for Sein ကိုရေးရမလား G for Green ကို ရေးရမလား ၂ ခါတော့ မလုပ်ကြပါနဲ့ကွယ်ရို့... ဒါလေးနဲ့ပဲ ကျေနပ်ကြပါ.... ဒါတောင် google ရှိနေလို့... အစကတည်းက E က သိပ်ကောင်းပါတယ်ဆိုနေမှ... :P

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name : Green
2. G as four Letter Word : Gage
3. boy's Name with G : George
4. girl's Name with G : Gaila
5. Occupation starts with G : Geographer
6. Flower starts with G: Gardenia (Ze Za War)
7. Something you'll wear starts with G: Gloves
8. Food starts with G : Gum
9. Something found in the bathroom starts with G : Gleem toothphaste
10. Country starts with G : Germany
11. Color starts with G: Gray
12. Exclamation starts with a G: Grrrrrr!!!!!! ( I use it when I write a sms to express my anger :P)
13. Movie title starts with G : Game of Seduction
14. Something you drink starts with G: Ginger Ale
15. A musical group starts with G : Green Day
16. An animal starts with G : Gorillas
17. A street name starts with G : Gay Lang in Singapore. he he :P
18. A type of car starts with G: Golf Car :P
19. The title of a song starts with G : Greeen Light, Beyonce
20. A verb starts with G : Gain

သမီး အိပ်စာလုပ်တယ်နော်.... :P

အယူခံ

ရင်မှဖြစ်ထွန်း ချစ်ရလွန်းသူ… ကို

သာတိုးချစ်စေ စိတ်ကရည်၍
ဆိုးနွဲ့ကာချစ်မူပိုသူကို
ပြစ်ဟူဆို၍ လူငိုအောင်
ချစ်ရည်ဖွဲ့ထုံး မယ့်ချစ်ဆုံးက
ခုတော့ မုန်းရက်လေသလား…

ရနံ့လှိုင်ဆွေး နှင်းဆီခိုင်လေးကို
ကြေးရတက်တွေနဲ့အပြိုင် မချိုင်ဝံ့သူမို့
မဆိုင်သူလိုနေ… အပိုင်မယူလိုသူရေ… လို့
သဘောအူထုံး နားလည်ဆုံးက
ခုတော့ ရှောင်ပုန်းရက်လေသလား…

မျိုးမြင့်မြတ်မှန်… တော်ဝင်သူထံကကမ်းတဲ့လက်မို့
အဆင်မွဲနဲ့ ခင်မဆွဲရက်ခဲ့တာကို
လွဲချက်ကယ်နာအောင် ဖဲမျက်လှည့်ပြခဲ့တာပါလို့…
ခွင့်လွှတ်တတ်သူက မယ့်ရင်ပူအောင်
ခုတော့ ညူစူရက်ပြီလား…

ပကာသန အရံအတားတွေကြားဝယ်
… သူ…
စံစားကာပျော်ပါစေတော့ရယ်လို့
အနစ်နာခံ မေတ္တာရံငဲ့….
ခုတော့ … ပစ်ကာချန်ခဲ့ရလေပြီ….

ရင်မှဖြစ်ထွန်း ချစ်ရလွန်းသူ…. ကို

သိမြင်ခံစား နားလည်အားစေ
စိတ်မှာဖြေဆည် မသွေဖီယွန်း
ချစ်ရည်ရွှန်းစို မျက်ဝန်းညိုမှ
ဖွင့်ဆိုပြလျှင် နှမခင်မယ်
ရင်ဝယ်ပီတိ ဂွမ်းဆီထိသို့
ပီဘိရွှင်ဘွယ် ဖြစ်မည်တည်း…

ဗိန္ဓော

အ၀ိဇ္ဇာသည် မိန်းမောစေတတ်ဧ။်
မသိမှုမောဟကို ဖြစ်စေဧ။်
အမှန်ကိုမမြင်စိမ့်သောငှာ ဖုံးကွယ်ထားတတ်ဧ။်
တဏှာသည် စွဲလမ်းစေတတ်ဧ။်
လိုချင်မှုလောဘကိုဖြစ်စေဧ။်
ပူလောင်စိမ့်သောငှာ တပ်မက်စေတတ်ဧ။်

ထိုအရာနှစ်ခုပေါင်းစုံမိကြသောအခါ…
……..
……..

ချစ်ခြင်းသည် အလုံးစုံကိုပြောင်းလဲစေတတ်ဧ။်
မိမိကိုယ်ကိုပျောက်ဆုံးစေတတ်ဧ။်
တွေဝေစေတတ်ဧ။် မိုက်မဲစေတတ်ဧ။်
သင်္ခါရလောကနှင့် ဝေးကွာစေတတ်ဧ။်

အတ္တဖြင့် ချည်နှောင်စေတတ်ဧ။်…
ဝန်တိုခြင်းဖြင့် ပူလောင်စေတတ်ဧ။်…
စိုးရိမ်မှုများဖြင့် ပျားပန်းခတ်စေဧ။်…
အဆုံးစွန်၌ ရူးသွပ်ခြင်းကိုဖြစ်စေဧ။်…

ဤယူကြုံးမရ အပူလုံးကြွလျက်
လူလုံးမလှဖြစ်စေသော ဝေဒနာမျိုးရောဂါဆိုးကို
ဘိုးဘေးဘီအစဉ်ဆက် ချင်တွက်လို့ဖော်စပ်ထား
အစွမ်းထက်သော ဆေးနည်းကား….

အ၀ိဇ္ဇာနှင့်တဏှာရန်
ဥာဏ်မီးစွမ်းနှင့် အကျွမ်းလှော်
ညှီနံ့ပျောက်သော် ဖိုမှချ…
အလိုမကျတာတွေ ရောသမကာမွှေ
သဘောကျအောင် ခပ်ထွေထွေရလျှင်ဖြင့်
မနာလိုစိတ် ၀န်တိုပိတ်အောင်…
တိတ်ဇာတ်ကြောင်းများ ညက်ညက်ထောင်းကာ
စိတ်ဟောင်းနေလှန်း ရေသွေ့ခမ်းမှ
သတ္ထုရည်ညှစ် ခပ်ပျစ်ပျစ်ကို
ဖျစ်ဖျစ်ငိုမြည် ဖိုတွင်တည်စေ
မေတ္တာ၊စေတနာ၊ဥပေက္ခာနှင့်
ဂရုဏာပွား၊ကြင်နာများရံ ဤငါးပါးမံ၍
ပုလင်းထည့်တေ လေလုံစေလျက်
ဆီးကင်းခန့်လုံး တစ်ရက်သုံးခါ
ဆက်ထုံးကာသောက်ရင်ဖြင့်…
တသက်လုံးမှာ ဒီတစ်ယောက်သာစွဲချစ်မယ်ဟု
ဇွဲအသစ်နှင့်ချီ… ချွဲပြစ်လို့အီမနော်…
ဤကား ချစ်သက်ရှည်ဆေးအကျော်တည်း….

ဟယ် ရေးရင်း ရေးရင်းနဲ့ ဆေးကြော်ငြာလိုလို ဘာလိုလို... ထူးပါဘူးအေ... ကဲ... လိုချင်ရင် ကြိုတင် စာရင်းပေးပါ .... ဒါမှမဟုတ် ဗန္ဓုလပန်းခြံမှာ ဂိတ်ဆုံးရင်လည်း ကားပေါ်လာရောင်းပေးပါတယ်... တစ်ထုတ်ကိုမှ တစ်ရာ... ဆင်ရုပ်နဲ့တော့ လာမ၀ယ်နဲ့နော် သကြားလုံးအမ်းပလိုက်မယ်... :P

ကျိန်စာ

အတော်မသတီစရာကံကြမ္မာကို ပြန်တွေးမိတိုင်း
ငါ့စိတ်ကိုယ် ငါ... အော်ဂလီဆန်လာတယ်...
ပြုသူအသစ် ဖြစ်သူအဟောင်း...
အကောင်းအဆိုးအကျိုးမှန်သမျှရဲ့ တရားခံ...
တရံရောအခါက ငါမဟုတ်တဲ့ငါ့ဆီ ...
နောက်ပြန်လည်တဲ့ နာရီတစ်လုံးပဲအလှူခံချင်ရဲ့....
အဲ့ဒီလိုဆို သောကြာနေ့တိုင်း ငါ ခဏသေမယ်...

အသိန်းအသန်းချီ... ကိန်းဂဏန်းတွေအလီလီနဲ့
အစိမ်းရောင်သန်းညှီနေတဲ့ နင့်ဦးနှောက်ကြီးကို
သံပုရာသီးနာနာညှစ်လို့ ခေါစာပစ်လိုက်မယ်...
ငါ့ဒိုင်ယာရီနဲ့ ဝေးနိုင်သမျှဝေးဝေးကို.....

ဒါ...
ကြက်ဖခွပ်တမ်းကစားနေတာမဟုတ်ဘူး...
နင့်အတ္တနဲ့ငါ့မာန စီးချင်းထိုးတဲ့ပွဲမှာ
နှလုံးသားတော့ ရင်းရဲရမယ်...
ထားပါတော့....
နင်ပြောသလိုပဲ... မိန်းမ၀ါဒီဆန်တယ်...
ငါ့အမှန်တရားနဲ့ငါ... ဆက်လက်မှားယွင်း....
ငါ့ကျောက်ထွင်းအက္ခရာတိုင်းဟာ...
မာနကိုပဲ ကိုးကွယ်တယ်...

ပစ္စုပ္ပန်နဲ့ အနာဂါတ်... ငါမက်တဲ့အိပ်မက်အပိုဒ်တိုင်းမှာ
ခပ်ရိုင်းရိုင်းကောင်ရဲ့ နာမ်စားတစ်လုံးတစ်လေတောင်
ဖြတ်သွားဖြတ်လာ လုပ်ခွင့်မရှိဘူး...
နောက်ပြီး...
သံသရာအဆက်ဆက်...
ငါနဲ့ငါ လက်ဆင့်ကမ်းလို့...
အဲ့ဒီအမုန်းတေးကို (တစိမ့်စိမ့်)အရသာခံပြီး...
ငါ.... ရွတ်ဆိုနေဦးမယ်...


P.S (ဟိုတစ်နေ့က နေတိုးနဲ့ အိန္ဒြကျော်ဇင်ရဲ့ မုန်းတယ် ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်ရင်း စိတ်ကူးပေါက်လာလို့ ရေးတဲ့ကဗျာပါ... ဇာတ်လမ်းကို အဆုံးထိမကြည့်ရလို့ ဘာဆက်ဖြစ်တယ် မသိပါဘူး... ဒါက စိမ်း စိတ်ကူးယဉ်ထားတာ သက်သက်ပါ... )

နောင်တမရကြေး

အသက်ကလေးရယ်မှ နှစ်ဆယ်မပြည့်သေးခင်…
ဟိုထင် ဒီထင်အတွေးနဲ့…
ကောလိပ်အထာတွေပေး…
သိပ်ချစ်တာပဲ ဆိုတာလေးကို ရင်ခုန်ခဲ့ဖူးရဲ့…

ကန်တော်ကြီးအနားမသီ အင်းလျားရယ်ဘယ်ဆီမှန်း
လမ်းရယ်မှ ခြေချခွင့်မကြုံ
ဘယ်လို ဘယ်ပုံပင်မသိ
အဓိပတိ နဲ့ ခရေပင်
ဂျပ်ဆင်ရယ်ဝေး သစ်ပုပ်ဆွေးတို့မပါလည်း
ခကွေးကို ယပင့်နဲ့ ချစ် ခဲ့တယ်ဆိုတာ…ယုံ…

သူငယ်ချင်းလား ရည်းစားလား …
ချေးများတတ်တဲ့နင် … ငါ့ရှေ့မှာ မညည်းတွားနဲ့လေ
စီးပွားရေးလုပ်နေတာမှ မဟုတ်ပဲ …
လျှော့ပေးစရာ ဘာအကန့်မှ မရှိဘူး …

မာနကိုအရေခြုံ ဥပေက္ခာပုံလောင်း
ခေါင်းမာချင်တိုင်းမာတယ်လို့စွတ်စွဲ
နောက်ဆုံးတော့…
နင်လည်း … ကောင်းမယ်ထင်တာလုပ်ခဲ့တာပဲလေ…
လုံးဝနောက်ပြန်လှည့်မကြည့်ကြေး လို့
မျိုးကျော့မြိုင်သီချင်းကို တစ် နှစ် သုံး ပြိုင်တူ အော်ပြီး
မုန်းခဲ့ကြတာပဲ … ငါ့ဆံပင်တွေတောင် ခါးထိရော့မယ်…
အခုမှ မျက်ရည်ကျပြတာတော့
တစ်ဆိတ် နောက်ကျလွန်းပါတယ် …
နောင်…တ…မ…ရ…ကြေး…ပေါ့ …


(ဖတ်ဖူးတဲ့လူများ တိတ်တိတ်လေးနေပါ... ရှူးးး တိုးတိုး မုန့်ဝယ်ကျွေးမယ်... :P)

ရေနှူးခြင်း

ခုတလော ကဗျာတွေ မရေးနိုင်သေးပါဘူး... တော်တော်လေးကို မအားမလပ်ဖြစ်နေလို့...
စိတ်နဲ့တို့နဲ့လည်း ညစ်နေတယ်... ကွန်ပူတာကြီးကို ပူအောင်ကိုင်ချိန်မရလို့...
ရှိတာလေးတွေပဲ ရေနှူးပါမယ်... နံသွားရင်တော့ ဆောတီး... :P
နှာခေါင်းလေးဖတ်ပြီး ပိတ်ကြပါ... အဲလေ နှာခေါင်းလေးပိတ်ပြီး ဖတ်ကြပါ...

အရင် အိမ်သာနံရံဆိုတဲ့ဆိုဒ်မှာ လက်ဆော့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ...


...ဗီးနပ်စ်သို့...


မုန်းမင်းမာန်ပျိုး ဘယ်အငြိုးစနက်ကြောင့်
လှည့်စားရက်သလဲ…
ဗီးနပ်စ်ရယ်.....
ငါ့နှလုံးသား အသစ်စက်စက်လေးမှ
ပစ်စလတ်ခတ် ရက်စက်တာ
နင့်ကိုယ်နင်….
အချစ်နတ်သမီးတဲ့လား


နင့်စည်းချက်တွေ စည်းချက်တွေတိုင်းမှာ
လှိုင်းထဲလေထဲ အပြိုင်းပြိုင်းလဲပြို….
ဘ၀လည်း တစစ…
မှောင်…. မဲ ….လို့ …. ညို….

အို….
အသင် နတ်သမီး….
ကြင်နာမှုအစုံကိုဖြန့်ကား…
ဒြပ်မဲ့နေတဲ့လက်များနဲ့
ကျွန်ုပ်အလွမ်းများအားသပ်ချပေးပါလော့…

ဟောဒီက….
မလိမ်မိုး မလိမ္မာ အမိုက်မကို…
အားရအောင်သာ ရိုက်ချလိုက်ပါ…
ရှိုက်မ၀အောင် သင်းထုံမွှေးပျံ့…
ရနံ့ဆန်းတဲ့ ပန်းတစ်ပွင့်
ရော့… အင့် …လို့…
ခြွေပေးတတ်ခဲ့တဲ့ နင့်ဒြပ်မဲ့လက်ဖ၀ါးကို
ငါ….
ငါ….
ဆေးစွဲသလိုပါပဲလား….

အနာနဲ့ဆေး မတည့်သေးသရွေ့တော့….
ဘာလာကျွေးကျွေးခါးမှာပဲ….
အားမနာတမ်း ပြောကြကြေးဆို…
တစ်ခုပဲမေးမယ်…
ငါ့ပန်းလေး ... ဘယ်တော့ပြန်ပေးမလဲ…????

အဖြေ

အချစ်ကိုစစ်မစစ်သိဖို့ ဓါတ်ခွဲခန်းတစ်ခုမလိုပါဘူး
ဓါတုမလေးရယ်…
သံသယတွေကိုသာ ရေဆေးချလိုက်ပါ…
ရင်ဘတ်ဟောင်းလောင်းကြီးဖွင့်လို့….
နံရိုးပျောက်ရှာနေတဲ့ ရထားတစင်းတွေ့လိမ့်မယ်…

အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်သူရေ…
ငါသာဆိုရင်တော့ အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ…

ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့…

ပညာခန်းတွေပြစရာမလိုပါဘူးကွယ်…
ခေါင်းတစ်ချက်သာယမ်းလှည့်…
ကိုယ့်ဇလီဖားတုံးကိုယ်ထမ်းလို့ လာရာလမ်းကို မြန်းမယ့်ကောင်ပါ…
နောင်ဆိုတာ ယောင်လို့တောင် မရှိစေရဘူး စိတ်ချ…

ငါ့မှာသာ တန်ခိုးရှိရင်လေ …
မောင်လှမျိုးနဲ့ နင့်ကိုပေးတွေ့မှာပဲ…
သူပြောတဲ့ အချစ်ကို ဓါတ်ခွဲပြီးတဲ့နောက်…
ပါဝင်ပစ္စည်းစာရင်းနဲ့တကွ
ညှီနံ့ကင်းတဲ့ ငါ့ချဉ်ခြင်းတပ်မှုကို
နင်…
ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်ပါတော့ကွာ…

တရားခံ

ငါ…ရွာပေးခဲ့တာလည်း မုတ်သုန်တစ်ရာသီလုံးပြောင်ပြီ...
ဖူးမယောင် ငုံမယောင်နဲ့
တစ်တောလုံးဝေတော့မလို ဟန်ဆောင်
နောက်ဆုံးတော့လည်း…
အိမ်ပြန်လက်ဆောင်ဆိုလို့ ယပ်တောင်တစ်ချောင်းတောင်မရခဲ့ပါဘူးလေ….

သဲကိုးဖြာတောင် ဆယ်ခါပြန်အောင်ရှုံးလောက်ရဲ့
ပဉ္စလက်သုံးတဲ့ မှော်အပြုံးကြောင့်
ငါ့ပိုင်ဆိုင်သမျှ…
မျှော်လင့်ချက်တွေ အပေါင်ဆုံးတယ်…

ယုံကြည်ရာတွေလည်း အတိုးရော အရင်းရော…
ဗုန်းပေါလအော ပြိုကျပြီးတဲ့နောက်…
``အနိစ္စ´´ဆိုတာကို စာလုံးပေါင်းတတ်ခဲ့ပြီ…
ပြောင်းလဲခြင်းနဲ့ ငါနဲ့ဟာ… တသားတည်းကျလို့
ငါ့သမိုင်းမှာတော့ ပုရိသတွေ ရိုင်းတယ်…

သံသယတွေ ၀ါးလုံးမှာ အထပ်ထပ်သုတ်ပြီး
မမြင်မစမ်းနဲ့ ထင်ရာတွေရမ်းပလိုက်တယ်…
ကျေးဇူးပြုပြီး… လမ်းမပြပါနဲ့…
ဒီအချိန် ငါ့မျက်လုံးတွေ ခဏကန်းပါရစေ…

အဲ့ဒီလိုရှုံးရပြီးကတည်းက …
အခုဆို…
ငါ…….
ပြုံးပြနည်းကိုမသိတော့တာ…
အဲ့ဒီ ငါးခုံးမအထီးတစ်ကောင်ကြောင့်ပေါ့….

သြော် ပန်ကာ ... ပန်ကာ...

မနေ့တုန်းက စလုံးမှာ အိုင်တီရှိုးတစ်ခုဖြစ်တဲ့ Comex 2009 စလုပ်တယ်… ခါတိုင်းလုပ်နေကျနေရာမှာပဲ… Suntec City Convention Centre မှာ… ပွဲက ၄ ရက် ကြာမယ်… တနင်္ဂနွေနေ့ထိ… ဒါပေမယ့် ကျမသွားနိုင်တာ မနေ့ကတစ်ရက်တည်းပဲရှိတယ် ကျန်တဲ့အချိန်တွေက ဘယ်လိုမှကို မအားနိုင်လို့… စလုံးရောက်ကတည်းက ပျက်လိုက်တဲ့ headset … ၄ခုရှိပြီ… ကျမပုံမှန်ဆိုသိပ်မသုံးဖြစ်ဘူး headset ကို… အိမ်ကလူတွေလည်း အွန်လိုင်းမလာဘူး… ပြောစရာရှိရင် ဖုန်းနဲ့ပဲပြောတယ်… တခြားသူငယ်ချင်းတွေလည်းထိုနည်းလည်းကောင်းပဲ လိုင်းပေါ်တွေ့ရင် type ကြတယ်… ရုပ်ရှင်ဗီဒီရိုလည်းသိပ်မကြည့်ဖြစ်တဲ့ကျမ… သီချင်းတောင် တစ်ခါတစ်လေမှ နားထောင်ဖြစ်ပါတယ်… ပြောချင်တာက … တန်အောင်မသုံးရပဲ ခဏခဏပျက်တဲ့အကြောင်းပါ… Brandများမကောင်းလို့လားလို့ ဈေးကြီးတာဝယ်သုံးလည်းပျက်တာပါပဲ… တိုက်တိုက်ဆိုင်ဆိုင်ပြီးခဲ့တဲ့အပတ်က မောက်စ်ကလည်းသုံးနေရင်းနဲ့အလုပ်မလုပ်တော့ဘူး… ဒါပေမယ့် မောက်စ်ကတော့တန်ပါတယ်… လက်ပ်တော့ပ်ဝယ်ကတည်းက လက်ဆောင်ရတာဆိုတော့ တစ်နှစ်လောက်သုံးလိုက်ရသေးတယ်…မောက်စ်လည်းဝယ်ရဦးမှာပေါ့… နောက်တစ်ခါ မန်မိုရီစတစ်လည်း 4G တစ်ခုပဲရှိတာ သိပ်မလောက်ချင်ဘူး အခုပြည့်တော့မယ်ဆိုတော့ အဲ့ဒါလည်းလိုချင်သေးတယ်… ခုတလော ဟိုကပြော ဒီကပြောနဲ့ လက်ပ်တော့ကို ဟိုလိုမထားနဲ့ ဒီလိုထားတို့ ဟိုပေါ်မတင်နဲ့ဒီလိုတင်တဲ့ အပူကြောင့် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလား စုံနေတာပဲ… ဒါနဲ့ကိုယ်လည်းစိတ်အေးရအောင် သူ့အတွက် အောက်မှာခံတဲ့ပန်ကာတစ်လုံးဝယ်မယ်စိတ်ကူးတယ်…. နောက် … အလိုချင်ဆုံးက ကင်မရာ… မရှိမဖြစ်တော့မဟုတ်ဘူး ဒါပေမယ့် သူသူကိုယ်ကိုယ် လိုချင်တာပေါ့… နော့…

ကျမနဲ့အတူနေ အခန်းဖော်အစ်မကို မသွားခင်ညက အဖော်လိုက်မလားလို့မေးတယ်… သူလည်း ကင်မရာနဲ့ လက်ပ်တော့ပ်ပန်ကာလိုချင်တယ်ပြောဖူးတယ်လေ…

``အစ်မ မနက်ဖြန် အိုင်တီရှိုးရှိတယ်… သွားရအောင်…´´

``ဟုတ်လား ဘယ်အချိန်လဲ…´´

``ကိုးနာရီထိ သမီးက ခုနစ်နာရီမှ အားမယ်…´´

``အေး ပိုက်ဆံလည်း မရှိပါဘူးဟယ်…. မနက်ဖြန် သူငယ်ချင်းတစ်ယောက်ပွဲ(အလုပ်မှာထူးချွန်လို့ ဂုဏ်ပြုတဲ့ပွဲတစ်ခု) သွားစရာရှိတယ်…´´

``သြော် အင်း အင်း ပြီးရောလေ… လိုက်မလား မေးကြည့်တာ…´´

ဒါနဲ့ မနေ့က ကျမတစ်ယောက်တည်း လိုချင်တာတွေသွားဝယ်ခဲ့တယ်… ဒီလောက်တောင် ပျက်ချင်တဲ့ headset… ၂ ခုတောင်ဝယ်ပစ်ခဲ့တယ်… A4tech တွေတော်တော်လေးဈေးချထားလို့ ၀ယ်ခဲ့တယ်… မန်မိုရီစတစ်က 8G တစ်ခု၊ မောက်စ်တစ်ခု၊ ပန်ကာနဲ့ နောက် လိုချင်နေတဲ့ camera ၀ယ်ခဲ့တယ်… အပျော်တမ်းပါပဲ…
ပထမတော့ canon လိုချင်ပေမယ့် ဈေးကတော်တော်မြောက်နေလို့ Fuji Film ပဲ ၀ယ်ခဲ့တယ်… ကျွန်မ လက်ပ်တော့ပ်အတွက် ပန်ကာဝယ်ပြီး cashier မှာ ပိုက်ဆံရှင်းဖို့ တန်းစီနေတုန်း တရုတ်အဖိုးကြီးတစ်ယောက် ကျွန်မပန်ကာကိုလာကြည့်ပြီး တရုတ်လို တစ်ခုခုလာမေးတယ်… ကျမက တရုတ်လိုနားမလည်ဘူးလို့ပြောတော့မှ are you paying by cash or nets ? တဲ့ ကျွန်မလည်း cash လို့ဖြေလိုက်တော့ သူက ရွှေဆွဲကြိုးအကြီးကြီးဆွဲထားပြီး သားသားနားနားဝတ်ထားတဲ့ တရုတ်အဘိုးကြီးတစ်ယောက်ကိုလက်ညှိုးထိုးပြပြီး… သူက ဒီကသူဌေးဖြစ်ကြောင်းနဲ့ ပိုက်ဆံသူ့ကိုပေးရင်ရတယ်တဲ့ ပြောတယ်… ကျွန်မလည်းတော်တော်ရယ်ချင်သွားတယ်… နေပါစေ… cashier မှာပဲပေးမယ်လို့ပြောလိုက်တော့ တန်းစီရမှာအကြာကြီးပဲ စီချင်လို့လားတဲ့… ဟုတ်ကဲ့ လို့ပဲပြောလိုက်ပါတယ်… ဒါနဲ့ နောက်တစ်ယောက်ကိုထိုနည်းလည်းကောင်းလိုက်မေးနေတယ်… ဒီလူနှယ် ဒီလိုခေတ်မှာ ဒီလိုများလိမ်ဖို့စဉ်းစားရတယ်လို့ … သူများကိုလိမ်ချင်ရင်လည်း ပိပိရိရိပေါ့… အခုကကြည့်ဦး … မေးလိုက်ချင်တာ ပိုက်ဆံပေးရင် receipt က ဘယ်အပေါက်ကထွက်လာမှာလဲလို့… ဟုတ်တယ်…

ပထမဦးဆုံးနေ့ပဲရှိသေးတယ်… ၀ယ်တဲ့လူတွေကလည်း ကြိတ်ကြိတ်တိုးပဲ… ဒီမှာက ဒီလိုပွဲဆို တကယ်လည်းဈေးချတာကိုး ပစ္စည်းတွေက… နောက် ဒီလိုပွဲမှာဝယ်ရင် လက်ဆောင်တွေလည်း အများကြီးရတယ်လေ… အဲ့ဒါကြောင့် စလုံးတွေလည်း ဈေးချပြီဟေ့ဆို ပြေးပြီးသားပဲ… ကျမလည်း ကိုယ်လိုချင်တာပဲ မြန်မြန်ဝယ်လိုက်တယ်… တခြားပစ္စည်းတွေတောင် လိုက်မငမ်းနိုင်ပါဘူး … ကိုးနာရီ ပိတ်မှာဆိုတော့ အချိန်မမီမှာစိုးလို့… လူတွေတအားများတော့ စိတ်သွားတိုင်းကိုယ်မရောက်ဘူး တစ်နေရာကနေ တစ်နေရာသွားဖို့ မနည်းတိုးဝှေ့နေရတယ်… အဲ့ဒါကြောင့် ကျမလူရှုပ်တဲ့နေရာတွေမသွားချင်တာ… လိုချင်တာတွေအကုန်ဝယ်ပြီးတော့ အချိန်က ကိုးနာရီမတ်တင်း … အတော်ပဲပေါ့… ဒါနဲ့ ရထားတစ်တန် ကားတစ်တန်နဲ့ အိမ်ပြန်လာတယ်…

အိမ်မှာအခန်းဖော်အစ်မပြန်မရောက်သေးဘူး ဒါနဲ့ ကျမလည်း ၀ယ်လာတဲ့ မောက်စ်နဲ့ headset ကိုစမ်း… နောက် ပန်ကာလေးဘာလေးတပ်… ပြီးတော့မှ ကင်မရာကို ကတ်တလော့တစ်အုပ်နဲ့ ဟိုကလိ ဒီကလိလုပ်နေတာ … ဆယ်နာရီခွဲလောက်ထင်တယ်… အခန်းဖော်အစ်မပြန်ရောက်လာတယ်…

``ဟယ်… စိမ်း ကင်မရာဝယ်လာတာလား´´ တဲ့

``ဟုတ်တယ် အစ်မ…´´

`` ဒါဆိုနင် အိုင်တီရှိုးသွားပြီးပြီပေါ့…´´

``အင်းလေ…´´

``အဲ့ဒါ့များ ငါ့ဖို့ကျတော့ ပန်ကာမ၀ယ်ခဲ့ဘူး… ရတယ်နော် စိတ်ပုတ်တယ် ´´

သူပြောတာ လေသံနည်းနည်းမာတယ်လို့ ကျမထင်တယ်….

``အစ်မမှ ဘာမှမပြောတာ…´´

``နင်သွားမှာ ငါမှမသိပဲ…´´

``ဟမ် ညတုန်းက အစ်မကိုမေးတယ်လေ… သွားရအောင်လို့…အစ်မပဲ ပိုက်ဆံမရှိဘူးဆို…အားလည်းမအားဘူးဆို´´

``ပိုက်ဆံမရှိပေမယ့် လိုအပ်တာတော့ ၀ယ်ရမှာပေါ့… ကင်မရာလိုဟာမျိုးကိုမ၀ယ်ဘူးပြောတာ… နောက်ပြီးနင်က မနက်ဖြန်သွားမယ်လို့မှ မပြောတာ´´

စိတ်ထဲမှာ တစ်ချက်ထောင်းကနဲပဲ…

``မသိဘူးလေ အစ်မ ဘာမှမပြောတော့ သမီးလည်း ဘယ်သိမလဲ…´´

``ရပါတယ် ရပါတယ် စိတ်ဓါတ်လေးတွေသိရတာပေါ့…´´

``အစ်မကိုမေးသားပဲ …´´

``ဟုတ်တယ်လေမေးတယ် ဒါပေမယ့် နင်သွားမယ်လို့မှ မပြောတာ…´´

``မသိလို့ပေါ့ အစ်မရယ် … ပန်ကာက နှစ်ခုဝယ်ရင်ဈေးတောင်ပိုသက်သာသေးတယ်… အစ်မ မလိုချင်ဘူးမှတ်လို့ တမင်တောင် မ၀ယ်ခဲ့တာ… ´´

``ရပါတယ် ထားလိုက်ပါတော့ ကိစ္စမရှိပါဘူး..´´

ကဲ… ကျမ ဘာမှဆက်ပြောချင်စိတ်လည်းမရှိတော့ဘူး လောကကြီးမှာ အဲ့လိုအထင်လွဲတာတွေကို
လိုက်ဖြေရှင်းပြနေရတာလောက် မုန်းစရာကောင်းတာမရှိဘူး… သူများပစ္စည်းခိုးတာလည်း မဟုတ်… လိမ်တာလည်းမဟုတ်… ဟူး… ကျမ ဖြေရှင်းရတာတွေကို မကြိုက်ဘူး…
တကယ်ဆို ပန်ကာရွေးနေကတည်းက သတိရပါတယ်… တစ်ခုတည်းဆို ၂၅ ဒေါ်လာ နှစ်ခုဆို ၄၀ … ဖုန်းဆက်ကြည့်ဦးမလို့ပဲ… တော်ကြာ သူက သူ့ငယ်ချင်းရဲ့ ပွဲဆိုတော့ ခန်းမထဲရောက်နေမှာ အဲ့ဒီအချိန် ကျမဖုန်းထမြည်ရင် အဆင်မပြေဘူးလေ… ဆိုပြီး မဆက်ခဲ့တာ … နောက်တစ်ချက်က ကျမရွေးလာတာကို သူမကြိုက်မှာစိုးလို့ မမှာတာပဲလို့ထင်တာ… ကျမက မနေ့က တစ်ရက်တည်း သွားနိုင်တာ… သူကကျန်တဲ့ရက်တွေလည်းအားနေတယ်… စနေ ၊တနင်္ဂနွေဆိုရင်သူ့ချစ်သူလည်း အားတယ်ဆိုတော့ သူတို့ နှစ်ယောက်တူတူသွားချင်လို့ မမှာတော့တာပဲလို့ စိတ်ထဲမှာထင်လိုက်မိတာ… ကျမဆို တော်ရုံသူများကို မမှာဘူး တော်ကြာ ၀ယ်ခဲ့တာကို မကြိုက်ရင် ကိုယ်လည်းစိတ်တိုင်းမကျ … သူ့လည်းအားနာရတယ်… ကိုယ်တိုင်ရွေးရမှ ကျေနပ်တာ… အဲ့ဒါကြောင့် ကိုယ့်လိုပဲထင်လိုက်တာ… စေတနာကောင်းနဲ့ သူ့စိတ်ထဲထိဝင်ပြီး နားလည်ပေးလိုက်မိတာ… အမှန်းမတတ်တော့ ကိုယ့်စေတနာပဲ ကိုယ်ပြန်စူးပါတယ်…

သာမာန်ပုထုဇဉ်သာဖြစ်တဲ့ ကျမ ခဏတော့ ဒေါသဖြစ်သွားတယ်… နောက်မှ သြော် သူ့ဘက်ကကြည့်တော့လည်း ဒီလိုမျိုးထင်ချင်ရင် ထင်နိုင်စရာပဲလေလို့ ဖြေပါတယ်… ဆရာတော် ဦးဇောတိက ဆုံးမသလို ပြဿနာတစ်ခုဖြစ်ပြီဆိုရင် သူဘာမှားသလဲဆိုတာ နောက်မှကြည့်ပါ ကိုယ်ဘာမှားလဲဆိုတာပဲ အရင်ကြည့်ပါတဲ့…
ဟုတ်ပါတယ် တကယ်ဆိုကျမ `` သမီးမနက်ဖြန်သွားမှာ အစ်မ ဘာမှာဦးမလဲ…´´ ဆိုတဲ့ စကားတစ်ခွန်း မေးဖို့ကျန်ခဲ့တာ… ကျမ အမှားပါ…
အဲ့ဒီမေးခွန်းမေးဖြစ်ခဲ့ရင် ဒီလိုအဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး… ကျမတို့ နှစ်ယောက် အတူနေလာတာ တစ်နှစ်ကျော်ပြီ… တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး… စေတနာကို အထင်လွဲခံရတော့ စိတ်လည်းမကောင်းဖြစ်ရတယ်… အရာရာကိုခံစားလွယ်တဲ့ကျမ အိပ်ရာထဲမှာ အလူးလူး အလိမ့်လိမ့်နဲ့ ညဥ့်နက်တဲ့အထိ အိပ်မပျော်ခဲ့ဘူး…
နောက်မှ ဆရာတော် ဆုံးမတဲ့``ကိုယ့်စေတနာကို သူများကတန်ဖိုးမထားရင်လည်း စိတ်မပျက်နဲ့… ကိုယ့်စေတနာလေး ကိုယ်တန်ဖိုးထားတတ်ဖို့ အရေးကြီးတာ… ´´ ဆိုတာလေး နှလုံးသွင်းပြီး ကိုယ့်စိတ်ကိုယ်ပဲဖြေလိုက်ရပါတယ်တော့တယ်….

ကျမကို အမြင်ကတ်သောအကြောင်းအရင်း...

လူတစ်ယောက်ကို အမြင်ကတ်တယ်ဆိုတာ အဲ့ဒီလူကို ကြည့်မရတာလို့ ယေဘူယျသတ်မှတ်လို့ရမယ်ထင်တယ်… တနည်းအားဖြင့်တော့ မျက်စိစပါးမွှေးစူးတယ်ပေါ့…
ကျမသိသလောက်ပြောရရင် … အမြင်ကတ်တယ်ဆိုတာမှာ အမျိုးအစားတွေ အများကြီးရှိသေးတယ် …

ဥပမာ… သမီးရည်းစားနှစ်ယောက် သူ့သဘာဝချိန်းကြ ချက်ကြ… ကောင်လေးက အမြဲတမ်းချိန်းတဲ့နေရာကို နောက်ကျမှရောက်လေ့ရှိတယ်… ကောင်မလေးကကွန်ပလိန်းတက်တယ်… ကောင်လေးက ဆင်ခြေအမျိုးမျိုးပေးမယ်… အိမ်ကထွက်လာတာအစောကြီးကတည်းက … လမ်းမှာ ကားမရလို့ ရဲဖမ်းလို့ ဒုက္ခရောက်သူကိုကူညီနေလို့ စသဖြင့် စသဖြင့်ပေါ့လေ အဲ့တော့ ကောင်မလေးကပြောတယ် …

``ဟွန်း သူ့ပြောလိုက်ရင် ဆင်ခြေချည်းပဲ သိပ်အမြင်ကတ်ဖို့ကောင်းတာပဲ´´ တဲ့ …

နောက်တစ်မျိုးက သူငယ်ချင်းတွေပေါ့ … ပြောမနာ ဆိုမနာ … အရေးဟယ်အကြောင်းဟယ်ဆို ကိုယ့်ဘက်ကအဆင်သင့်.. အဲ ကြုံရင်လည်းကြုံသလို သူ့ဝေစုကိုယ်စား … ကိုယ့်ဝေစုဖွက်ထား … လစ်ရင် အချွန်နဲ့မမယ် အဲ့လိုလေးတွေ ချစ်စနိုးနဲ့ကျီစယ်တာမျိုးလည်းရှိတာ သိမှာပေါ့ … အဲ့တော့ ဒေါသကလည်းထွက် စိတ်ဆိုးရလည်းခက် … ဒီတော့ ဘာပြောလဲ

``သူတောင်းစား … တော်တော် သောက်ညင်ကတ်စရာကောင်းတဲ့ကောင်…´´ တဲ့ …

နောက်တစ်မျိုးကျပြန်တော့… တစ်ခါမှ မတွေ့ဖူး မမြင်ဖူးတဲ့လူတွေကို first sight မှာတင် …

``ဟယ် ယောက်ျားလေးဖြစ်ပြီးတော့ လမ်းလျှောက်တာလည်းကြည့်ဦး ခြေထောက်ကိုလိမ် တင်ပါးကိုလှုပ်ပြီး ဘဲလျှောက်လျှောက်နေတာ… အမြင်ကတ်စရာကြီး…´´

``ဟွန်း မျက်ခွက်ကိုက တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့ သောက်ညင်ကတ်စရာကောင်းလိုက်တာ…´´

``အောင်မလေး ၀တ်ထားတဲ့လက်ကောက်တွေမှအားမနာ ပိုက်ဆံလေး နှစ်ပဲ ခြောက်ပြားကို ပါးစပ်အမြုပ်ထွက်အောင် ဈေးဆစ်နေတယ် … ငါက အဲ့လို ပိုက်ဆံရှိပြီး ကပ်စေးနဲတဲ့လူတွေဆို အရမ်းအမြင်ကတ်တာ…´´

အဲ့လို အဲ့လိုပေါ့… လူဆိုတာက အမျိုးမျိုးသော အကြောင်းတရားတို့ကို ရှာရှာဖွေဖွေ လိုက်ကြည့်ပြီး သကာလ ဗိုက်မ၀ပေမယ့် ဒါကိုပဲ အရသာခံပြီး အမြင်လိုက်ကတ်နေကြတာဆိုတော့… အဲ့အထဲမှာ ကျမလည်းပါပါတယ်… :P

နောက်ဆုံးတစ်ခုကတော့… အကြောင်းအရာ တိတိကျကျ ခိုင်ခိုင်လုံလုံနဲ့ကို အမြင်ကတ်တာ … ဒါက ရှင်းပါတယ်…

`` ငါတို့ရပ်ကွက်ထဲက ဦး***လေ အသက်ကဖြင့်ကြီးနေပြီ… ယူထားတဲ့ မိန်းမက ငယ်ငယ်လေး… ´´

သူကျွေးနိုင်လို့ သူယူတာ… ကောင်မလေးကလည်း သူကျေနပ်လို့ သူယူတာ… ကိုယ်နဲ့တော့ ဘာမှမဆိုင်ပါဘူး… ဒါပေမယ့် အဲ့အကြောင်းအရာကြောင့်ကို အမြင်ကတ်တာ…

``သိတယ်မလား ဦးမိုးမြင့်သမီး ဝေဟင်မိုးမြင့်လေ နာမည်ကလည်းစီး … ပိုက်ဆံကလည်း ချမ်းသာ … ဆေးကျောင်းသူလည်း ဆေးကျောင်းသူဆိုတော့ မာနက မိုးပေါ်ထောင်တက်နေတာ… ´´

ဒါမျိုးကျတော့ မသိစိတ်ထဲက အားကျစိတ်နဲ့ မနာလိုစိတ် ပါးပါးလေးပါတတ်တယ်…

``ဒေါ်တင်တင်လား … သွားတော့ဘုန်းကြီးကျောင်း … လုပ်တော့ငွေတိုးချေးစား… ယူတာက ဥပုသ်… ပေးတာက အကြွေး… တောင်းတာက ပိုက်ဆံ … ပြန်ရတာက ညည်းသံ… အဲ့တော့ ဆဲသံတွေ ပွက်ပွက်ညံ … ´´

ထို့ကြောင့်ပင် အမြင်ကတ်ခံရသော ရပ်ကွက်ချဉ်ဖတ် ဖြစ်ရပေဦးလတ္တံ့…

ဟုတ်ကဲ့… အဲ့ဒီလိုပေါ့… လူ့ဘ၀ဆိုတာ ရလာကတည်းက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံဆိုတာ လူတိုင်းမလွဲမသွေကြုံရမှာ ဓမ္မတာပါပဲ… လူတွေက ကိုယ်နဲ့ပလဲနာမသင့်သူ အမြင်ချင်းတူသူ ရှင်းရှင်းပြောရရင် ဖော်လိုလိုက်တဲ့သူတွေကိုဆိုရင် အချင်းချင်းမြှောက်ပင့်ပေါင်းပြီး ချီးမွမ်းခန်းဖွင့်တတ်ကြပေမယ့်… ကိုယ်နဲ့ဆန့်ကျင့်ဘက်အမြင်ရှိသူတွေကိုတော့ အကြောင်းမရှိအကြောင်းရှာပြီး ကဲ့ရဲ့တတ်ကြတာ လူ့သဘာဝပါ… အခုလက်ရှိ ကမ္ဘာမှာ လူဦးရေဟာ သန်းခြောက်ထောင်ကျော်သွားပါပြီ… ကျွန်မတို့မြန်မာနိုင်ငံမှာ သန်း ၆၀ နီးပါးရှိတယ်… လူတစ်ယောက်ဟာ သူ့ဘ၀သက်တမ်းတစ်လျှောက်လူဘယ်နှယောက်နဲ့ တွေ့ဆုံဆက်ဆံနိုင်မလဲဆိုရင် ခန့်မှန်းခြေ ကျွန်မထင်တယ် လွန်ရောကျွံရော ထောင်ဂဏန်းမှာပဲရှိမှာပဲ… ဒါဟာ ဘ၀တစ်လျှောက်ကိုယ်နဲ့ အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ပတ်သတ်မှုရှိမယ့်လူအရေအတွက်ကိုဆိုလိုပါတယ်… တချို့လူတွေက သွားရင်းလာရင်းဆုံတယ်… တချို့တွေက ရပ်ကွက်ထဲကလူတွေ တချို့က ကျောင်းက… တချို့က ရုံးက… တချို့က အလုပ်သို့မဟုတ်ကျောင်းနဲ့ ဆက်စပ်ြပီးကြုံရဆုံရတဲ့လူတွေ ဆိုလိုတာက အလုပ်ရှင်ရဲ့အမျိုးသော်လည်းကောင်း ပစ္စည်းသွင်းသူသော်လည်းကောင်း အဲ့လိုလူမျိုးကို ဆိုလိုပါတယ်… တချို့က သူငယ်ချင်း တချို့ကျတော့ မိသားစုဝင်တွေပေါ့… အဲ့ဒီ့အထဲမှာမှ ကိုယ့်ကိုလုံးဝအမြင်မကတ်တဲ့လူ ဘာအကြောင်းကြောင်းနဲ့မှ အမြင်မကတ်တဲ့လူ ဘယ်နှယောက်ရှိနိုင်မလဲ …

ဥပမာ ရှေးရိုးဆန်တဲ့အဘိုးက ဆံပင်ဆေးဆိုးထားတဲ့ မြေးလေးကို ကြည့်မရတာမျိုး …
အမေက အလုပ်တစ်ခုခုခိုင်းလိုက်ရင် ဆင်ခြေဆင်လက်နဲ့ အမြဲတမ်းခွန်းတုံ့ပြန်တတ်တဲ့ သမီးမျိုး…

ကိုယ့်မိသားစုဝင်တွေကိုယ်တိုင်ကိုက ကိုယ့်ကိုအကြောင်းတစ်ခုခုကြောင့်အမြင်ကတ်မယ်ဆိုရင် ကျန်တဲ့လူများကိုတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး… လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ စကားလည်းရှိတယ်ဆိုတော့ လူတစ်ယောက်ဟာ လူအားလုံးရဲ့အကြိုက်အတိုင်းဖြစ်မနေနိုင်ပါဘူး… တကယ့်လူချစ်လူခင်များသူ အများအကျိုးဆောင်ရွက်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာတောင် ကြည့်မရလို့ အသက်ကိုတောင် ရန်ရှာခံရသေးတာပဲ…

အဲ့ဒီတော့ ကျမလို့ အညတရ သာမာန်မိန်းမတစ်ယောက်ဟာ အမျိုးမျိုးသောလူတွေရဲ့ အမျိုးမျိုးသောစံသတ်မှတ်ချက်တွေထဲက တစ်ချက်ချက်နဲ့ မကိုက်ညီခဲ့ရင် ကျိမ်းသေအမြင်ကတ်ခံရမှာပါပဲ… တစ်ယောက်နဲ့တစ်ယောက်ကွဲပြားတဲ့အကြောင်းအရင်းများကို ကျမလည်းမသိနိုင်ပါဘူး… ဘယ်သူကမှလည်း ကျမကို ``ဟယ် နင့်ကိုငါ ??? အဲ့ဒါကြောင့်မို့ အမြင်ကတ်တာ´´ လို့ ဒီနေ့ထိလာမပြောဖူးသေးဘူး … အကယ်၍များ အဲ့ဒီလိုတစ်ယောက်ယောက်က ပြောလာတဲ့အခါကျရင် ဘာဖြစ်လို့အမြင်ကတ်တယ်ဆိုတဲ့အကြောင်းလေးကို မေးထားလိုက်မည်ဖြစ်ပါကြောင်း….

ချစ်မိတ်ဆွေများ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လူချစ်လူခင်ပေါများကြပါစေ

၂၁ ရာစု သစ္စာ

သေပြီးသား ငါ့ကို အားအားလျားလျား လာလာမစပါနဲ့…
သနားတတ်ရင် လှည့်မကြည့်နဲ့ …
အဲ့ဒီမျက်ဝန်းတစ်စုံအတွက်ပဲဆိုရင်
ငါ…. ပြတိုက်မှာသွားကြည့်လိုက်မယ်…

ကျေးဇူးပြု၍
နင့်နာမည်နဲ့ ထုဆစ်ထားတဲ့
ငါ့ဝိဥာဉ်ပါ တပါတည်းခေါ်သွားပါ…
အဲ့ဒီကောင်လည်း ငါ့ကိုသစ္စာမရှိဘူး…

ဆောင်းတွင်းရောက်ပြီဆိုတာ
ပြက္ခဒိန်က ဘုရားစူးကျိမ်ပြနေရတဲ့နောက်…
ဒီဇင်ဘာရယ်...
နင်ဘယ်လိုအလှဆုံးကြိုးစားဦး…
နှင်းမပါမှတော့ မဲ့ပြုံးပဲပေါ့…

နင့်ရယ်သံတစ်ချက်မှာ
ဖြုတ်ကနဲ ကြွေကျလာတဲ့ ကိုယ်သင်းရနံ့ကို
အငမ်းမရသောက်သုံးပြီး ငါ့နှလုံးသားကို အဆုံးစီရင်မယ်…
ဇာတ်တူသားစားတဲ့ နင့်အတ္တတွေအတွက် …
အမြည်းတစ်ခွက်ပေါ့…

ရောက်ဖြစ်သော ဘလော့ဂ်များ

သတိတရတဂ်တဲ့ ကိုမင်းနေဝေးရေ ကျေးဇူးပါ....

သွားနေကျ ဘလော့ဂ်က အခု ၅၀ ကျော်ပါတယ်... Bookmark list ထဲမှာကို drop down နဲ့ မနည်းဆွဲချပြီး ကြည့်နေရပြီ... နေ့တိုင်းလည်းရောက်ဖြစ်တယ်... ကွန်မန့်တော့ ပေးရမှာပျင်းပါတယ်... အဲ့တော့ တိတ်တိတ်လေးသွားပြီး တိတ်တိတ်လေးပဲ ပြန်ဖြစ်တယ်... နေ့တိုင်းသွားတယ်ဆိုကတည်းက ကြိုက်လို့ပေါ့ အဲ့ဒီထဲက ၅ ခုတည်းရွေးရမယ်ဆိုတာတော့ တော်တော်လေးကို ကသီလင်တနိုင်ပါတယ်... ပိုရေးလို့ရတယ် ဟုတ်.. ???

ကွန်ပျူတာဖွင့်ဖွင့်ချင်း စသွားတာက ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်ပါ... သူက သတင်းဌာနပေါင်းစုံကရေးတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သတင်းမှန်သမျှကို ညွှန်းပါတယ်... လင့်ခ်တွေပဲ ပါတာပါ.... သက်ဆိုင်ရာ လင့်ခ်ကိုထောက်ပြီး မူရင်းဆိုဒ်မှာ လိုက်ဖတ်ပါတယ်... တစ်ဆိုဒ်ဝင် တစ်ဆိုဒ်ထွက် လိုက်ဖတ်နေစရာမလိုတော့ဘူးပေါ့ ... မြန်မာပြည်မှာဖြစ်သမျှတွေ သိရပြီး အချိန်ကုန် သက်သာလို့ သဘောကျပါတယ် ...

ဒါပြီးရင်တော့ ကိုပေါ ဆီရောက်ပါတယ်... မြန်မာနိုင်ငံအရေး၊ စင်ကာပူနိုင်ငံနဲ့ စင်ကာပူအစိုးရအကြောင်းကိုယ်မသိသေးတဲ့ အချက်တွေနဲ့ သူ့မိသားစုဘ၀အကြောင်းတွေကို ဗဟုသုတလည်းရ ဟသရသလည်း ရအောင်ရေးတတ်တဲ့အတွက် ကြိုက်ပါတယ်...

နောက်ပြီးရင် ကိုညီလင်းဆက် ဆီသွားပါတယ် (အမေးတော်ဖြေကျမ်းကြီးတင်ထားတာ လွန်ခဲ့တဲ့တစ်ပါတ်ကျော်ကတည်းက ... ပို့စ်အသစ်တင်တာ စောင့်နေပါတယ် ... ) ဓါတ်ပုံ ပန်းချီ စတဲ့ အနုပညာတွေအပြင် နည်းပညာနဲ့ပတ်သတ်တာတွေ စာအုပ်အညွှန်း စစ်တမ်းကောက်ယူချက်လိုမျိုး စိတ်ဝင်စားစရာတွေ စုံပါတယ် ... သူလုပ်ထားတဲ့ မြန်မာစာအုပ်တွေညွှန်းပေးတဲ့ဆိုဒ်လေး ကိုလည်းရောက်ဖြစ်ပါတယ်...

ချမ်းရဲ နဲ့ ကိုလူထွေး ကိုသားကြီး ဆီရောက်ရင်တော့ အမောပြေတယ်.... ပေါက်ပေါက်ရှာရှာဟာသတွေ တွေးတတ်ရေးတတ်တဲ့သူများ...

အရိမဒ္ဒနပူရ သူရဲကောင်း အခန်းဆက်ကိုစောင့်ဖတ်နေတာမို့ ဗီလိန်ရဲ့အိပ်ယာ ကိုလည်းရောက်ဖြစ်တယ်... (ဘလော့ဂ်နာမည်သက်သက်သာ... :P)

ခေတ်လူငယ်တွေရဲ့ ဘ၀ခံယူချက် အတွေးအခေါ်နဲ့ အနုပညာစွမ်းရည်များကို မျက်ချေမပျက်အောင်တော့ စင်ကာပူက ဖိုးဂျယ် နဲ့ မလေးရှားက Craton တို့ဆီသွားပြီး စနည်းနာတယ်...

မ၀ါ နဲ့ ဦးဥာဏ် နောက် ဆစ်ဒနီက ကိုအန်ဒီ တို့လို အောင်မြင်ပျော်ရွှင်နဲ့ မိသားစုဘ၀ကို စီမံခန့်ခွဲနိုင်သူတွေရဲ့ ဘ၀နေနည်းနဲ့ အခက်အခဲများကို ပညာဥာဏ်ရှိစွာကျော်လွှားပြီး အချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုနေတယ်ဆိုတာမျိုး သွားလေ့လာမှတ်သားပါတယ်...

အကျိုးပြုလုပ်ငန်းတွေလုပ်နေတဲ့ မမေလေး နဲ့ မနိုင်းနိုင်းစနေ ဆီလည်း သုတ ရသ စာပေလေးတွေဖတ်ရအောင် သွားလည်တတ်ပါတယ် ...

မမီးချစ်ဆီရောပဲ... သွားတယ် ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရတယ် အလှအပရေးရာ ဗဟုသုတတွေလည်း ရတယ်...

ကိုလင်းဒီပ ကိုမင်းနေဝေး နဲ့
ကောင်းကင်ကို နေညှိ ကိုညီလင်းသစ် တို့ဆီက ကဗျာတွေ သွားသွားဖတ်တယ်...

ပန်းချီတော့ သိပ်မကြည့်တတ်ဘူး ဒါပေမယ့် ကိုညီမင်းစံ
ကိုရဲလွင်ဦး ကိုသခင်ကြီး တို့ဆီမှာ ဓါတ်ပုံတွေ သွားသွားငမ်းတယ်...

အချက်အပြုတ်လုပ်ငန်းမှာ အကြီးအကျယ် အားနည်းတဲ့အတွက် ၃၅ နှစ်ပြည့်မွေးနေ့မှာ ပုန်းရည်ကြီး ထမင်းသုတ်လုပ်ကျွေးတဲ့ မလုလု (ပြီးခဲ့တဲ့အပတ်ကျောင်းပိတ်တော့ လုပ်စားဖြစ်ပါတယ် ကြိုက်တယ်... :) )ချစ်သူကို ငယ်ကြောက်ပါဆိုတဲ့ မျက်လုံးလှလှလေးနဲ့မကူးကူး ထမင်းအိုး (အာလူးကတ်သလိတ်ကြော်ပြီးကတည်းကပျောက်နေပါတယ် ... ) စုဘူးအိမ် (လောလောဆယ် မကူးကူးတဂ်ထားတဲ့ပို့စ်မှာ ချစ်ချစ်ကို အပီတွယ်ထားတယ်...:P) တို့ဆီလည်း မသွားလို့မဖြစ်ပြန်ဘူး...

သက်ပိုင်သူဆီလည်း သွားတယ် ၀တ္ထုတိုတွေကြိုက်တယ် Memories of Gaishia ကို သူပြန်ရေးတာဖတ်လို့ သိပ်ကောင်းပဲ ... အဲ့ဇာတ်လမ်းကိုကြည့်ဖူးတယ် ဒါပေမယ့် ဂေးရှားမယ်တွေအကြောင်းကို အခုလောက်မသိသေးဘူး ကိုသက်ပိုင်သူရေးပြတော့မှ ကိုထင်သလိုမဟုတ်မှန်းသိရတာ...

ကိုပီတာ့ ဆီမှာ ထူးထူးဆန်းဆန်းတွေ သွားကြည့်ပြီး ဟာကနဲ ဟင်ကနဲ ...

ဘလော့ဂါ အငြိမ့်(၂) နဲ့ အူနာအောင်ရယ်ခိုင်းတဲ့ မျှစ်ချိုးရင်းမွေးတဲ့ ကိုမြစ်ကျိုးအင်း ကတော့ လောလောလတ်လတ် ပွဲဈေးတန်းဆိုတဲ့ဘလော့ဂ်နဲ့ သူသိသမျှဘလော့ဂါတွေကို အချစ်စမ်းထားပါတယ်... ဘလော့ဂါအငြိမ့် (၁) ကိုရေးတဲ့ အိမ်တိုင်ကျိုး က စိမ်းရေးတဲ့ ကဗျာကို နားမလည်ဘူးလို့ အားပေးသွားတဲ့အတွက် သူ့ဘလော့ဂ်ကိုလည်း မှန်မှန်သွားပြီး လစ်ရင် ပြန်တွယ်မလို့ချောင်းနေပါတယ် ... လောလောဆယ်ထိ သူရေးတာတွေကို နားလည်နေပါသေးတယ် .. အေးလေ ကိုယ်ကဥာဏ်ကောင်းတာကိုး... (ကျီစယ်ရုံသက်သက်သာ... :P)

တစ်နေ့ကမှ ပြည်ကပြန်ရောက်တဲ့ ပန်းချီဆွဲတဲ့နန်းညီ ဆီလည်း ရောက်တယ်... ဓါတ်ပုံတွေကြည့်ရင်းတောင် အပျော်တွေကိုယ့်ဆီကူးတယ်...

တော်မှထင်တယ် .... သိပ်များနေပြီ... ကျန်သေးတယ် ဖတ်လတ်စ ဘလော့ဂ်တွေ ... littlebrook တို့ ရန်ကုန်သားတို့ တောင်ပေါ်သားတို့ ပန်ဒိုရာတို့ မဂျာမုန်း ...အများကြီးပဲ... ရေးရရင် အဆုံးကိုရှိမှာ မဟုတ်တော့ဘူး...

ထို့ကြောင့် ဤနေရာတွင်ပင် နိဂုံးချုပ်လတ္တံ့......

ချစ်ချိုခါး

ပိုးဟေသီ……. သူနဲ့ကျွန်တော်နဲ့က ငယ်ငယ်လေးကတည်းက အိမ်နီးနားချင်း သူငယ်ချင်း… သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်က တစ်လမ်းတည်းဗျ.. လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်… အဲ အချိန်ပြည့်ဗျာ သူနဲ့ကျွန်တော်က တတွဲတွဲ… သူ့အစ်မမိုးမေသီနဲ့သူနဲ့က ငါးနှစ်လောက်ကွာတယ်ဆိုတော့ သိပ်အတွဲမညီဘူး… ကျွန်တော်နဲ့ပဲ ကစားဖော် ကျောင်းသွားဖော်ပေါ့… ကျွန်တော်ကလည်း တစ်ဦးတည်းသောသား… အဖော်မက်တယ်လေ… အိမ်နီးနားချင်း ရွယ်တူဆိုလို့ သူပဲရှိတာ… ငယ်ငယ်ကဆို ကျွန်တော်ဆိုတဲ့ကောင်တွေ့ချင်ရင် အိမ်မှာလာမရှာနဲ့… သူ့အိမ်သာတန်းလာခဲ့ အချိန်မရွေးပဲ… သူ့အိမ်က ခြံနဲ့ဝင်းနဲ့… အရိပ်ကောင်းတဲ့ သစ်ပင်တွေလည်းရှိတယ်… နောက် တလင်းကွင်းညီညီလေးလည်းရှိတယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကစားကွင်းဖြစ်ရတာ မဆန်းဘူးပေါ့ဗျာ… နောက်ပြီး လူကြီးတွေမျက်စိအောက်မှာလည်းဖြစ်တယ်လေ… သူနဲ့ကျွန်တော်ပတ်သတ်မှုကလည်း ထုံးစံအတိုင်းပဲဗျာ… ခင်ဗျားတို့လည်း သိမှာပါ… ဘာမှမထူးဆန်းဘူး… ငယ်ငယ်တည်းက သူငယ်ချင်း … လူကြီးတွေလည်းသဘောတူတယ်… အချိန်တန်ရင်ပေးစားမှာ… ဒါပဲ… ဒါကိုလည်း ကျွန်တော်တို့ နှစ်ယောက်ကလည်း ငယ်ငယ်လေး အဲ ငယ်ငယ်လေးဆိုတာ လူပျိုဖော် အပျိုဖော်ဝင်ကတည်းက လူကြီးတွေ ထုတ်မပြောသော်လည်း ကိုယ့်ဘာသာသိနေတာပေါ့ဗျာ… အဲ့ဒီတော့ ကျွန်တော့်စိတ်ထဲမှာ သူက ကျွန်တော့်အတွက်လို့ပဲ အလိုလိုသိနေရော… သူလည်းအဲ့လိုပဲလို့ ကျွန်တော်ထင်တယ်လေ… ကျွန်တော်မှတ်မိသလောက်တော့ ငယ်ငယ်ကတည်းက သူဘာအရောင်ကြိုက်တယ် ဘာအစားအစာကြိုက်တယ် သူ့အကျင့်တွေ အကုန်ကျွန်တော်သိတယ်ဗျ… သူလည်းကျွန်တော့်အကြိုက်သိတယ်… ဒါပေါ့ တစ်ချိန်လုံး အတူတူရှိနေတဲ့လူနှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက်သိတာ ဆန်းမှမဆန်းတာ… ဆယ်တန်းတုန်းကလည်း ကျူရှင်တူတူ… အောင်တော့လည်း အတူတူ… တစ်ယောက်မှ ဂုဏ်ထူးမပါဘူး… ရိုးရိုးအောင်… ဒါပေမယ့် ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့ မေဂျာကွဲသွားတယ်… သူက သင်္ချာ.. ကျွန်တော်က ဘူမိဗေဒ… အဲ့တော့ အရင်ကလို တစ်ချိန်လုံးတပူးတွဲတွဲမဟုတ်ပေမယ့်… ကျောင်းသွားချိန် ပြန်ချိန်နဲ့ အတန်းအားတဲ့အချိန်တွေမှာတော့ ကျွန်တော်တို့အတူတူရှိနေတာ အခု တတိယနှစ်ရောက်တဲ့အထိပဲဆိုပါတော့.…

သူ့အတန်းဘက်ကို ကျွန်တော်ထွက်လာတော့ လမ်းမှာ ဆီးသီးရောင်းတဲ့လှည်းတွေ့တာနဲ့ သူကြိုက်တတ်တာကို သတိရပြီး ကျွန်တော် ငံပြာရည်နဲ့ ငရုတ်သီးမှုန်နဲ့နယ်ထားတဲ့ ဆီးသီး အစိတ်ဖိုးဝယ်လာခဲ့တယ်… သူ့အတန်းရောက်တော့ သူ့တို့အတန်းဆင်းတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံတော့ ကျွန်တော်လည်း သူဝမ်းသာပါစေဆိုပြီး အပြေးတပိုင်းနဲ့ ဆီးသီးထုတ်ကိုထိုးပေးတာပေါ့…

``ပိုး… ရော့… ဆီးသီးငံပြာရည်… ´´

ကျွန်တော်ထင်ထားသလို သူဝမ်းသာမသွားဘူးဗျ... တအံ့တသြနဲ့ မျက်စိမျက်နှာတွေကလည်း ပျက်လို့ … နောက် သူ့ဘေးက ငနဲကို တစ်ချက်လှမ်းကြည့်တယ်… ကျွန်တော်လည်း သူကြည့်တဲ့ဘက်လိုက်ကြည့်တော့ ငနဲက အောင်မာ ကျွန်တော့်ဆီးသီးထုတ်ကို ရွံစရာတစ်ခုလို နှာခေါင်းရှုံ့တယ်… ငတိမကလည်း…

``ဟမ်… ငါမကြိုက်ပါဘူး ငံပြာရည် … ဘယ်တုန်းကစားလို့လဲ…´´

ဟောဗျာ မိန်းမတွေများ အပြောင်းအလဲမြန်တယ်ဆိုတာ အရင်တုန်းက ကျွန်တော်စာထဲသာ ဖတ်ဖူးတာ အခုမှ ကိုယ်တွေ့ဗျာ… အရင်တုန်းကတော့ သူပဲ ကြိုက်လှပါချည်ရဲ့ဆိုပြီး ဆီးသီးကုန်ရင်တောင် ကျွတ်ကျွတ်အိပ်ထဲက ငံပြရည်တွေ လက်နဲ့ထိုးထိုးပြီး တပြွတ်ပြွတ်စုတ်နေတာ… အခုမှ မယ်မင်းကြီးမက အချိုးတွေဘာတွေပြောင်းလို့ … သူပြောင်းတာကလည်း ချက်ချင်းကြီး… တော်တော်လေး အောင့်သီးအောင့်သက်နိုင်သွားတယ်… ဟုတ်တယ်လေ ကိုယ်က စေတနာနဲ့အလိုက်တသိ သူစားပါစေတော့ ဆိုပြီးဝယ်လာတာကို ဒင်းက မတူသလို မတန်သလို ကိုယ်ကပဲ သူ့ကိုကြောင်ချင်လို့ဝင်ရောသလို … စိတ်ရှိလက်ရှိသာဆို ငတိမခေါင်းကို ဒေါက် ခနဲနေအောင် ခေါက်ချင်တာ … အဟုတ်… လူကြားထဲမှာမို့လို့ပေါ့ဗျာ… ခင်ဗျားတို့လည်း ကျွန်တော့်နေရာမှာဆို ဒီလိုပဲဖြစ်မှာပဲ… လောင်းရဲတယ်ဗျာ… သူ့ဘေးက ငနဲကလည်း ကျေနပ်သလို အပြုံးကြီးနဲ့ ကျွန်တော့်ကို အောင်နိုင်သူလို ပြုံးပြနေလိုက်တာများ… သွားတွေကျွတ်ထွက်သွားအောင် ထိုးပစ်လိုက်ချင်တာ…
ကျွန်တော်လည်းခပ်ချဉ်ချဉ်ရှိတာနဲ့

``သြော် ပြီးတာပဲလေ… ညနေ ငါ အောင်ကိုနဲ့သွားစရာရှိသေးလို့ နင့်ဘာသာပြန်လိုက်တော့ အမေကြည် မေးရင် သေချာပြောပြလိုက်နော်… ညမှ လာခဲ့မယ်လို့ သိလား… ´´

ပြောပြောဆိုဆိုနဲ့ ကျွန်တော်ထွက်ခဲ့တယ်…ပိုး ခေါင်းညိမ့်ပြတယ်ထင်တာပဲ သေသေချာချာတော့ သိပ်မမှတ်မိတော့ဘူး… သူ့မျက်နှာက ကြောင်အိမ်ကထဲ ငါးဖယ်ကြော်ခိုးစားတာ လူမိတဲ့ ကလေးလိုပဲ… တစ်ခုခုဖြေရှင်းဖို့ကြိုးစားနေပုံပေါ်တယ်… ဒါပေမယ့် ကျွန်တော် ဂရုမစိုက်အားတော့ဘူး ဟုတ်တယ်လေ သူ့လုပ်ပေါက်က ဟုတ်မှမဟုတ်တာ…

ဒီကောင် ဘယ်ကကောင်ပါလိမ့်… အရင်က ပိုးနားမှာ တစ်ခါမှမတွေ့ဖူးပါဘူး…. ကျောင်းဝင်းတစ်ခုလုံး ကျွန်တော်တို့ နှစ်ယောက်အတူတူတွဲသွားတွဲလာ လုပ်နေတာ ဒီကောင်မသိဘူးလား… ဒါမှမဟုတ် ကျွန်တော်ကပဲ ဒီကောင်ပိုးနားမှ ၀ဲနေတာကို မသိတာလား… ဒါ့ထက် ငနဲရုပ်က မဆိုးဘူးလို့ပြောလို့ရတယ်…. ကျွန်တော် ယောက်ျားအချင်းချင်း သိပ်မကြည့်တတ်ပေမယ့် ဒီကောင်က အသားလတ်လတ်ဗျာ… ထောင်ထောင်မောင်းမောင်းရည်ရည်မွန်မွန်… ၀တ်တတ်စားတတ်… ဒါနဲ့ပဲ ဟို ငတိမ ပိုးဟေသီက ဖြစ်ပျက်နေပုံများ… ကျွန်တော်တွေးရင်းတော်တော်အသည်းယားလာတယ်… ဒေါသလည်းထွက်လာတယ်.. တစိမ့်စိမ့်တွေးလေ ဒေါသကထွက်လာလေပဲ… ပိုးဟေသီဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော့်စကားတစ်ခွန်းကို ဘယ်တုန်းကမှ ပြန်လှန်ရဲခဲ့တာမဟုတ်ဘူး… ဟုတ်တယ်… သူ့မိဘတွေကအစ ကျွန်တော့်ကို အာဏာကုန်လွှဲအပ်ထားတာ… သူ့အိမ်စည်းရိုးကျော်တာနဲ့ ကျွန်တော်ဟာ သူ့အုပ်ထိန်းသူပဲ… ဒါကို တစ်လောကလုံးသိတယ်… ပိုးဟေသီကိုယ်တိုင်လည်းသိတယ်… ကျွန်တော်ဟာ ပိုးကို သူအပျိုဖော်ဝင်ပြီဆိုကတည်းက ရွယ်တူမိန်းကလေးတွေနဲ့ တွဲတာလာတာကအစ နေရာတကာ အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့တဲ့ကောင်ပါ… ကလက်တက်တက် ခပ်ကဲကဲတွေဆိုရင် သူ့ကိုပေးမပေါင်းဘူး… အထီးတွေဆို ပိုဆိုး… ယောင်လို့ မျက်လုံးတောင် မကစားနဲ့… ကျွန်တော့်လက်သီးမိုး ဒီကောင်တွေမျက်နှာပေါ်ရွာပြီးသားပဲ… အဲ့ဒီကိစ္စနဲ့ ရုံးခန်းရောက်ပေါင်းလည်း မနည်းတော့ဘူး… ဒီကောင်တွေ ဒီလောက်မိန်းကလေးတွေအများကြီး ဘာလို့ မိပိုးကိုပဲ လာလာဝဲနေမှန်း စဉ်းကို မစဉ်းစားတတ်ဘူး…

ပိုး မိဘတွေကလည်း သားသမီးကို ငယ်ငယ်တည်းက မိဘစကားနားထောင်တတ်အောင်… ရိုသေတတ်အောင်… ဗိုင်းကောင်းကျောက်ဖိနေတတ်အောင် သေချာသင်ထားပေးတာဗျ.. အဲ့ဒါတစ်ခုတော့ ကျွန်တော် အမေကြည့်ကို တော်တော်လေးစားတယ်ဗျ… (အမေကြည်ဆိုတာ ပိုးတို့မေမေလေ ကျွန်တော့်ကိုလည်း သားအရင်းလိုချစ်တယ်… ချစ်တာမှ သူ့သမီး အပိုင်သာပေးထားတာ ကြည့်ပေတော့… ) ပိုးတို့ဖေဖေကတော့ စီးပွားရေးကိုပဲ အာရုံစိုက်ထားတယ်… သမီးနှစ်ယောက်ကိစ္စတွေကိုတော့ ပိုးတို့မေမေကပဲ စီမံရတာပေါ့… မိဘစကားဆိုတာ မြေ၀ယ်မကျနားထောင်ရတယ်ဆိုတဲ့အသိဟာ ပိုးဟေသီတို့ ညီအစ်မနှစ်ယောက်လုံးရဲ့ အသွေးထဲ အသားထဲမှာ သံမှိုနဲ့နှက်ထားသလိုစွဲနေပြီးသား… ပိုးမေမေက ငယ်ငယ်ကတည်းက ကျွန်တော်ပြောတာနားထောင်ဖို့… အမြဲမှာထားတာဆိုတော့ ပိုးဆိုတာ ကျွန်တော် သေဆိုသေ ရှင်ဆိုရှင်ပဲ… ပိုးက ငယ်ငယ်ကတည်းကရေခဲချောင်းဆို သေလောက်အောင်ကြိုက်တာဗျာ… ဒါပေမယ့်ကျွန်တော်က မစားနဲ့ဆို သူမစားရဘူးပဲ… စားကြည့်ပါလား ကျွန်တော်က ပြန်တိုင်တာပေါ့….သူကချောင်းဆိုးလွယ်တယ်ဗျ အအေးစာ နည်းနည်းစားတာနဲ့ ချောင်းတန်းဆိုးတော့တာပဲ.. နောက်ပြီး တစ်ခါတစ်ခါ သူချောင်းဆိုးရင် အကြာကြီးရယ် နှစ်ပါတ်သုံးပါတ်လောက်ကြာတတ်တယ်... ကျွန်တော်တိုင်ရင် သူ့အမေနဲ့… သူ့အမက သူ့ကိုဆူရော … သူ့အမေနဲ့တင် ကိစ္စကပြီးရင်တော်ရဲ့ မတော်လို့များ… သူ့အဖေသိသွားကြည့်… ပွဲကပြတ်ကရောပဲ… တစ်ပါတ်စာ မုန့်ဖိုးသွားလေရော့ပဲ.. အဲ့ဒါကြောင့် ပိုးက ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကြောက်ရပါတယ်… တစ်ခါတစ်လေ ကျွန်တော်သနားလို့ ခွင့်ပြုမှ သူရေခဲချောင်းစားရတာ… အဲ့ဒီအခါမျိုးဆို သူပျော်နေတာများ… ခင်ဗျားတို့ကို ပြချင်တယ်… ပါးစပ်ကို မစေ့တော့ဘူး သွားကြီးကိုဖြီးလို့… ရေခဲချောင်းကြီးလိုက်လိုက်… ကျွန်တော်နဲ့ အကြည့်ချင်းဆုံတိုင်း ဇက်ကလေးပုပုပြီး သွားဖြဲပြနေတာ… ခုခေတ် ကိုးရီးယားမင်းသမီးတွေအတိုင်းပဲ… သူ့မျက်လုံးတွေထဲက ကျွန်တော့်ကိုကျေးဇူးတင်တဲ့အရိပ်အယောင်တွေကို ကျွန်တော်မြင်နေရတယ်… ကျွန်တော်ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်…

တကယ်တော့ ကျွန်တော် အောင်ကိုနဲ့လည်းချိန်းမထားသလို ဘယ်မှလည်းသွားစရာမရှိဘူး… ပိုးကို သက်သက်ပညာပြချင်လို့ တစ်ယောက်တည်း အိမ်ပြန်ခိုင်းလိုက်တာ… ကျွန်တော်မပါပဲ တစ်ယောက်တည်း အိမ်ပြန်ရတဲ့ဒုက္ခကိုပိုးသိစေချင်လို့… သိတဲ့အတိုင်းပဲလေ… ပိုးက အစစအရာရာ ကျွန်တော့်ကိုမှီခိုနေရတဲ့လူ… ကျွန်တော့်ကိုသူအားကိုးတယ် တွယ်တာတယ်… ကျွန်တော်မပါပဲ သူမိန်းကလေး အိမ်သာကလွဲရင် ဘယ်မှသွားရဲလာရဲတာမဟုတ်ဘူး… အခု ဘတ်စ်ကားကျပ်တဲ့ကျောင်းဆင်းချိန်မှာ ဒင်းကိုမှတ်လောက်သားလောက်အောင် တစ်ယောက်တည်းပြန်ခိုင်းလိုက်တာ… ဒါပေမယ့် ကျွန်တော်ထင်တာ တက်တက်စင်အောင်လွဲသွားတယ်… ကျွန်တော်ပိုးဘတ်စ်ကားစီးမယ့် မှတ်တိုင်ကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကနေ ငတိမအခြေအနေကို ထိုင်စောင့်ကြည့်နေတာ… ကျောင်းဆင်းချိန်ဆိုတော့ မှတ်တိုင်မှာ လူတွေကလည်း အုံလို့ပေါ့…

ကျောင်းဆင်းတော့ ပိုးကို မှတ်တိုင်ဆီလျှောက်လာတာတွေ့တယ်… နောက်ပြီး ကျွန်တော့်ကိုများတွေ့မလား တောင်ကြည့်မြောက်ကြည့်နဲ့ သူရှာသေးတယ်… ကျွန်တော်သူမမြင်နိုင်တဲ့ ဆိုင်ထောင့်ဘက် အမှောင်ကျတဲ့နေရာနားမှာ ထိုင်နေတာမို့ ကျွန်တော့်ကိုသူမမြင်ဘူး… ခပ်ဝေးဝေးဆိုပေမယ့် ပိုး မျက်နှာသိသိသာသာကြီးငယ်နေတာကိုကျွန်တော်သိတယ်… ကျွန်တော်ရယ်ချင်သွားတယ်… မှတ်ထား.. ငါ့ကို အာခံချင်ဦး ပိုးဟေသီ… ဒါအကင်းပဲ ရှိသေးတယ်… ဒီအကြောင်းများ အမေကြည့်ကိုပြန်တိုင်လိုက်ရင် တစ်လစာလောက် မုန့်ဖိုးငတ်သွားမယ် ဘာမှတ်နေလဲ… ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ကျွန်တော်ပြုံးမိသေးတယ်… ရုတ်တရက်ဗျာ… မှတ်တိုင်နားမှာ ကားတစ်စီးအရှိန်လျှော့ပြီးဖြတ်မောင်းသွားတာ တွေ့တယ်… နောက်တော့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ပြီး တစ်ယောက်ယောက်ဆင်းပြီး မှတ်တိုင်ဘက်လျှောက်လာတာတွေ့တယ်… ကိုယ့်ဆရာတို့သိပြီးသားပါ ပြောစရာလိုမယ်မထင်ပါဘူး… နေ့လည်က ပိုးဘေးနားမှာတွေ့တဲ့ ငနဲပါပဲ… ကားက စူပါစလွန်းအဖြူလေးပါပဲ… ဝေးနေတော့ နံပါတ်မမြင်ရဘူး… ဒီကောင်ပိုးနားကိုလျှောက်လာတာတွေ့တယ်… ပိုးနဲ့သူနဲ့ဘာတွေပြောလဲဆိုတာလဲ မကြားရလဲ ကျွန်တော်သိပါတယ်… ခင်ဗျားတို့လည်းသိမှာပါ… ကျွန်တော်ကတော့ ပိုးသူ့ကားနဲ့လိုက်မသွားဘူးဆိုတာယုံတယ်… လောင်းရဲတယ်ဗျာ… တကယ်လည်း ပိုးလိုက်မသွားပါဘူး… အဲဒီ့ငနဲ မှတ်တိုင်မှာ ကားမလာမချင်းရပ်စောင့်နေတာဗျာ… လူတွေကလည်း ကွက်ကြည့် ကွက်ကြည့်နဲ့… ဟုတ်တယ်လေ သူသူကိုယ်ကိုယ် ကျောင်းသားသဘာဝ ဒါမျိုးတော့ စိတ်ဝင်စားတာပေါ့ဗျ… ဘာလဲဟ ကားနဲ့ခေါ်တယ် မလိုက်ဘူး… သွားလည်းမသွားဘူး ရပ်စောင့်နေတယ်… စိတ်ကောက်နေတာလား… ဘာတွေလဲ ဘာတွေလဲ ပေါ့… နောက် ခဏနေတော့ ပိုးစီးမယ့် ဘတ်စ်ကားလာတယ်… ကျွန်တော် ပြေးလိုက်သွားမလို့ လက်ဖက်ရည်ဖိုးရှင်းနေတုန်း ငနဲက ပိုးနဲ့တူတူ ဘတ်စ်ကားပေါ်တက်သွားတာ တွေ့လိုက်တယ်…. ကျွန်တော် လက်ဖက်ရည်ဆိုင်ထဲမှာလည်း ငြိမ်ငြိမ်ထိုင်လို့မရတော့ဘူး… စိတ်ပေါက်ပေါက်နဲ့ ပလက်ဖောင်းအတိုင်းလျှောက်သွားနေမိတော့တယ်…ခေါင်းထဲမှာလည်း အတွေးတွေကလည်း စုံလို့ ….

ကျွန်တော့်စိတ်ထဲမှာ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို အလုခံလိုက်ရသလိုပဲ ... ကျွန်တော့်အတွက် ``ပိုး´´ဆိုတာကလေ ဘိုင်နိမ်းနဲ့တပ်ပေးလိုက်တဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ဗျ... ပိုးဟာ ကျွန်တော့်အတွက် ကျွန်တော်ပိုင်တာ... ပိုး... ပိုး အခုချိန်ဆို လူတွေကျပ်တဲ့ ဘတ်စ်ကားပေါ်မှာ ဟိုငတိနဲ့... လူတွေကျပ်လို့များ ပိုးနဲ့သူ အသားချင်းကပ်နေမလား... ပိုးကိုသူက ကာပေးသလိုနဲ့ လက်မောင်းနှစ်ဖက်ကြား ရပ်စေမှာလား ကျွန်တော်တွေးရင်း ရင်တွေပူလာတယ် ကျွန်တော့် ခေါင်းတွေမီးတောက်လာတယ်... ဆောက်တည်ရာမရဖြစ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ... ကျွန်တော် အိမ်ပြန်ရောက်တော့ စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ပစ်လှဲလိုက်တယ်... ရေလည်း ချိုးချင်စိတ်မရှိဘူး... မေမေက ထမင်းစားဖို့လာခေါ်တဲ့အထိ အိပ်ရာထဲမှာလဲနေတဲ့ ကျွန်တော့်ကိုမြင်တော့ နေမကောင်းဘူးလို့တောင် ထင်နေသေးတယ်... ဘာမှမဖြစ်တဲ့အကြောင်းပြောပြီး ကျွန်တော် မေမေကျေနပ်အောင် ထမင်းဆင်းစားတယ် နောက်ပြီး အခန်းထဲပြန်ဝင်ပြီး အိပ်ယာပေါ်ပြန်လှဲနေလိုက်တယ်... ပိုး တို့အိမ်သွားရင်ကောင်းမလား စဉ်းစားပေမယ့် မသွားရဲသလိုလို ပိုးကို မကြည့်ရဲသလိုလို ဘယ်လိုကြီးမှန်းကိုမသိဘူး... တကယ်ဆို ကျွန်တော်ဘာမှလည်း အမှားမလုပ်ခဲ့ပဲနဲ့ကို ပိုးကိုမျက်နှာချင်းဆိုင်ဖို့ ၀န်လေးနေမိတယ်... အင်း သူ့ကို အိမ်ပြန်ပို့ဖို့ဝတ္တရားတော့ ပျက်ကွက်မိတာပေါ့လေ... အဲ့ဒါကြောင့်ပဲဖြစ်မှာပါ ... ကိုယ့်ကိုကိုယ်လိပ်ပြာမလုံသလိုဖြစ်နေတာ... ဒါပေမယ့် အမေကြည့်ကို ညနေလာခဲ့မယ်လို့ ပိုးနဲ့ စကားပါးလိုက်ပြီးသားလည်းဖြစ်နေပြန် ... ဒီနေ့သူ့သမီးကိုလည်း အိမ်ပြန်ပို့ဖို့ဝတ္တရားကလည်း ပျက်ထားတယ်ဆိုတော့ ကိုယ်တိုင်သွားရှင်းပြမှ ဖြစ်မှာမို့လို့ အိပ်ယာထဲကနေလူးလဲထပြီး မေမေ့ကို ပိုးတို့အိမ်ဘက်သွားဦးမယ်လို့ လှမ်းအော်ပြီးထွက်ခဲ့တယ်...

ပိုးတို့ သားအမိ ၃ ယောက်လုံး တီဗီလာတဲ့ ကိုးရီးယားကား ထိုင်ကြည့်နေကြတယ်... ကျွန်တော်လာတာတွေ့တော့ ပိုးမေမေက တစ်ချက်ပဲလှမ်းကြည့်ပြီး ပြုံးပြတယ် နောက်သူ့ကိုးရီးယားကားပဲ သူအာရုံပြန်ရောက်သွားတယ်... ညနေက သူ့သမီးကို ကျွန်တော်ပြန်မပို့ခဲ့တာတောင် သူမသိတဲ့ပုံ ... ဒါမှ မဟုတ် ဟိုငနဲလာပို့တာကိုပဲ ကျွန်တော်လို့ထင်သွားသလား မသိ... ဟုတ်တယ်ဗျ. .တစ်ခါတစ်လေ ကျွန်တော်က ခြံပေါက်ဝထိလိုက်ပို့တယ်လေ ပိုးက ခြံတံခါးမကြီးနေ လူတစ်ကိုယ်ဝင်စာ အပေါက်ကလေးကနေ သူ့အိမ်ထဲ သူဝင်သွားတာ.. အိမ်ထဲကနေဆိုရင် သစ်ပင်ရိပ်နဲ့ဆို လိုက်ပို့တာ ဘယ်သူဘယ်ဝါ သည်းသည်းကွဲကွဲမြင်ရတာ မဟုတ်ဘူး... ဒါပေမယ့် အရင်က ကျွန်တော်တစ်ယောက်တည်း လိုက်ပို့နေတာ ပြဿနာမရှိပေမယ့်... အခု...အို မဖြစ်နိုင်ပါဘူး ပိုးကလည်း ဒီကောင့်ကို အိမ်ထိခေါ်ရလောက်အောင် သတ္တိမကောင်းဘူး ဟိုကောင်ကလည်း အဲ့ဒီလောက်ထိ အတင့်မရဲနိုင်လောက်ပါဘူး....

``အောင်ကိုအတင်းခေါ်လို့ လိုက်သွားရတယ်ဆို... သား...´´

ရုတ်တရက်မေးလာတဲ့ အမေကြည့် အသံကြောင့် ကျွန်တော်လန့်သွားတယ်... ကြည့် ဒီကောင်မလေး ဒီလိုဆိုတော့လည်းကျွန်တော့် အပြစ်ပေါ့အောင် ဖာဖာထေးထေးပြောပေးတတ်သား.. မဆိုးဘူး...

``ဗျာ... ဟုတ် မေကြည်... သူ့ဘကြီးဆေးရုံတက်တာ လူနာသတင်းမေးလေ... ´´

``အေးပေါ့ လူမှုရေးကိုး... ပိုးပိုးတော့ ကားကျပ်လို့ ညည်းလိုက်တာ လွန်ရောပဲ... ခါတိုင်းတော့ မကျပ်တာကျနေရော... သားကို တစ်ချိန်လုံး အပြစ်တင်နေတာ လိုက်မပို့ရကောင်းလား ဆိုပြီး... ´´

``ဟုတ်... ဟဲ ဟဲ... ´´

ဘာလုပ်ရမှန်းလဲ မသိတာနဲ့ ကျွန်တော်လည်းသွားဖြဲပြနေလိုက်တယ် နောက်တော့ မေကြည်လည်း သူ့ကိုးရီးယားကားထဲ သူအာရုံပြန်ရောက်သွားတယ် သူတို့သားအမိတွေ ကြားထဲ ကျွန်တော်တစ်ယောက်တည်း ပျင်းခြောက်ခြောက်ကြီး... သူတို့ကသာ ကိုးရီးယားကားကိုသဲကြီး မဲကြီး စိတ်ဝင်စားနေတာ ကျွန်တော်မှ မကြိုက်ပဲ... ၀င်ပြီးစကားဖြတ်ပြောလဲ ကြိုက်မှာ မဟုတ်ဘူး... ကျွန်တော်ဗိုက်မဆာပေမယ့်..

``မိပိုး ဘာရှိလဲ... ဗိုက်ဆာတယ်... ´´

ပိုးက ကျွန်တော့်ကို တစ်ချက်မှ လှမ်းမကြည့်ပဲ...

``မီးဖိုးထဲသွားကြည့်... ´´

ကျွန်တော် နည်းနည်းတင်းသွားတယ် အနည်းဆုံးတော့ ဘာချက်တယ် ဘာရှိတယ် သူပြောသင့်တာပေါ့... ခုကြည့် လုပ်ပုံက ... ပိုးပိုး အချိုးတွေပြောင်းနေတယ်ပေါ့...ကျွန်တော်လည်း နောက်ဖေးကို ထွက်လာလိုက်တယ် ထမင်းစားပွဲပေါ်က အုပ်ဆောင်းကိုလှပ်ကြည့်တော့ ငါးပိရည်ကျိုနဲ့ တို့စရာ ပန်းကန်ပဲတွေ့တယ်.. တကယ်ဆို သူတို့အိမ်မှာ ဒီအချိန် အကုန်လုံးထမင်းစားပြီးလို့ ဟင်းတွေလည်း ကြောင်အိမ်ထဲ ထည့်သိမ်းထားတာ ကျွန်တော်သိတာပေါ့... တမင်တကာ ကြောင်အိမ်ကို ဖွင့်မကြည့်ပဲ ထမင်းစားပွဲမှာဝင်ထိုင်ပြီး ပိုးကိုလှမ်းအော်လိုက်တယ်

``ပိုး....... ပိုးးးးးး ဘယ်မှာတုန်းဟ ဘာမှလည်း မရှိပဲနဲ့... ´´

``အဲ့မှာလေဟာ နင်ကလည်း နည်းနည်းပါးပါး ရှာပါလား... ´´

``ရှာတာပဲ ဘယ်မှာလဲ ဘာမှလည်း မတွေ့ဘူး...´´

ပိုးမေမေ အသံကြားတယ်...

``ပိုးပိုး သွားလုပ်ပေးလိုက်ဦး... သွား ... အိမ်မှာ ဟင်းမကောင်းဘူးထင်တယ် ... ´´

ပိုး အလိုမကျတဲ့မျက်နှာနဲ့ နောက်ဖေးရောက်လာပြီး ကျွန်တော့်ကို မျက်စောင်းထိုးတယ်... နောက် ကြောင်အိမ်ကို သွားဖွင့်ပြီး လေသံတိုးတိုးနဲ့ ကျွန်တော့်ကိုပြောတယ်

`` ဒီမှာလေ မမြင်ဘူးလား နင့်မျက်လုံးကန်းနေလား... အလကားနေ သူများကိုပဲ ခိုင်းချင်နေတယ်... နင့်အခိုင်းအစေများမှတ်နေလား ငါ့ကို...´´

``ပိုးပိုး ငါဗိုက်မဆာဘူး ရှိတဲ့ အသီးတစ်ခုခု ခွဲပြီး ခြံထဲယူခဲ့ ငါစောင့်နေမယ်...´´
ပြောပြောဆိုဆို နဲ့ ကျွန်တော်ခြံထဲဆင်းခဲ့တယ်...

အမေကြည်နဲ့ မမိုးနဲ့က သတိတောင်ထားမိပုံမပေါ်ဘူးဗျာ သူတို့ ကိုးရီးယားရေယာဉ်ကြောမှာမြောနေတာ...
ကျွန်တော် ခြံထဲက ဒန်းပေါ်မှာ ထိုင်စောင့်နေတယ် ခဏနေတော့ ပိုးကို သစ်တော်သီး ပန်းကန်တစ်ချပ်ကိုင်လို့ ကျွန်တော့ဆီလျှေက်လာတာတွေ့တယ်...

``ရော့..´´ ပိုးက သစ်တော်သီးပန်းကန်ကို ကျွန်တော့်ဆီထိုးပေးရင် ကျွန်တော့်ဘေးမှာ ၀င်ထိုင်တယ်... ဒီကောင်မလေး ငယ်ငယ်က ဒန်းစီးရတာ သိပ်ကြိုက်တာပဲ... ပန်းခြံသွားတိုင်း ကျွန်တော်အမြဲတမ်း ဒန်းလွှဲပေးခဲ့ရတာ မှတ်မိသေးတယ်...

``ညနေက ပြန်ရတာ အဆင်ပြေရဲ့လား ပိုး..´´ကျွန်တော် ပိုးမျက်နှာကို စေ့စေ့ကြည့်ပြီးမေးလိုက်တယ်...

ချက်ချင်းခေါင်းငုံ့သွားတယ်... နောက်တော့ အသံတိုးတိုးနဲ့

``ပြေပါတယ်..´´

``တစ်ယောက်တည်းလား...´´ ကျွန်တော် ထပ်မေးလိုက်တယ်...

ပိုး မျက်နှာ သိသိသာသာကြီး ပျက်နေတယ်... ပိုး မလိမ်တတ်တာ ကျွန်တော်သိတယ်.. အထူးသဖြင့် ကျွန်တော့်ကိုပေါ့... မလိမ်ရဲတာ ဆိုရင်ပိုမှန်ပါလိမ့်မယ်... ပိုးမျက်နှာအရိပ်အကဲကိုကြည့်ရုံနဲ့ သူ့စိတ်ကိုကျွန်တော်ထွင်းဖောက်မြင်နိုင်တယ်ဆိုတာ... ပြောရင် ခင်ဗျားတို့ ယုံပါ့မလားမသိဘူး...
သူမကိုချောင်ပိတ်ပြီးမေးတဲ့ မေးခွန်းဆိုတာ ပိုးလည်းသိတယ်... ကျွန်တော်ဟာ အဖြေမှန်ကိုသိပြီးသားပါ... ဒါဟာ ပိုးရဲ့ရိုးသားမှုကို စစ်ဆေးတဲ့မေးခွန်းဆိုတာကို ပိုးကောင်းကောင်းကြီးသိပါတယ်...

``ဟို..ဟို.. သူက.... အတင်း...´´

သူ စကားတစ်ခွန်းဖြစ်ဖို့ အတော်ကြီး ကြိုးစားပန်းစားပြောယူနေရတယ်...
လရောင်အောက်မှာ ပိုးနဖူးပေါ်ကချွေးစက်ကလေးတွေ အရောင်လက်နေတာ ကျွန်တော်မြင်နေရတယ်...

``သူက ဘယ်သူလဲ...´´

ကျွန်တော့်လေသံ နည်းနည်းမာသွားတာ ကျွန်တော်သတိထားမိတယ်...

``ကိုလင်းထွဋ်... စက်မှု ဖိုင်နယ် က... ´´

``နင်နဲ့ ဘယ်လိုသိလဲ...´´

`` ၀ါဝါ မိတ်ဆက်ပေးတာ... သူ့အစ်ကို ၀မ်းကွဲ´´

``သိတာ ကြာပြီလား...´´

``တစ်ပါတ်လောက် ရှိပြီ...´´

ကြည့်စမ်း တစ်ပါတ်လောက်ရှိပြီတဲ့... ကျွန်တော် တော်တော်ညံ့ပါလား... ပိုးနားမှာ ကျွန်တော်တစ်ချိန်လုံးရှိနေပါလျက် ဒီကောင်နဲ့ပိုးသိတာ တစ်ပါတ်လောက်ရှိတာတောင် ကျွန်တော် ဘာမှ မသိရပါလား...

``ငါ့ကို ဘာလို့မပြောတာလဲ...´´

ကျွန်တော့်မေးခွန်းတွေက ပိုးကို ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံကိုမေးတဲ့မေးခွန်းတွေလို ဆက်တိုက် ဆက်တိုက် ...

``ဟို... ၀ါဝါက မပြောနဲ့တဲ့...´´

``တောက်.... ´´ ကျွန်တော် တော်တော်ဒေါသထွက်သွားတယ်... ဒါ သက်သက် လူပါးဝတာ... ၀ါဝါရော သူ့အစ်ကို ၀မ်းကွဲဆိုတဲ့ကောင်ရော ပိုးနဲ့ ကျွန်တော့ ပက်သတ်မှုကို သိသိကြီးနဲ့ လူမဆန်တာ... စည်းကျော်တာ... ပိုင်ရှင်မသိအောင် ခိုးစားချင်တာ... ကျွန်တော့် ဒေါသတွေ ပွက်ပွက်ဆူလာတယ်...

``မိပိုး ငါ့ကိုသေချာကြည့်စမ်း ငါဘယ်သူလဲ... ´´ ကျွန်တော် သတိလက်လွတ် သူ့ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး ကျွန်တော့်ဘက်ကို သူ့ကို အတင်းဆွဲလှည့်လိုက်တယ်...

``မင်း..ညို..စင်... ´´

ပိုး မျက်နှာက အခုပဲ ငိုချတော့မလို

``သြော်... အေး.. နင်သိသေးသားပဲ.. မင်းညိုစင်ဆိုတာ ဘယ်သူလဲဆိုတာလည်း နင်သိတယ်နော်...ဒီမယ် ပိုးပိုး မနက်ဖြန်မနက်ပိုင်း အတန်းတစ်ချိန် နင်ဖျက်ရလိမ့်မယ်...ငါလာကြိုမယ် စောင့်နေ...´´

ကျွန်တော်ပြောပြီး ထွက်ခဲ့တယ် ...အိမ်ရောက်တော့ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို သွေးအေးအေးနဲ့စဉ်းစားနေမိတယ်... ဒီအတိုင်းဆို အဲ့ဒီ လင်းထွဋ်ဆိုတဲ့ကောင်က ပိုးကို ကွေ့ပတ်သွယ်ဝိုက်ပြီးဝင်ရောနေတာမဟုတ်ဘူးဆိုတာသေချာတယ် ... သူက ပိုးကို သဘောကျလို့ တည့်(ဒဲ့)ကိုဝင်လာတာ... ပြောရရင် တိုင်းသိပြည်သိ ကြေညာပြီးကျွန်တော့်ကို စိန်ခေါ်တာ...
ကျွန်တော် အိပ်ယာပေါ် မှောက်လိုက်လှန်လိုက်နဲ့ အမျိုးမျိုးစဉ်းစားကြည့်တယ်... ဒီကောင် ပိုးကို ဘယ်လိုလက်လျှော့သွားအောင် လုပ်ရမယ်ဆိုတာ... ရုတ်တရက် ကျွန်တော် တစ်ခုခုကို သတိရသွားတယ်... အမှန်က ကျွန်တော် ပေါ့ပေါ့ဆဆ မေ့လျော့နေခဲ့မိတဲ့အချက်ပါ... ဟုတ်တာပေါ့ ဒါကြောင့်ပဲနေမှာ... ၀ါဝါဆိုတာ ပိုးနဲ့ အရင်းနှီးဆုံး မိန်းကလေးသူငယ်ချင်းပဲ... ကျွန်တော်မသိသင့်တဲ့ မိန်းကလေးကိစ္စတွေကို သိနေတဲ့လူပေါ့... သူတို့က အတန်းချင်းလည်း တူတယ်လေ... ကျွန်တော်နဲ့ ပိုးအကြောင်းကိုလည်းသူအကုန်သိနေမှာပဲဗျ... ကျွန်တော်မေ့နေတာတစ်ခုက ပိုးဟာ ကျွန်တော်ပိုင်တဲ့ မိန်းကလေးဆိုတာကို လူတိုင်းသိတာမှန်ပေမယ့် ကျွန်တော် ပိုးကိုတရားဝင်ဖြစ်အောင် ရည်းစားစကားလည်းမပြောခဲ့ဘူးသလို မိဘတွေသဘောတူတယ်ဆိုတာကလည်း သတင်းစားထဲထည့်ဖို့မပြောနဲ့ ရပ်သိရွာသိအသိပေးထားတာလည်းမဟုတ်ဘူး ... အမှန်တော့ ဘယ်သူမှလည်း အဲ့ဒီလိုလုပ်ဖို့စိတ်ကူးမရှိကြဘူး လုပ်ရကောင်းမှန်းလဲမသိဘူး... အော်တိုသိပြီးသားပဲလေ ဒီကလေးနှစ်ယောက် ကြီးလားရင်(ကျောင်းပြီးရင်)ပေးစားမယ်ဆိုတာ... ဒါပေမယ့် အခု အဲ့ဒီလိုမဟုတ်တော့ဘူး... ကျွန်တော်တို့ နှစ်ယောက် ကိစ္စကို တရားဝင်ဖြစ်အောင်လုပ်ရတော့မှာ... လူကြီးတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ပြောဖို့ဆိုတာက ကျွန်တော့်ဘက်ကသေချာဖို့ အဓိကကျတယ်.... ကျွန်တော့်ဘက်က သေချာဖို့ဆိုတာမှာ... ကျွန်တော်တို့နှစ်ယောက် သမီးရည်းစားဖြစ်သွားဖို့က အရေးအကြီးဆုံးအချက်ပဲ... အခုမှ ကိုယ့်ကိုယ်ကိုယ် တော်တော်တုံးမှန်းသိတော့တယ်.. ဘယ့်နှယ့်ဗျာ တစ်သက်လုံး ကိုယ့်လက်တွဲဖော်ဖြစ်လာမယ့် မိန်းမတစ်ယောက်နဲ့ တူတူရှိနေပါလျက်ကယ်နဲ့ ရည်းစားစကားပြောဖို့မေ့နေတယ်ဆိုတော့... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တော်တော်အသုံးမကျမှန်း ခုမှသိလိုက်ရတယ်...

မနက်ကျရင် ပိုးကိုဘယ်လိုပုံစံနဲ့တွေ့ရမှာပါလိမ့်... ရုတ်တရက် ပိုးမျက်နှာကို ကျွန်တော်ပုံဖော်လို့မရဘူးဗျ... သိလား.. ပိုး မျက်လုံးတွေက ဘာအရောင်ပါလိမ့်... ဒုက္ခပဲ တကယ်ကို မမှတ်မိဘူး... နောက်ပိုးမျက်ခုံးက လေးကိုင်းလို ကွေးကွေးလေးလား ဇင်ယော်တောင်လိုလား ဒါမှမဟုတ် ခပ်ပါးပါးလား ကျွန်တော်မသိဘူး... နောက် နှာတံ ပြားပြားကြီး ပွပွကြီး အဲ့လိုပုံဆိုးပန်းဆိုး မဟုတ်ဘူးဆိုတာကလွဲလို့ ဘယ်လိုပုံဆိုတာ ကျွန်တော် ပြန်စဉ်းစားလို့မရဘူးဗျ... ကျွန်တော် အလန့်တကြား ကုတင်ဘေးစားပွဲပေါ်က ဓါတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်မိတယ်... အခုမှ သတိရတာ ကျွန်တော့်မှာပိုးတက္ကသိုလ်စတက်ကတည်းက ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံမှ မရှိဘူးဆိုတာပဲ... ကျွန်တော့ အယ်လ်ဘမ်ထဲက ပိုးဓါတ်ပုံက လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ကျွန်တော်တို့ ဆယ်တန်းကျောင်းသားဘ၀ ကျောင်းပျော်ပွဲရွှင်ပွဲမှာ အမှတ်တရရိုက်ထားတဲ့ သူနဲ့ကျွန်တော် နှစ်ယောက်တွဲပုံလေးပါ... ဓါတ်ပုံထဲက ပိုးက အခု အပြင်က ပိုးနဲ့စာရင် အများကြီးငယ်သေးတာပဲ.. တကယ့်ကို ကလေးလေး... ပိုးမျက်လုံးတွေက သိပ်ကိုဖြူစင်တယ်... သူပြုံးပြနေတဲ့ပုံလေးကလည်း အရမ်းကို အေးချမ်းတယ်... ကျွန်တော်က ပိုးတစ်ဘ၀လုံး အဲ့ဒီလို အေးအေးချမ်းချမ်းလေး ဖြတ်သန်းသွားနိုင်အောင် အတားအဆီးမှန်သမျှကို ဖယ်ရှာပေးမယ့် သူရဲကောင်းပေါ့... ပိုးရယ် နင့်အတွက်ငါ အမြဲတမ်း သူရဲကောင်းဖြစ်ချင်နေတဲ့သူပါ... ပိုးဘ၀မှာ ကျွန်တော်က မရှိမဖြစ်ဖြစ်နေစေရမယ်... သူ့အတွက်အရာရာကို ဖြည့်ဆည်းပေးချင်နေတော့တာပဲ.... ပိုးကို တစ်သက်လုံးက ကိုယ်ပိုင်တဲ့အရုပ်ကလေးလို ထင်နေရာကနေ တခြားလူတစ်ယောက် လုတော့မှာပါလားဆိုတဲ့ အသိက ကျွန်တော့် အသိတရားတွေကို ပျက်ပြားစေတယ်... ကျွန်တော် ပိုးကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး... ပိုးဟာ ကျွန်တော့်အတွက်ပဲ... ဒါကျွန်တော့်သစ္စာတရားပဲ... အဲ့ဒါ အချစ်လားလို့ မေးရင် ကျွန်တော်မသိဘူးလို့ပဲ အရှင်းဆုံး ၀န်ခံပါရစေ... ဘာပဲဖြစ်ဖြစ် မနက်ဖြန် ပိုးကို ကျွန်တော်ရည်းစားစကားပြောမှာပါ... စကားလုံးတွေနဲ့ ဖော်ပြရတာကို မနှစ်လိုတဲ့ကျွန်တော်ဟာ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ တရားဝင်ပြဌာန်းမထားတဲ့စည်းမျဉ်းစမ်းကမ်းအရ ... အရည်အသွေးအောင်လက်မှတ်မရသေးတဲ့ ချစ်သ၀ဏ်လွှာတစ်စောင် မနက်ဖြန်ဆက်မှာတော့ သေချာတယ်...

ကျောင်းသွားဖို့ ပိုးကို ကျွန်တော်သွားခေါ်တော့ သူခြံရှေ့ထွက်စောင့်နေတာတွေ့တယ်... ထုံးစံအတိုင်း ဘတ်စ်ကားကျပ်ကျပ်ကို တိုးဝှေ့စီးပြီး ကျောင်းကိုရောက်တော့ ... မနက်စာ ကင်န်တင်းမှာ အတူတူစားကြတယ်... ကျွန်တော်က နန်းကြီးသုပ်နဲ့ကျဆိမ့်...အဲ့ကောင်မလေး အခုထိကို မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ အိုးဘဲဥနဲ့စားတုန်း သူမို့ နေ့တိုင်းအဲ့ဒါကို မမုန်းပဲစားနိုင်တယ်... နောက်ပြီး သူကရေနွေးကြမ်း ခရေဇီ...ရေနွေးဆိုရင်လည်း သူက ရှိသမျှ ရေနွေးခွက်ကို အကုန်ကျင်း... ပြီးရင် အကုန်လုံးကို ညီနေအောင် တန်းစီသေးတာ ပြီးမှ ရေနွေးတွေတစ်ခွက်ပြီး တစ်ခွက်လိုက်ဖြည့် အဲ့ဒါပြီးမှ မုန့်ဟင်းခါးကို စားတာ ... သူလည်းမုန့်ဟင်းခါ စားအပြီး ရေနွေးတွေက သိပ်မပူတော့ဘူး ခပ်နွေးနွေးဆိုတော့ အဆင်သင့်သောက်ရုံပဲတဲ့... အဲ့ဒါ သူလုပ်နေကျ.... မုန့်ဟင်းခါးစားပုံကိုလည်း ပြောရဦးမယ်...လာချချချင်း မုန့်ဟင်းရည်က ပူတော့ သူကချက်ချင်းမစားနိုင်သေးဘူး .... အဲ့တော့ ပန်းကန်ထဲပါတဲ့ အိုးဘဲဥပေါ်ကို ဟင်းရည်တွေ ဇွန်းနဲ့ခပ်ခပ်ပြီးလောင်းချနေတာ ခင်ဗျားတို့ မျက်စိထဲ မြင်အောင်ပြောရရင် ကန်တော့ဗျာ ခွက်သေးသေးလေးနဲ့ ဘုရားရေသပ္ပါယ်နေသလိုပဲဗျာ အခေါက်ပေါင်းမနည်းဘူး အဲ့ဒါ ဟင်းရည် မအေးမချင်းလုပ်နေတာ... ကျွန်တော်က အစားမြန်သလောက် သူက အစားစားရင် ကြာတတ်တယ်... တစ်လုပ်လေက် ပါးစပ်ထဲထည့်ပြီး မကြေမချင်းဝါးနေတာ... မကြေပဲလည်း သူမျိုမချတတ်ဘူးဗျ... အဲ့လိုဆို နင်ပြီး ဂျို့ထိုးရော.. တစ်ခါတစ်လေသူစာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေခိုက်များဆို ကလေးတွေလိုပဲ ထမင်းတစ်လုပ်ပါးစပ်ထဲ ထည့်ထားပြီးရင် ၀ါးဖို့မေ့နေတတ်တယ် အဲ့အတိုင်းကြီးငုံပြီးစာဖတ်နေတာ ကျွန်တော်က သတိပေးမှ... ၀ူးဝူးဝါးဝါးနဲ့ အတင်းဝါးပြီးမြိုချ... အဲ့လိုကောင်မလေးဗျ... ပိုးရယ်... လောကကြီးမှာ နင့်အကြောင်း နင့်အကျင့်တွေ ငါ့လောက်များ ဘယ်သူက သိနိုင်မှာတဲ့လဲ... ကျွန်တော် ကျေနပ်သလိုပြုံးလိုက်မိတယ် ထင်တယ် ... ပိုးက

``ဘာရယ်တာလဲ..´´တဲ့

``မရယ်ပါဘူး...´´

``ရယ်ပါတယ်... အခုပဲလေ... မလိမ်နဲ့...´´

``သြော် နင်အခုထိ ကလေးကလားလုပ်နေတာကို သဘောကျလို့...´´

``ဟမ်... ဒါကလေးကလားလား ကိုယ့်ဘာသာ ရေနွေးသောက်တာကို´´

``ထားပါတော့...´´

``အတန်းတောင် ဖျက်ပြီး နင်ဘာပြောမလို့လဲ...´´

``သောက်မှာသာ သောက်ပါ နင့်ရေနွေး ပြီးရင် သွားမယ်...´´

``ဘယ်ကိုလဲ...´´

``သြော် စပ်စုရန်ကော မိပိုးရယ် ခေါ်တဲ့နေရာသာ လိုက်ခဲ့... တိတ်တိတ်နေ... ´´

ကျွန်တော် သူ့ကို ကန်ပေါင်ဘက်ခေါ်လာတယ် ... ဘာရယ် မဟုတ်ဘူး ဒီလိုပဲ ကန်ပေါင်တစ်လျှောက် လေကတည်း တဖြူးဖြူးနဲ့ဆိုတော့ လမ်းလျှောက်ကောင်းကောင်းနဲ့လျှောက်လာလိုက်တာ လူရှင်းတဲ့နေရာနားရောက်မှ အရိပ်ကောင်းကောင်းသစ်ပင်အောက်မှာ ကျွန်တော်တို့ရပ်လိုက်ကြတယ်... အမှန်က ကျွန်တော်ရပ်လိုက်တာပါ ကျွန်တော်ရပ်လိုက်တော့ သူလည်း ဆက်သွားလို့ ဘယ်ရမလဲ... ``ခဏထိုင်ရအောင်´´ လို့ ကျွန်တော်က ပြောတော့ ``အေး..´´ တဲ့..

ကျွန်တော်က သစ်ပင် အမြစ်ဆုံကြီးတွေမှာ ထိုင်ချလိုက်တယ်... ပိုးကတော့ သူ့လွယ်အိတ်လေး ကျွန်တော့ဘေးချပြီး ကန်ရေစပ်နားထိ လျှောက်သွားပြီးမှ ဖိနပ်ကိုသေသေချာချာချွတ် သူ့ခြေထောက်တွေ ရေနဲ့ထိနိုင်လောက်တဲ့နေရာရောက်တော့မှ ထိုင်ချပြီး ခြေထောက်တွေ ရေထဲတွဲလောင်းချပြီး ဆော့နေလေရဲ့... ပိုးက ရေကြိုက်တယ်... ဒါပေမယ့် ငယ်ငယ်ကတည်းက ခဏခဏဖျားတတ်လို့ သူ့ကို ရေပေးမဆော့ဘူး... အထူးသဖြင့် ကျွန်တော်ပေါ့... ကျွန်တော်လည်း ရေကြိုက်ပါတယ် ... ရေကူးလည်း တတ်ချင်တယ်... ဒါပေမယ့် ကျွန်တော်ရေကူးရင် ပိုးလည်းကူးချင်ရှာမှာပဲလို့ တွေးမိလို့ ကျွန်တော်ရေကူးမယ့် အစီအစဉ်ကိုလက်လျှော့ခဲ့တယ်...

ဒီနေ့ပိုးက အ၀ါနုရောင် မိန်းမ၀တ်ရှပ်အကျီလက်စကနဲ့ လုံချည်က အညိုခံမှာ အ၀ါရောင် အပွင့်လေးတွေပါတဲ့ အဆင် ... ကျောလည်လောက်ရှိတဲ့ သူ့ဆံပင်ပျော့ပျော့တွေကို လိပ်ပြာပုံတစ်ဝက်ညှပ်ကလစ်လေးနဲ့ နောက်ဘက်မှာ ညှပ်ထားတယ် ... ခါတိုင်းပြင်ဆင်နေကျ အသွင်ပေမယ့် ရည်းစားစကားပြောမယ်လို့ အကြံအစည်နဲ့လာတဲ့ ကျွန်တော့အတွက်တော့ အရာရာ အားလုံး အသစ်ဖြစ်နေတယ် ... ပိုးက အသားဖြူဖြူ နောက် အရပ်က ငါးပေ နှစ်လက်မ တိတိ ... သူ့ကိုယ်လုံးလေးက ရှေ့ကကြည့်ကြည့် နောက်ကကြည့်ကြည့် ဘေးက ကြည့်ကြည့် ကြိုက်တဲ့ အန်ဂယ်ကကြည့် ဆလင်ဒါပုံလေး တကယ်ပြောတာ... သူများတွေပြောတော့ ငါးရံ့ကိုယ်လုံးတို့ဘာတို့ ကျွန်တော်တော့ ဆလင်ဒါပုံပဲမြင်တယ်...

``ပိုးပိုး...´´

ကျွန်တော့်ခေါ်သံကြောင့် သူမ ဆတ်ခနဲ့ လှည့်ကြည့်ပြီး ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်...

``ဘာမှ မဟုတ်ဘူး... နေမပူဘူးလားလို့...´´

``ဟေ့အေး... မပူပါဘူး...´´ ဆိုပြီး ပြန်လှည့်သွားတယ်..

ဟုတ်ပါတယ် နေမပူပါဘူး သိသားပဲ သစ်ပင်ရိပ်အောက်မှာ ထိုင်နေတာ ဘယ်လိုလုပ် ပူမှာလဲ... ကျွန်တော်က ကိုယ့်အကြံအစည်နဲ့ကိုယ်ခေါ်တာ တွေ့လား အဲ့ဒီ ငတိမလေးက ဘာမှသိတာမဟုတ်ဘူး... အခုကျွန်တော် သိလိုက်ပြီလေ...
ပိုး မျက်လုံးတွေက ကျွန်တော့်လိုအနက်လည်း မဟုတ်ဘူး အညိုရင့်ရောင်.. နောက် ပိုးမျက်တောင်တွေက သိပ်တော့မရှည်ဘူး ဒါပေမယ့် ထူထူထဲထဲနဲ့ ကော့နေတဲ့ အမျိုးအစား... သူ့မျက်ခုံးတွေက ဇင်ယော်တောင်ပုံဗျ... ခုမှ သိတယ်... ပုံမသွင်းထားပဲ သဘာဝအတိုင်း ဇင်ယော်တောင်ပုံပေါ့ဗျာ ကျွန်တော်ထင်တယ် မိတ်ကပ်ပြင်ဆရာတွေဆိုရင်တော့ ပိုးမျက်တောင်အဖျားဘက်ကို နည်းနည်းသွယ်သွားအောင် ဓါးနဲ့ တိပစ်မလားပဲ...... ကျွန်တော်သာအနားမှာဆို မလုပ်ဖို့တားမှာပဲ... အယ် စကားကလွဲပြန်ပြီ... နှာတံတော့ သွယ်သွယ်လေးမဟုတ်ဘူး အဖျားဘက်မှာ လုံးလုံးလေးနဲ့ အရင်းတော့မဆိုစလောက်လေး ပြားတယ်လို့ပြောရမယ်... နောက် နေပူပူ မပူပူ ပိုး နှာသီးဖျားလေးက အမြဲတမ်းချွေးထွက်တတ်တယ်ဗျ... အဲ့ဒါတော့ ငယ်ငယ်တည်းက ကျွန်တော်သတိထားမိတယ်... ငယ်ငယ်ကဆို နွားသေလို့ဝင်စားတာ ဆိုပြီး ကျွန်တော် အမြဲစခဲ့တာပေါ့... သူမ နှုတ်ခမ်းတွေက ပန်းနုရောင်သန်းပြီးတော့ ထူထူထဲထဲရှိတယ်... အမြဲတမ်းတင်းတင်းစေ့ထားတတ်ပေမယ့် သူပြုံးလိုက်ရင် အရမ်းအသက်ပါတာပဲ တကယ်ပြောတာ ... ကျွန်တော့် သူငယ်ချင်းတွေဟိုကောင်တွေဆို ပိုး ပြုံးလိုက်ရင် အရမ်းလှတာပဲတဲ့... လူက အလိုလို ရိုကျိုးမိလျက်သားဖြစ်သွားတယ်ဆိုပဲ ကျွန်တော်တောင် ဒေါခွီးသေးတယ် အဲ့ကောင်တွေကို ... ကျွန်တော်တော့ မသိဘူး.. ဟုတ်တယ်လေ... ပြုံးပြတယ်ဆိုတာ မျက်မှန်းတန်းမိတဲ့လူလောက် အိမ်နီးနားချင်းလောက်သာ ပြုံးပြလို့ကောင်းတာ ... ကိုယ့်အိမ်သားအချင်းချင်း ဘယ်သူက အဲ့လိုကြီး နှုတ်ဆက်ပြုံးပြုံးလို့တုန်း... ကျွန်တော်ကလည်း အိမ်သားလိုပဲဆိုတာ ကိုယ့်ဆရာတို့လည်း အသိသားနဲ့.. အဲ့တော့ အမှန်အတိုင်း ၀န်ခံရရင် ပိုးပြုံးရင် လှတယ်ဆိုတာကျွန်တော် မသိဘူးဗျ... နောက် သူ့အကြောင်း ကျွန်တော်သိတာ တစ်ခုရှိသေးတယ် ပိုးက နှုတ်ခမ်းနီမဆိုးတတ်ဘူး... ဘာလို့လဲလို့ ကျွန်တော်မေးဖူးတယ်... ``အိုက်လို့´´တဲ့ ... ပိုးက လက်ချောင်းခြေချောင်းလေးတွေ သိပ်လှတယ်... ရှည်ရှည်သွယ်သွယ်လေးတွေ... သူ့လက်ချောင်းထိပ်ကလေးတွေဆိုဖောင်းပြီးရဲနေတာပဲ... ကျွန်တော်ငယ်ငယ်က အဲ့ဒီလက်ထိပ်တွေကို ညှစ်ပြီး အပ်နဲ့ဖောက်ချင်တာ အရမ်းပဲ... အင်း အဲ့လိုဆိုတော့လည်း ပိုးက လှတယ်လို့ပြောလို့ရတာပေါ့နော့... ပိုးကို တစ်ခါမှ လှဧ။် မလှဧ။် မဝေဖန်ခဲ့ဖူးဘူး အမှန်ပြောရရင် သတိလည်း မရဘူး.. ဘာလို့ဆို သတိရခဲ့သည့်တိုင် ရွေးစရာမှမရှိခဲ့ပဲ ... ပိုး လှသည်ဖြစ်စေ မလှသည်ဖြစ်စေ တစ်နေ့ကျွန်တော် သူ့ကိုလက်ထပ်ရမှာပဲ... ဒါ ကျွန်တော့်ဘ၀မှာ ပြဌာန်းထားပြီးသားသမိုင်းပေးတာဝန်လိုကိုသိနေတာ... အခု ကျွန်တော်အဲ့ဒီသမိုင်းပေးတာဝန်ကို ထမ်းဆောင်ဖို့ ပထမခြေလှမ်းကို စလှမ်းလိုက်ပြီ...

``ပိုး လာဦးဟ ခဏ... ´´

``ဘာလဲ... ပြော... ဒီကနေ ကြားရတယ်...´´

``ကြားရတာသိတာပေါ့... ဒါပေမယ့် လာဦးခဏ...´´

``ဘာလဲဟာ နင်ကလည်း ရစ်နေပြန်ပြီ... ကြားရပါဆိုမှ ပြောမှာသာပြော...´´

``ပိုး ငါခေါ်နေတယ်.. လာဆိုလာ အခု...´´

တကယ်ဆို နင်လာပါလား လို့ ပိုးပြန်ပြောလို့ရပါတယ်... ဒါပေမယ့် ကျွန်တော် မှတ်မိသလောက် ပိုးတစ်ခါမှ ကျွန်တော့်ကို အဲ့လိုပြန်မပြောခဲ့ဘူးဆိုတာပဲ... အဲ့ဒါတစ်ခု ကျွန်တော်ကျေနပ်သွားတယ်.. နောက်ထပ်ကျေနပ်စရာတစ်ခုက ပိုးက ရေဆော့နေတာကို အဟန့်ခံလိုက်ရတော့ ကလေးလိုပဲ ဆူအောင့်ပြီး သူ့ဖိနပ်နှစ်ဖက် လက်ကကိုင်လို့ ကျွန်တော့ဆီလျှောက်လာတယ်... သြော် နောက်တစ်ခု သတိရလို့ပြောရဦးမယ်... ပိုးက ဒေါင်မြင့်ဖိနပ် မစီးဘူး.... သူက သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်အပါးလေးတွေပဲ အမြဲရွေးစီးတတ်တယ်... အခု သူကိုင်လာတဲ့ ဖိနပ်ကလည်း ကျွန်တော်ကိုယ်တိုင်လိုက်ရွေးပေးထားတဲ့ ရွှေအိုရောင်ကြိုးလေးတွေ ရက်ထားတဲ့ ကြိုးသိုင်းဖိနပ်အပါးလေး... အဲ့ဒီဖိနပ်ကလေး ရွေးတုန်းကလည်း သူကတခြားတစ်ရံကြိုက်ပေမယ့် ကျွန်တော့်ဗီတိုအာဏာအရ သူအဲ့ဒီဖိနပ်ပဲ ၀ယ်ခဲ့ရတာ...

``ဘာလဲ ပြော ပြော...´´

ကျွန်တော့နားရောက်တော့ မတ်တပ်ရပ်လျက်ပဲ သူဆောင့်ဆောင့်အောင့်အောင့် မေးတယ်...
ကျွန်တော်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်... ပိုးက တစ်ခါတစ်လေ သိပ်ကလေးဆန်တာပဲ... လက်က ကိုင်ထားတဲ့ ဖိနပ်ကိုလည်း ပြန်မစီးသေးဘူး... နောက် သူ့အိတ်ကို တစ်ချက်မျက်လုံးဝေ့ကြည့်တယ် ... ပြီးတော့ ကျွန်တော့ဘေး သစ်ပင်အမြစ်ဆုံကြီးပေါ်မှာပဲ... ဖိနပ်ပြန်စီးဖို့ သူထိုင်လိုက်တယ်... ဖိနပ်က ကြိုးသိုင်းဖိနပ်ဆိုတော့ ကွင်းပြန်တပ်နေတာနဲ့ ဘာနဲ့မို့လို့ ထိုင်စီးမှအဆင်ပြေတယ်.. သူက အဲ့ဒါကြောင့် ရိုးရိုးကွင်းထိုးဖိနပ်အပါးပဲဝယ်ဖို့ပြောခဲ့တာကိုး... ကျွန်တော်ကတော့ မသိဘူးလေ... ကိုယ်စီးရတာမှမဟုတ်တာ အဲ့လောက်အလုပ်ရှုပ်မယ်မှန်းမထင်မိလို့ပေါ့.. နောက်ပြီးဖိနပ်ဆိုတာ အိမ်ကနေ အထွက်တစ်ခါ အ၀င်တစ်ခါ နှစ်ခါပဲ အလုပ်ရှုပ်မှာလို့ပြောပြီး ဇွတ်ဝယ်ခိုင်းလိုက်တာ... ဒါပေမယ့်... ပိုးက အဲ့လို ဖိနပ် ချွတ်ရ စီးရခက်ခဲသည့်တိုင် ကျွန်တော့်ကြောင့်လို တစ်ခါမှ အပြစ်တင်စကားမဆိုဘူး... ပြီးခဲ့တာတွေကို မမှတ်မိသလိုပဲ...
တကယ်တမ်း ပိုးကိုရည်းစားစကားပြောရတော့မယ်ဆိုတာလည်းသိရော ကျွန်တော်ဗျာ တောက်လျှောက်ကြီး ငြိမ်ချက်သားကောင်းလာတဲ့ ရင်ဘတ်တစ်ခုလုံး ဘယ်လိုဖြစ်မှန်းကိုမသိဘူး ထိန်းမနိုင် သိန်းမရ ဗြောင်းကိုဆန်နေရောပဲ... ပိုး ကျွန်တော့်ဘေးမှာထိုင်ပြီး ဖိနပ်စီးနေတာ ကျွန်တော့်အတွက် အများကြီးကံကောင်းသွားတယ် ကျွန်တော် ပိုးကိုကျောပေးပြီး မတ်တပ်ရပ်လိုက်တယ်...သူ ဖိနပ်စီးရခက်တာကိုပဲ ကျွန်တော့်မှ ကျေးဇူးတင်မဆုံးဖြစ်နေရတယ်...

``ပိုး... ငါ ဘယ်သူလည်းဆိုတာလည်း နင်မမေ့ပါနဲ့... နင့်ကိုယ်နင်လည်း မမေ့နဲ့... နင်ဟာ တစ်နေ့နေ့မှာ ငါ့အပိုင်ဖြစ်လာရမယ့်လူဆိုတာ အမြဲတမ်းခေါင်းထဲထည့်ထား... ငါ ဒါပဲ ပြောမယ်... ´´

ပြောပြောဆိုဆို ကျွန်တော်ထွက်လာခဲ့တယ်... ကျွန်တော့်ရင်တွေခုန်လိုက်တာများဗျာ... တစ်ကိုယ်လုံးချွေးတွေလည်းရွှဲလို့... လမ်းလျှောက်တာလည်း လိုချင်သလောက် အမြန်နှုန်းကိုမရောက်ဘူးဖြစ်နေတယ်... ပိုး ကျွန်တော့ကျောပြင်ကို လှမ်းကြည့်နေမှာမှန်းသိလေ ကျွန်တော့ အဲ့ဒီနေရာကနေ ဖြတ်ကနဲ ပျောက်သွားချင်စိတ်က ကြီးလေပဲ... တကယ်တမ်း ကျွန်တော်ပြောချင်တာတွေ တစ်လုံးမှထွက်မလာဘူး... စိတ်ကူးထားတာက က ပိုးကိုခေါ် မျက်နှာချင်းဆိုင်ထိုင် ပိုးမျက်နှာလေး သေသေချာချာကြည့်ပြီး ``ပိုးရယ် နင့်ကို ငါအရမ်းချစ်ပါတယ်... ငါ့ဘ၀ထဲက နင်ထွက်သွားမှာကို ငါသေမလောက်ကြောက်တယ် .. ငါ့ကိုတစ်ယောက်တည်း ထားပြီး နင်ဘယ်မှထွက်မသွားပါနဲ့နော်လို့´´ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရည်းစားစကားလေးတော့ အဆင်ပြေပြေပြောဖြစ်ချင်တာ... အခုတော့ဗျာ.... ဟူးးးးးးးးး ပိုးရယ် မထင်မိဘူး.. နင့်ကြောင့် ငါ ရူးရလိမ့်မယ်လို့... တကယ်ချစ်တဲ့အခါ ချစ်တယ်ဆိုတဲ့စကားဟာပြောရခက်တယ်ဆိုတာ သိပ်မှန်တာပဲ...

ပိုးတော့ ဖိနပ်စီးရင်း တန်းလန်း ဘယ်လိုကျန်ခဲ့တယ်မသိဘူး... ကျွန်တော်တော့ သတိထားမိတော့ ပြည်လမ်းပေါ်က ပလက်ဖေါင်းပေါ်မှာ နေပူကျဲတဲကြီးအောက် လမ်းလျှောက်နေတာပဲ... ကျွန်တော် ရေဆာတယ်ဆိုတာ သတိရလာတယ်... ဒါနဲ့ရေသန့်ဗူးဝယ်ဖို့ အနားမှာရှိတယ် မီနီမားကတ်တစ်ခုကိုကို ၀င်မိတော့ အ၀မှာပဲ ဆယ်တန်းတုန်းက ကျွန်တော်တို့ ပိုးတို့ရဲ့ ကျူရှင်ဝိုင်းပိုင်ရှင် အင်္ဂလိပ်စာဆရာကြီး ဆရာရောဘတ်အောင်နိုင်နဲ့တွေ့တယ်...

``ဟာ... ဆရာ... နေကောင်းလား... ဆရာ...´´

``ဟေ အေး... မင်းညိုစင်ပါလားကွ ... အေးကွာ ဆရာတော့နေကောင်းပါရဲ့... ဒါနဲ့ မင်း ဘယ်နှစ်ရောက်ပြီတုန်း ဘာမေဂျာတုန်းကွ...´´

``Geology 3rd year ပါဆရာ…´´

``ဟေ ဟုတ်လား အေးပေါ့ကွာ အချိန်တွေတောင်ကြာလှပေါ့ မင်းညီမတောင် 1st year တက်နေပြီဆိုတော့…´´ ဆိုမှ ဆရာ့ဘေးနားကကောင်မလေးကို သတိထားမိတယ်…

``ကြည်ပြာလား ဆရာ…´´

``ယက်စ်… ´´ ကောင်မလေးက ခပ်သွက်သွက်ဝင်ဖြေပါတယ်…

``ကျွန်တော်တို့ ဆယ်တုန်းတုန်းက ဒီကောင်မလေး ဂါဝန်လေးနဲ့ ပြေးဆော့တုန်းနော် ဆရာ…´´

``အေးပေါ့ကွာ မင်းတို့တောင် ကျောင်းပြီးတော့မှာပဲကို သူလည်းဒီအရွယ်ရှိပြီပေါ့ကွ… မင်းနှယ်… ဒါနဲ့ ပိုးပိုးရော…´´

ရုတ်တရက် ဆရာမေးမှ လောလောလတ်လတ် ပိုးပိုးကို ရည်းစားစကားပြောလာတဲ့ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့ဘူး…

``ရှိတယ်ဆရာ သူလည်းကျောင်းမှာပဲ သူက သင်္ချာ…´´

``သြော် အေးအေး… မင်းတို့လည်း အားရင် အိမ်ဘက်လှည့်လာပါဦးကွာ… မင်းညီမလည်း အပ်တယ် ကျောင်းမှာ အမြင်မတော်တာရှိရင် ဆုံးမကွာ နော်… ´´

``ဟုတ်ကဲ့ဆရာ ကြုံတုန်း ကျွန်တော်တစ်ခုခု ပြုစုပါရစေ….´´

``ဟာ ဟေ့ကောင် နေ.. နေ.. ဆရာလည်း ၀ိုင်းတစ်ခုသွားရမယ် … မင်းညီမကို လမ်းကြုံလိုက်ပို့တာ… သွားမယ်ဟေ့ အချိန်ကပ်နေပြီ…´´

``ဟုတ်ကဲ့ ဆရာ… ´´

ပြောပြောဆိုဆို ဆရာ သူ့ကားပေါ်တက်ရင်း မောင်းသွားတယ်…

``ကိုညိုက ဘာလာဝယ်တာလဲ..´´

ကြည်ပြာ့အမေး..

``သြော်…ရေသန့်ဗူးပါ… ´´

``ရေသန့်ဗူးလား ၀ယ်မနေနဲ့ လာ…. ကြည်ပြာလည်း အတန်းစောသေးတယ် … အအေးတိုက်မယ်လေ…´´

``အာာာ နေပါစေ.. မဟုတ်တာ.. ရေပဲဝယ်လိုက်ပါမယ်…´´

``ဘာလဲ စေတနာနဲ့ ဒယ်ဒီ့တပည့်မို့လို့ ကိုယ့်အစ်ကိုလို သဘောထားပြီး တိုက်တာကို အသိအမှတ်မပြုလို့လား…´´

ကောင်မလေး စကားက ကျွန်တော့်ကို လှုပ်မရအောင် ချည်ပြီးတုပ်ပြီးသားဆိုတော့

``မဟုတ်ရပါဘူး အားနာလို့ပါ…´´

``အားနာရင် နောက်တစ်ခါကျ ကိုညိုက ပြန်တိုက်ပေါ့ … ဟုတ်ဘူးလား … ကဲ လာ သွားစို့…´´

ပြောပြောဆိုဆို သူမရှေ့ကနေ ထွက်သွားတော့ ကျွန်တော်လည်း သူမနောက်က လိုက်ခဲ့တော့တယ်… သူမသွားနေတာက ကျွန်တော့်လာရာလမ်းကြီးအတိုင်း ပိုးများ ဟိုနေရာမှာ ရှိနေဦးမလားလို့ ကျွန်တော်စိတ်ပူသွားတယ်… သစ်ပင်အောက်မှာ ပိုးကိုမတွေ့တော့ဘူးဆိုမှ ကျွန်တော် အသက်ရှူချောင်သွားတယ်…
ဘာသောက်မလဲလို့မေးတော့ ကျွန်တော်က ကြိုက်တာမှာပါ လို့ဖြေလိုက်တယ်…
ကြည်ပြာက ကြံရည် ၂ ခွက်မှာလိုက်တယ်… ပိုးသာဆို ကျွန်တော့်အတွက် သံဗူးကို သံပုရာရည်ချဉ်ချဉ်လေး ညှစ်ပေးဖို့မှာပေးမှာဗျ… ဟောဗျာ.. ကျွန်တော့်အတွေးတွေထဲ မိပိုး အချိန်တိုင်းစိုးမိုးနေပါပေါ့လား…

``ကြည်ပြာကျောင်းတက်တာ နှစ်ဝက်ကျော်နေပြီ ကိုညို့ကို တစ်ခါမှမတွေ့မိဘူး…´´

``ဟုတ်လား… ကိုညိုက ဘူမိဗေဒဆောင်မှာလေ… ကြည်ပြာတို့ အင်္ဂလိပ်စာဆောင်နဲ့ ဝေးတာပေါ့…´´

``အင်းလေ ကြည်ပြာလည်း ဘူမိဗေဒဘက် လာရှာတာပဲကို… ခဏခဏပဲ… ´´

ဗုဒ္ဓေါ ဘူမိဗေဒဘက်ကိုလာရှာတာတဲ့… ကျွန်တော်တောင်မျက်လုံးပြူးသွားတယ် ဘယ့်နှယ့်ဟာလေးပါလိမ့်… သူလာလည်း မင်းညိုစင်ဆိုတာ ဘူမိဗေဒဆောင်မှာမရှိဘူး တွေ့ချင် သင်္ချာဆောင်လိုက်သွားဆိုတာ ဒီက စီနီယာကျောင်းသားတိုင်းသိတယ်… ကံကောင်းထောက်မစွာနဲ့ ဒီကလေးမ မမေးခဲ့ဘူးနဲ့တူပါတယ်…

``ကိုညိုတို့ ဆယ်တန်းကျူရှင်လာတက်တုန်းက ကိုညိုကြည်ပြာ့ကိုပေးခဲ့တဲ့ ကီးချိန်းလေးလေ ကြည်ပြာအခုထိ သိမ်းထားတယ်သိလား… ဒီမှာကြည့်..´´

ဆိုပြီး ပြောပြောဆိုဆိုနဲ့သူ လွယ်အိမ်မှာချိတ်ထားတဲ့ ၀က်ဝံရုပ်ကီးချိန်းလေးကို ကျွန်တော့်ကိုပြတယ်…

``ခုထိ ရှိသေးတယ် ဟုတ်လား´´

``ရှိတာပေါ့… တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက် ပါတီသွားတုန်းက နောက်ပြီးဖွက်ထားလို့တောင် ရန်ဖြစ်ရသေးတယ်…´´

ကျွန်တော် ပြုံးတယ်ဆိုရုံ ပြုံးပြလိုက်တယ်… အဲ့လိုမိန်းကလေးမျိုးနဲ့ယှဉ်ရင် ကျွန်တော့်ပိုးက တကယ့်ကို အဖိုးထိုက်ရတနာလေးပါလားဆိုတာသိလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသလိုလိုတောင် ဖြစ်မိသေးတယ်…

``နောက်နေ့ ကြည်ပြာတို့ အတန်းဘက်လာခဲ့ပါလား… သူငယ်ချင်းတွေကို ကြွားချင်လို့ အစ်ကိုချောချောတစ်ယောက်ရှိတဲ့အကြောင်း…´´

``လမ်းကြုံရင် ၀င်ခဲ့တာပေါ့…´´

``လမ်းကြုံမှလား… ကြည်ပြာက တကူးတက ဖိတ်တယ်ဆိုရင်ရော…´´

``ဟုတ်ပါပြီ လာခဲ့ပါ့မယ်ဗျာ… လာခဲ့ပါမယ်…´´

``တကယ်… ကတိနော်… Promise…´´

``အင်း promise... အခုတော့ သွားစရာလေးရှိသေးလို့ ခွင့်ပြုဦးနော်…´´

``အိုခေ အိုခေ ဆီးယူ ..´´


ကျွန်တော်အတန်းဘက်ကိုထွက်လာခဲ့တယ်… ဘာပဲပြောပြော ဒီနေ့ လူရိုသေရှင်ရိုသေဖြစ်အောင် ကျွန်တော်ပိုးကို ရည်းစားစကားပြောခဲ့ပြီ… တရားဝင်ဖြစ်ပြီပေါ့ဗျာ… အဖြေလည်းပြန်တောင်းစရာမလိုဘူး သူဘာမှ မပြောနိုင်ခင်အငိုက်ဖမ်းပြီး ကိုယ်ပြောချင်ရာ စွတ်ပြောခဲ့တာ ကဲ မပိုင်လား… ခုနက ရင်တွေခုန်ပြီး တစ်ကိုယ်လုံးထူပူနေသလောက် အခုသွေးအေးသွားတော့လည်း ဒီနေ့မှ လောကကြီးက ပိုလှနေသလို… ရှူရတဲ့လေချင်းတူတူတတောင် ဒီနေ့မှ ပိုလတ်ဆတ်နေသလိုပဲ… အို ကုန်ကုန်ပြောမယ်ဗျာ… ဆုံနေကျဆိုတဲ့ ခနော်နီ ခနော်နဲ့ အကြော်တဲလေးတောင် ဒီနေ့မှ ဖိုက်စတားဟိုတယ် လိုပဲ ကျွန်တော့်မျက်စိထဲမှာ အတော်ကို ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ပြီး အတော်ကိုခမ်းနားနေတာ… လမ်းမှာနည်းနည်းမျက်မှန်းတမ်းမိတဲ့လူမှန်သမျှကို အတင်းလိုက်သွားဖြဲပြချင်နေမိတာ… တစ်ယောက်ယောက် ပိုးအကြောင်းလာမေးစေချင်တာ… ဒီနေ့မှဗျာ ဘယ်သူကမှလည်း တစ်ယောက်တည်းလား လို့ နှုတ်မဆက်ကြဘူး… အဲ့လိုမေးလို့ကတော့လား ခုလေးတင် အခန်းထဲလိုက်ပို့ပြီးပြန်လာတာလို့ ကျွန်တော့်က ပါးစပ်အရသာခံပြီးပြောချင်တာဗျ…ဟုတ်တာ မဟုတ်တာ အသာထားပေါ့ဗျာ…

ညနေပိုးနဲ့အတူတူ အိမ်ပြန်တော့လည်း ကျွန်တော်ကသာ မလုံမလဲရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် သူမကတော့ ခါတိုင်းလိုပဲ … ဘာမှထူးမလာဘူး… သြော် မိန်းကလေးတွေများ ဒီလိုနေရာမျိုးကျ သိပ်လေးစားဖို့ကောင်းတာပဲ… သူတို့ကိုယ်သူတို့ လိုသလိုထိန်းချုပ်နိုင်တယ်နော်… အားကျတယ် တကယ်…

အဲ့ဒီရက်နောက်ပိုင်း ကြည်ပြာဆိုတဲ့ ကောင်မလေးကလည်း ကျွန်တော့်ဆီနေ့တိုင်းလိုလိုရောက်တယ်ဗျာ… ကျွန်တော်သူ့ကို ပိုးဆီသွားမှာမို့လို့ လိုက်ခဲ့ဖို့ခေါ်တော့ အကြောင်းအမျိုးမျိုးပြပြီး ဟိုလူနဲ့တွေ့စရာရှိလို့ အဖော်လိုက်ပါဦး… ဒီအဆောင်ကိုမသွားတတ်လို့… လိုက်ပို့ပါဦး.. တစ်ခါတစ်ခါများ သူ့အဖေခိုင်းထားတဲ့ကိစ္စနဲ့ အပြင်များတောင်လိုက်ပေးရသေးတယ်… ဆရာ ဦးအောင်နိုင်ဆိုတာက ကျွန်တော်တို့အတွက် ငယ်ကြောက်ဆိုတာအပြင် ဆရာက စာသင်တာလည်း စေတနာ တော်တော်ပါပါတယ်… မိဘတွေကအစ ဆရာ့ကိုဆိုရင် ၀ကွက်အပ်ပြီးသား… တစ်ခုပဲ ဆရာက နည်းနည်းတော့ ခေတ်ဆန်တယ်ဗျ… အဲ့ဒီတော့ သူ့သမီးလုပ်တဲ့လူ ဒီလိုပွင့်ပွင့်လင်းလင်းဖြစ်နေတာလဲ ဆန်းတော့မဆန်းဘူးပေါ့လေ… သူ့အဖေကလည်း အခုတလော ကျွန်တော့်ကို မကြာခဏ သူ့အိမ်ခေါ်ပြီး လိုအပ်တာမျိုးလေး ခေါ်ခေါ်ခိုင်းတတ်တယ်ဗျ… ကျွန်တော်လည်း ခေတ်လူငယ်ပေမယ့်… အဲ့ဒီလိုမိန်းကလေးမျိုးတွေကို အထင်ကြီးလို့မရဘူး… ဖြစ်နိုင်ရင် ကင်းအောင်နေချင်ပေမယ့် ဆရာ့ကျေးဇူး ဆရာ့မျက်နှာကြောင့်မို့လို့ သည်းခံပြီးနေခဲ့ရတယ်…

ဒီကြားထဲ ကျွန်တော်ပိုးနဲ့ တစ်လလောက်ခွဲနေရမယ့် အကြောင်းကရှိလာပြန်တယ်… ကျွန်တော်တို့ ဘူမိဗေဒကျောင်းသားတွေ လက်တွေ့ဆင်းရမယ့်အချိန်ရောက်လာတာပါပဲ… ကျွန်တော် ပိုးကို ထားခဲ့ရမှာ စိတ်မချဘူး … ခုတလော ဟိုကောင်သတင်းမကြားရဘူးဆိုတာကလည်း သွေးရိုးသားရိုးဖြစ်ချင်မှ ဖြစ်မှာ… ကျွန်တော့်ကို တစ်ပတ်ရိုက်ပြီး အကွက်သစ်ထွင်တာလဲ ဖြစ်နေနိုင်တယ်… ကျွန်တော်တို့ အဖွဲ့စုံမယ့် စုရပ်ကို ပိုးကိုကျွန်တော် လိုက်မပို့ခိုင်းတော့ဘူး… အပြန်သူတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့… ကျွန်တော် အိမ်ကအထွက်မှာပဲ သူ့ကို ၀င်နှုတ်ဆက်ရင်း

``ပိုး ငါ မရှိတုန်း ဘယ်မှလျှောက်မသွားနဲ့နော်…´´

သူ ခေါင်းညိမ့်ပြတယ်..
ဖြစ်နိုင်ရင် ပိုးကျောင်းသွားကျောင်းပြန် တစ်ယောက်ယောက်ကို အကြိုအပို့လုပ်ပေးစေချင်တာ… ဒါပေမယ့် ကလေးမဟုတ် သူငယ်မဟုတ် တတိယနှစ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို ဘယ်သူက ကျောင်းကြိုကျောင်းပို့လုပ်ပေးချင်မှာလဲ… နောက်ပြီး ကိုယ့်အလုပ်နဲ့ကိုယ်လည်း မအားကြဘူးလေ…

``ကျောင်းသွားရင် ထီးယူသွားဖို့မမေ့နဲ့ဦး အိတ်ထဲအမြဲထည့်ထား…´´

အဲ့ကောင်မလေးက နေပူပူ မိုးရွာရွာ ထီးဆောင်းရမှာ သေအောင်ပျင်းသော အပျင်းမလေးဖြစ်လို့ ကျွန်တော်ကပဲ အမြဲတမ်း ထီးဆောင်ပြီး လိုက်မိုးပေးနေကျ… ပြီးရင် သူပဲ နှာစေးရတာနဲ့ ချောင်းဆိုးရတာနဲ့…

``ငါ စိတ်ချမယ်နော် ပြန်လာရင် ဘာသံ ညာသံမကြားချင်ဘူးနော်…´´

``အေးပါဟာ… သွားမှာသာ သွားပါ…´´

ကျွန်တော်ပိုးကို နောက်ဆံငင်ငင်နဲ့ပဲ ထားပြီးထွက်ခဲ့တယ်… အင်းလေ သူလည်း ကလေးမှ မဟုတ်တော့တာ… ကျွန်တော်မရှိလည်း သူ့နေ့ရက်တွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ကောင်းပါရဲ့…
ကျွန်တော် စုရပ်ကိုရောက်တော့ ကားထွက်ဖို့နည်းနည်းလိုသေးတာနဲ့ ဟိုတစ်စု ဒီတစ်စုထိုင်ပြီး စကားပြောနေတုန်း… ကားတစ်စီးထိုးရပ်လာတယ်… နောက် ကားပေါ်ကနေ ကြည်ပြာနဲ့ ဆရာအောင်နိုင်ဆင်းလာတာကိုတွေ့တော့ ကျွန်တော် သွားပြီး နှုတ်ဆက်စကား ဆိုရတာပေါ့

`` ဆရာတို့ပါလား… ဘယ်လာတာလဲ ဆရာ…´´ သိပေမယ့်လည်း ရှေ့မျက်နှာနောက်ထားပြီး မေးရတာပေါ့

``မင်းနှမလေကွာ ဒီနေ့ မင်းတို့ ထရစ်ပ်ထွက်မှာသိလို့ လိုက်ပို့ချင်တယ်ဆိုလို့ အတင်းပူဆာနေတနဲ့ ငါလည်းလိုက်ပို့ရတာကွ…´´

`` ဟုတ်တယ် ကိုညိုက ထရစ်ပ်ထွက်မှာကို ကြည်ပြာ့ကိုတောင် မပြောဘူး နေနိုင်လိုက်တာ ဒီက လိုက်စုံစမ်းမှသိရတယ်…´´

``မဟုတ်ပါဘူး ကြည်ပြာရယ် ဒါက ဘာမှလည်း ဟုတ်တာမဟုတ်ဘူး ကျောင်းသားတိုင်း ဒီလိုပဲ သွားနေကျပဲဟာ… အထူးအဆန်းမှ မဟုတ်တာ…´´

``ကဲပါ ထားလိုက်ပါတော့ ဒီတစ်ခါတော့ ပထမဆုံးအကြိမ်မို့လို့ ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဆိုရင်တော့ မရဘူးနော်… ရော့ ဒါတွေ လမ်းမှာစားရအောင် ယူသွား..´´

ဆိုပြီး အထုတ်ကြီး ကျွန်တော့်ကိုလှမ်းပေးတယ်…

``အာာ မဟုတ်တာ နေပါစေ… ကိုညို့မှာ ပါပါတယ်… အလကား ဒုက္ခရှာလို့ ကြည်ပြာရယ်… မေမေကလည်း ထည့်ပေးလိုက်တယ် ပိုးတို့အိမ်ကလည်း စားစရာတွေထည့်ပေးသေးတယ်… အများကြီးရယ်…´´
ကြည်ပြာမျက်နှာ တစ်ချက်ပျက်သွားပြီး

``ဘာလဲ ဒီက စေတနာနဲ့ တကူးတက၀ယ်ပေးတာတွေ အလကား အပိုတွေလို့ပြောချင်တာလား အလေးခံပြီးသယ်စေချင်လို့ ၀ယ်လာတာ မဟုတ်ဘူးနော်..´´
ဘေးက လူတွေကလည်း စပ်စုတဲ့အကြည့်တွေနဲ့ ကြည့်နေကြပြီ

``ဟုတ်သားပဲ မင်းညိုကလည်းကွာ ကိုယ့်ညီမအကြောင်းလည်း ကိုယ်သိသားနဲ့.. တော်ကြာ သူပေးတာမယူလို့ စိတ်ကောက်မှဖြင့် မင့်ခရီးပျက်ပါမယ်လေ…´´
ကြည့် ဘယ်လောက် အဆင်းဘီးတပ်တော်သလဲဆိုတာ ဆရာပြောတဲ့စကားရဲ့ အဓိပ္ပါယ်က သူစိတ်ကောက်ရင်ပဲ ကျွန်တော့်ခရီးက ပျက်ရဦးမယ် ဝေလာမှ ဝေးရော… ရယ်တောင်ရယ်ချင်သေး…

``ဒါဆိုလည်း ကျေးဇူးပဲ ကြည်ပြာ…´´

``ကျေးဇူးတင်ရင် ပြန်လာရင် ကြည်ပြာ့အတွက် လက်ဆောင်ဝယ်ခဲ့…´´

``အင်း ၀ယ်ခဲ့မယ် ၀ယ်ခဲ့မယ် စိတ်ချ..´´

``သြော် ကျန်သေးတယ် … ပြန်ရောက်တာနဲ့ ကြည်ပြာ့ကို အရင်ဆုံးဆက်သွယ်ပါ့မယ်လို့ ကတိပေး…´´
ဒါတော့ တဆိတ်လွန်ပြီ… ဒါပေမယ့်..

``ကောင်းပါပြီဗျာ ကောင်းပါပြီ… ကဲ အခုတော့ ကားပေါ်ကို အထုတ်လေးတွေနေရာချချင်လို့ ခွင့်ပြုဦးနော်…´´ ကျွန်တော်လည်း လွတ်ရာလွတ်ကြောင်းဖန်ရတော့တာပေါ့ဗျာ…

``ဟုတ်… တာ့တာနော်…´´

``အေး အေး ကောင်းပြီ မင်းညို… အန္တရာယ်ကင်းပါစေကွာ… ဂွတ်လပ်…´´

သူတို့ သားအဖကားမထွက်မချင်း ကျွန်တော်လည်း ကျွန်တော်တို့အဖွဲ့စီးမယ့်ကားပေါ်ကနေ မဆင်းဘူး…
တော်သေးတယ် သိပ်မကြာဘူး ပြန်သွားလို့… ပိုးရယ် ငါ့လို အဲ့လို လိုက်ပို့တဲ့လူက နင်ဖြစ်ရင် သိပ်ကောင်းမှာပဲ… အပြန်သူတစ်ယောက်တည်းဖြစ်နေမှာစိုးလို့သာ….
ခုချိန်ဆို သူဘာတွေများလုပ်နေမှာပါလိမ့်….

ဒီလိုနဲ့ ကျွန်တော့်ခရီးစဉ်ဟာ ပိုးတလှည့် မြေစိုင်ခဲတွေတလှည့်နဲ့ အောင်မြင်စွာပြီးဆုံးခဲ့တယ်… ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ အိမ်မှာ အထုပ်ချပြီးတာနဲ့ပိုးတို့ အိမ်ဖက်ထွက်ခဲ့တယ်…
ပိုးကို အရင်ဆုံး ၀မ်းသာစေချင်လို့လေ … အိမ်မှာ ပိုးအစ်မ မမိုးနဲ့တွေ့တယ် ပိုး လမ်းထိပ်မှာ စာအုပ်သွားငှားတယ်တဲ့… ပထမတော့ ကျွန်တော်လိုက်သွားဦးမလို့ပါပဲ … နောက်တော့ ပိုးကိုအံ့သြသွားအောင် စမယ်ဆိုပြီးတော့ ဧည့်ခန်းထဲမှာပဲ ထိုင်စောင့်နေလိုက်တယ်… ပိုး စာအုပ်သွားငှားတာ နည်းနည်းတော့ကြာတယ်… သူက အဲ့လိုပဲ ဘယ်အရာမဆိုတွေဝေနေကျ အခုလည်း ဟိုစာအုပ်ငှားရမလို ဒီဟာလည်း ကြိုက်သလိုဖြစ်နေတာ နေမှာပေါ့… အရင်တုန်းက သူစာအုပ်ငှားရင် ကျွန်တော်လိုက်တတ်ပေမယ့် ခုနောက်ပိုင်းတော့ မလိုက်တော့ဘူး… ဟုတ်တယ်လေ ပျင်းစရာကြီး မယ်မင်းကြီးမ စာအုပ်တစ်အုပ်ငှားဖို့အရေးကို စာအုပ်တစ်ဝက်လောက်ရောက်အောင် ဖတ်သေးတာ… ပြီးမှ မကြိုက်ဘူးဆိုလုပ်ပြီးနောက်တစ်အုပ်ပြန်ကိုင်… ထိုနည်းလည်းကောင်းပဲ … အဲ့တော့ ဘယ်သူက စိတ်ရှည်နိုင်မှာလဲ… စာအုပ်ဆိုင်ကဆို သူရှိရင် ဘယ်သူမှ အရေးတယူလုပ်ပြီး အနားမှာ စာအုပ်စာရင်းမှတ်ဖို့လာစောင့်မနေဘူး… တခြားအလုပ်ပျက်လို့… သူ့ဟာသူရွေးတယ် ကြိုက်ရင် သူ့ဟာသူ စာအုပ်ထဲရေးမှတ်ပြီး ယူသွားတယ်… ဒါပဲ…
ဟော လာပါပြီ မယ်မင်းကြီးမ… ကျွန်တော် ဧည့်ခန်းဖိနပ်ချွတ်နားက အခန်းကန့်ထားတဲ့ နံရံမှာ ၀င်ကွယ်နေလိုက်တယ်… ပိုး ၀င်လာတော့မှ…

``၀ါးးးးး´´

ကျွန်တော်ထင်သလို သူမလန့်သွားဘူးဗျ…

``နင့်ကိုတွေ့လိုက်သားပဲ ခြံဝကနေ…´´

ကြည့်… အဲ့လို အောင့်သီး အောင်သက်ဖြစ်အောင်လုပ်တတ်ပြန်ရော… တကယ်ဆို ဟန်ဆောင်ပန်ဆောင်လေး ဟယ် မင်းညို နင်ပြန်ရောက်နေပြီ ဟုတ်လား ဘယ်တုန်းကရောက်လဲ ဘာလဲ ညာလဲ ပြောပါတော့လား…

``ဟင်း….အားနားပါးနားလေးတောင် မလန့်ပြဘူး… ဘယ့်နှယ့်လဲ အစစအရာရာ…´´

``အဆင်ပြေပါတယ်…´´

``အင်း… နင့်အတွက် လုံချည်တွေပါလာတယ်… ခြောက်ထည်စည်းဟ ငါလည်းမရွေးတတ်ဘူး… နင်ကြိုက်တာ ရွေးယူပေတော့ မေကြည်နဲ့ မမိုးအတွက်လည်း ပါတယ်.. ကြည့်ကျက်သာလုပ်လိုက်တော့… ´´

လုံချည်အစည်းလိုက်ကို သူ့ဆီပေးလိုက်တယ်…

``နင် ထမင်းစားပြီးပြီးလား...´´

`` ဟေ့အေး အခုပဲရောက်တာဟ အိမ်မှာအထုတ်ချပြီးတာနဲ့ ဒီဘက်ထွက်လာတာ… နင်မေးမှ ဗိုက်ဆာလာသလိုပဲ…´´

``အေး အေး နေဦး ငါခူးပေးမယ် … ဒီနေ့ ငါးဖယ်ချက်ဟ…´´

``ဟေ… နိပ်ဟ… စားရကံကြုံတော့ ပိုးပိုးတို့အိမ်ငါးဖယ်ချက်ကွ…´´

ပိုး ထမင်းစားခန်းထဲသွားတော့ နောက်ကနေလိုက်သွားပြီး ထမင်းစားပွဲမှာထိုင်ပြီး သူကျွန်တော်စားဖို့ပြင်ပေးနေတာကို လိုက်ကြည့်နေမိတယ်… ပိုးက အမေနဲ့အစ်မ အုပ်ထိန်းမှုအောက်မှာ သေသေ၀ပ်ဝပ်နဲ့ ဗိုင်းကောင်းကျောက်ဖိလေးဗျ… သမီးအငယ်လေးဆိုပြီး အိမ်ကအလိုလိုက်ထားမယ် မထင်လေနဲ့… မိန်းကလေးတို့ တတ်အပ်တဲ့ အိမ်မှုကိစ္စမှန်သမျှ လက်ကြောတင်းအောင် ခိုင်းတာ… ပိုး လုပ်ပုံကိုင်ပုံကိုကြည့်ရတာ ပိုင်ပိုင်နိုင်နိုင်နဲ့ တကယ့်အိမ်ရှင်မကြီးအတိုင်းပဲ…

``ဟင်းရည် နွှေးဦးမလား… အရမ်းကြီးတော့မအေးသေးဘူး ငွေ့ငွေ့လေးကျန်သေးတယ်…´´

``ဟေ့အေး နေပါစေတော့ ဒီတိုင်းပဲသောက်မယ် ဆာလှပြီဟ… မစောင့်နိုင်တော့ဘူး…´´

``ဟွန်း ဒါများ ရောက်ကတည်းက ၀င်စားတာမဟုတ်ပဲနဲ့ ကလေးကလား ငါ့ကိုခြောက်ဖို့ အဆာခံစောင့်နေရတယ်လို့…´´

ပိုးကမျက်စောင်းထိုးရင်း ကျွန်တော့်ကို အပြစ်တင် စကားဆိုပါတယ်

``သြော် အဲ့တုန်းကမှ မဆာတာ နင့်မျက်နှာကြီးမြင်လိုက်ရမှဘယ့်နှယ့်ဖြစ်သွားလဲ မသိဘူး ဗိုက်ကဆာလာတာ… ဟား ဟား ဟား…´´

``ကောင်စုတ်..´´

--------------------------

နောက်နေ့တော့ ထုံးစံအတိုင်း ပိုးကိုသူ့အတန်းထဲပို့ခဲ့ပြီး မနက်ပိုင်းအတန်းအားတဲ့ကျွန်တော်က အောင်ကိုရှိမယ့် ကင်န်တင်းဘက်ကိုထွက်ခဲ့တယ်…. အောင်ကိုက ဆယ်တန်းတုန်းကတည်းက ကျွန်တော်နဲ့ သူငယ်ချင်း ကျူရှင်တူတူတက်ခဲ့တာပေါ့… အခုတော့သူက မြန်မာစာ ကျောင်းသား… ပိုးနဲ့ကျွန်တော်အကြောင်းကို သူအကုန်သိတယ်… နှစ်ဘက်လုံးက မိဘတွေနဲ့လည်း သိတဲ့လူပေါ့… ကျွန်တော်ရောက်တော့ အောင်ကိုက လက်ဖက်ရည်တစ်ခွက်ရှေ့ချပြီး အပါတ်စဉ်ထုတ် အားကစားဂျာနယ်တစ်စောင်ကိုဖတ်နေတယ် … အောင်ကို့လက်ဖက်ရည်က တစ်စက်မှ မထိရသေးပဲ အပေါ်ယံအမြှေးပါးလေးတွေတောင်တက်နေတာကြည့်ရင် ဒီကောင်ရောက်နေတာ နာရီဝက်ကျော်နေပြီမှန်း ကျွန်တော်သိလိုက်တယ်… သူ့နောက်ကျောဘက်က ကျွန်တော်ဝင်လာတာမို့ သူ့ပခုံးကို တစ်ချက်လှမ်းပုတ်လိုက်ပြီး မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်…

``ကျဆိမ့် တစ်ခွက် ညီလေး…´´

``ကျဆိမ့် ၀မ်းးး´´ စားပွဲထိုး ကောင်လေးရဲ့ အောင်မြင်ခံ့ညားတဲ့ အသံအဆုံး

``မင်းညို… ´´

``ဟေ…´´

``ခရီးရောက် မဆိုက်မင်းကို အမောဆို့အောင်လုပ်မိတယ်ဆိုရင် ဆောရီးကွာ… ဒါပေမယ့် ငါဟာ မင်းရဲ့သူငယ်ချင်းဖြစ်လာတာနှစ်ပေါင်းလည်းမနည်းတော့ဘူးဆိုတော့ ငါ့မှာပြောရမယ့် ၀တ္တရားရှိတယ်လို့ ငါယူဆလို့ ငါပြောမယ်…´´

``မင်းစကားကလည်းကွာ ရင်တုန်ပန်းတုန်ရှိလိုက်တာ ပြောမှာသာပြောစမ်းပါ…´´

``အေး မင်း ဒေါသတော့ အရင်မထွက်နဲ့ကွာ…စိတ်အေးအေးထား…´´

``အေးပါကွ ပြောပါ…´´

``အေး မင်းတို့ဖီးလ်ဆင်းနေတဲ့အချိန်တွေ ပိုးပိုးနဲ့ ၀ါဝါ့အစ်ကို ၀မ်းကွဲနဲ့ တတွဲတွဲပဲ ဟေ့ကောင်…´´

``ဘာ….´´ ကျွန်တော် အော်လိုက်မိတယ်..

``ဟုတ်တယ်… တစ်ချိန်လုံးပဲ… ပိုးပိုးဆို အတန်းဖျက်ပြီးတော့ကို သူ့ကားနဲ့ ပါပါသွားတတ်တယ်…´´
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ပိုးပိုးက သူ့ကားနဲ့လိုက်သွားတယ် ဆိုတာ မဖြစ်နိုင်ဘူး… ကျွန်တော်ခေါင်းကိုသာ တွင်တွင်ယမ်းနေမိတယ်…

``မင်း စိတ်တိုမယ်ဆိုတာ ငါသိပါတယ်ကွာ…. ဒါပေမယ့် ဒီကိစ္စကို မင်းအလောတကြီးမဆုံးဖြတ်စေချင်ဘူး… သူ့အမှားက ကိုယ့်အမှားဖြစ်မယ်သူငယ်ချင်း… သွေးအေးအေးနဲ့စဉ်းစားပါကွာ… နော်…´´

``ဘာ… ငါ့အမှား ဟုတ်လား… ငါက ဘာကိစ္စမှားရမှာလဲ… သစ္စာအဖောက်ခံရတာ ငါပါကွ… ရမလားကွ သူခိုးကလူကိုပြန်ဟစ်လို့… အောင်ကို ငါ အဲ့ဒီကောင် အကြောင်းသိချင်တယ်ကွာ….´´

``သိရမယ် သိရမယ်… ငါစုံစမ်းထားပြီးသား… နာမည်က လင်းထွဋ် စက်မှု နောက်ဆုံးနှစ်က မိဘကချမ်းသာတယ်

``ရတနာပုံ´´ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်… အစ်ကိုလုပ်တဲ့လူက နိုင်ငံခြားမှာ အိမ်ထောင်ကျပြီး အခုအဲ့ဒီမှာပဲ အခြေချနေတယ်… ပြောရရင်တော့ တော်တော်လေးကို ပြည့်စုံနေတယ်… ဒါမင်းအတွက် မကောင်းဘူး မင်းညို…´´

``ထွီ နားစမ်းပါကွာ… ပိုင်ရှင်မသိအောင် ခိုးစားတဲ့ကောင်များ နာမည်ကြားရတာတောင် နားသနတယ် ဟေ့ယောင်…´´

``မင်း ဘာဆက်လုပ်မယ် စိတ်ကူးလဲ … ´´

``ဟ ဘာဆက်လုပ်ရမလဲကွ… ဒီကောင့်ကိုရှာပြီး ၀မ်နင်ပေးရမှာပေါ့ ဒါမှ ရှေ့ဆက်တိုးရဲတိုးလာကြည့်… ငါ့အကြောင်းသိရစေမယ်…မနက်ဖြန် သူ့ကျောင်းလိုက်သွားမယ်… မင်းလိုက်ခဲ့ အောင်ကို…´´

``အေး ကောင်းတယ်… သွားမယ်…´´

တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်ထိ မစောင့်ရပဲ… ညနေ ဒီကောင့်ကားကိုပိုးတို့အဆောင်နားမှာ ရပ်ထားတာတွေ့လိုက်တယ်… ကျွန်တော့်ဒေါသတွေ ထိန်းမနိုင်သိမ်းမရ ဆူပွက်ကုန်တယ်… အပြေးတပိုင်းနဲ့ ပိုးကိုအတန်းထဲသွားကြည့်တော့လည်း မတွေ့ဘူး… ကျွန်တော့်တစ်ကိုယ်လုံး ထူပူသွားပြီး ပိုးတို့ကို ကျောင်းဝန်းအနှံ့ရှာပုံတော် ဖွင့်ပါတော့တယ်… သင်္ချာဆောင် တစ်ဆောင်လုံးရှာတယ် မတွေ့ဘူး… ကင်န်တင်းထိသွားရှာတာလဲ မတွေ့ဘူး… ကျွန်တော်စိတ်ပူစ ပြုလာတယ်… နောက်တော့မှ ပထ၀ီဆောင်ရှေ့ တရုတ်စကားပင်အောက်ကထိုင်ခုံမှာ နှစ်ယောက်သား အတူထိုင်နေတာကို အနောက်ဘက်ကနေလှမ်းတွေ့တယ်… ကျွန်တော့်တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ်တုန်နေတယ်… သူတို့ရှိရာဆီကျွန်တော်တမ်းတမ်းကြီးလျှောက်သွားခဲ့ပေမယ့် နှစ်ယောက်လုံးက သတိထားမိပုံမပေါ်ဘူး …

``ပိုး တောင်းပန်ပါတယ် ကိုထွဋ် ပိုးကို လာမတွေ့ပါနဲ့တော့ မင်းညိုလည်း ပြန်ရောက်နေပြီလို့ ပြောထားသားနဲ့… ´´

အောင်မာ မိပိုး ဒင်းကို ကိုထွဋ်တဲ့ ခေါ်ပုံကိုက နားရင်းပိတ်တီးချင်စရာ…

``ပိုးကလည်း စိုးရိမ်တတ်ရန်ကော… ကိုထွဋ်တစ်ယောက်လုံးရှိနေတာကို ဘာကြောက်စရာရှိလဲ… ဘာမှမပူနဲ့ တစ်ခုခုဖြစ်တာနဲ့ ကိုယ့်ဆီသာပြေးခဲ့ ဟုတ်ပြီလား ပိုးအခက်အခဲ မှန်သမျှ ကိုယ်ဖြေရှင်းပေးမယ်… ပိုးမျက်နှာလေးတော့ မြင်နေခွင့်လေးပေးပါ ပိုးရယ်… ပိုးကိုမမြင်ရရင် ကိုယ်ရူးလိမ့်မယ် ထင်တယ်…´´

ခွေးမသား ရာရာစစ…. ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး

``မိပိုး…´´

ကျွန်တော့် ဒေါသတကြီးခေါ်သံကြောင့် နှစ်ယောက်လုံးလန့်သွားပြီး ပိုးက ထိုင်ခုံပေါ်ကနေ ရုတ်တရက်ခုန်ဆင်းလာတယ်… ကိုထွဋ်ဆိုတဲ့ကောင်ကတော့ အေးအေးဆေးဆေး မင်ကောင်ကောင်းနဲ့ ဆက်ထိုင်နေလေရဲ့..

``မိပိုး နင်ဒါဘာလုပ်နေတာလဲ ဟင်…´´

``ဟို… ဟို… ´´ သူ လက်ညှိုးကို တောင်ထိုး မြောက်ထိုးနဲ့ ဖြေစရာစကား ရှာမရဖြစ်နေတုန်း

``ဒီမှာညီ လွတ်လပ်တဲ့ကျောင်းသူ ကျောင်းသားသဘာဝ ကိုယ်တို့လွတ်လွတ်လပ်လပ် လူမြင်ကွင်းမှာ စကားပြောနေတာပါ… အဲ့ဒါ တစ်ခုခုများ မှားနေသလား…´´

``မှားတယ် မှားတယ် သိပ်ကိုမှားတာပေါ့…. ဟောဒီ့တက္ကသိုလ်ဝင်းထဲမှာလေ မိန်းကလေးတွေထောင်နဲ့သောင်းနဲ့ချီရှိတယ် ကြိုက်တဲ့လူ ခင်ဗျားလွတ်လွတ်လပ်လပ်ပြောလို့ရတယ် ဒါပေမယ့် ပိုးမပါဘူး…´´

``ဘာကြောင့်ပါလိမ့်…´´

ဒီ ငနဲတော့ လက်သီးစာမိချင်နေပြီ… စိတ်ကိုမနည်းဆွဲဆန့်ထားရတယ်…

``ခင်ဗျားမသိချင်ယောင် ဆောင်မနေနဲ့… ပိုး နဲ့ကျွန်တော် တစ်နေ့ လက်ထပ်ရမယ့်လူတွေဆိုတာ ဟောဒီ တစ်လောကလုံးသိတယ်… အဲ့ဒါကြောင့် ပိုးအခု တတိယနှစ်ရောက်တဲ့အထိ ကျွန်တော်ကလွဲရင်… ဘယ်ကောင်မှ အနားကပ်လို့မရခဲ့တာ အခုချိန်ထိပဲ…´´

``သြော် ဒါဆို… ညီနဲ့ ပိုး နဲ့က ချစ်သူတွေပေါ့…´´ ဒီကောင် ဘာလဲကွ နာချင်နေပြီလား

``အစစ်ပေါ့ မယုံရင် ကြိုက်တဲ့လူမေးကြည့်…´´

``ပိုးက ညီ့ကို ချစ်တယ်လို့ အဖြေပေးခဲ့တာပေါ့နော်… ကိုယ်မေးတာ ဟုတ်လား…´´
ဘယ်လိုမှ သည်းခံစိတ်မထားနိုင်တဲ့အဆုံး

``ဒီမှာ ခင်ဗျားကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်ပါ သူများကိစ္စ၀င်မစပ်စုပါနဲ့ အဓိက က ပိုးနဲ့ လုံးဝမပတ်သတ်ပါနဲ့…´´

``ကိုယ်က ပိုးကိစ္စ ကိုယ့်ကိစ္စလို့ပဲ သဘောထားတယ် ဆိုရင်ရော…´´

``ဆောရီးပဲ ကိုယ့်လူ... ကျုပ်လက်သီးက နေရာမရွေးဘူး….´´

``ဟား တတိယနှစ် တက္ကသိုလ်ကျောင်းသားကြီးကလည်းကလေးကလားဆန်လိုက်တာ… ဆယ်တန်းတုန်းကလို မိန်းကလေးတစ်ယောက်ကြောင့် ထိုးဟယ် ကြိတ်ဟယ်ဖြစ်တာ ဒီအရွယ်မှာ ရှက်တတ်ဖို့ကောင်းနေပါပြီ ကာယကံရှင် မိန်းကလေးသိက္ခာလည်း အများကြီးနစ်နာပါတယ်… ဥာဏ်သုံးပြီးရှင်းကြပါစို့…´´

စကားပြောပုံကိုက ဆရာကြီးလိုလို ဘာလိုလို … သောက်ချိုးကိုမပြေဘူး…

``ဘာမှ ရှင်းစရာအကြောင်းမရှိဘူး ခင်ဗျားလာမရှုပ်ဖို့က လိုရင်းပဲ ရှင်းတယ်နော်…´´

``ဒီမယ်ညီ.. ပိုးဟာ အသက်ပြည့်ပြီးသား စဉ်းစားဆင်ခြင်နိုင်တဲ့မိန်းကလေးတစ်ယောက်ပါ…သူ့မှာလည်း သူ့လွတ်လပ်ခွင့်….´´

``ဟာဗျာ… မသိဘူး… အဲ့ဒါတွေ ကျွန်တော်မသိဘူး… ဒီမှာ ခင်ဗျားကို ကျွန်တော် နောက်ဆုံးသတိပေးမယ်… ပိုး နားကိုချဉ်းကပ်ဖို့ လုံးဝ မကြိုးစားပါနဲ့… ပြောထားလျက်သားနဲ့မှ ခင်ဗျားစည်းကျော်လာရင် ကျွန်တော့်အဆိုးမဆိုနဲ့… လာ… ပိုး သွားမယ်…´´ ပိုး လက်ကို ကျွန်တော် ဆောင့်ဆွဲပြီးထွက်လာခဲ့တယ်…

အိမ်ပြန်တစ်လမ်းလုံး ကျွန်တော်ပိုးကိုစကားမပြောဘူး… ပြောချင်တာတွေက အများကြီးပဲ ရင်ထဲမှာ ပြည့်ကျပ်နေတယ်…အသက်တောင်ရှူလို့မ၀သလိုပဲဗျာ…. တကယ်တမ်းပြောမယ်ဆိုတော့ စကားလုံးတွေက တစ်လုံးမှ ထွက်မလာဘူး… ပိုးကတော့ အမှားလုပ်မိထားလို့ မျက်နှာငယ်လေးနဲ့ ငြိမ်ငြိမ်လေး လိုက်လာတယ်…
ပိုးကို အိမ်ပြန်ပို့ပေးပြီး ကျွန်တော်တန်းပြန်လာခဲ့တယ်… ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး… ပိုးကျွန်တော့်အပေါ်သစ္စာဖောက်တယ်လို့ တွေးမိရင် ၀မ်းနည်းတယ်ဗျာ… ယောက်ျားတန်မဲ့မျက်ရည်တောင်ဝဲမိတယ်… တကယ်ဆို ပိုးအပေါ် ကျွန်တော်က အမြဲအနိုင်ယူခဲ့ပေမယ့်… အခုပိုးကို ဒီလိုအခြေအနေမျိုးနဲ့ မြင်လိုက်ရတော့ ပိုးဟာ ကျွန်တော့်ဘ၀ကို အနိုင်ယူထားတယ်ဆိုတာ အလန့်တကြားသိလိုက်ရတယ်… ပိုးကို လက်လွတ်ဆုံးရှုံးရရင်ဆိုတာကို တွေးမိရင် ကျွန်တော့်ရင်ဘတ်ကို မီးစနဲ့ထိုးသလိုခံစားရတယ်… ပိုး ရယ် … ဒါတွေနင်မသိဘူးနော်… အိပ်ယာပေါ်အလူးလူးအလှိမ့်လှိမ့်နဲ့ တစ်ယောက်တည်း အတွေးတွေကြားမှာ နစ်မြောနေတုန်း မေမေက ကျွန်တော့်ဖုန်းလာကြောင်း လှမ်းအော်တာနဲ့ အောက်ကိုဆင်းပြီး ဖုန်းကိုင်လိုက်တယ်…

``ဟလို…´´

``ကိုညိုလား…´´

``သြော် ကြည်ပြာ… ဟုတ်တယ်.. ကိစ္စထူးလို့လား…´´

``ထူးတာပေါ့… ပြန်ရောက်တာ အကြောင်းမကြားတဲ့ကိစ္စ.. မနက်ဖြန်ကျောင်းရောက်တဲ့အထိမစောင့်နိုင်လို့ အခုဖုန်းဆက်ပြီး ရန်တွေ့တာ.. ကိုညို မကောင်းဘူးကွာ.. ကတိမတည်ဘူး…´´

``ဆောရီးပါဗျာ… ဆောရီးပါ… တကယ်ကို မအားတာ… လာမလို့ပဲ ဒီနေ့လည်း ကျူတိုရီယယ်ရှိနေတာနဲ့…´´

ကျွန်တော်လည်း မုသာဝါဒကံကို သူနဲ့ကျမှပဲ အလုံးအထည်နဲ့ကို ချိုးဖောက်နေမိတော့တာပဲ

``သွားပါ ပြောလိုက်ရင် ဆင်ခြေချည်းပဲ… တတ်လည်းတတ်နိုင်တယ်…´´

``အဟင်း တကယ်ပါ… ပြောတော့လည်း မယုံ…´´

``ထားပါ… တနင်္ဂနွေနေ့ ကြည်ပြာ့မွေးနေ့ အိမ်မှာ ပါတီပေးမှာ လာရမယ်နော်…´´

``ဟိုလေ… ကိုညိုက အဲ့ဒီလို ပွဲတွေ…´´

``ဟိတ်… မရဘူးနော်… မရဘူးဒီတစ်ခါတော့ ဘယ်လိုဆင်ခြေမှ လက်မခံနိုင်ဘူး ဒီတစ်ခါပျက်ကွက်လို့ကတော့ တကယ်စိတ်ဆိုးပြီး အစ်ကိုအဖြစ်ကလည်း စွန့်လွှတ်မယ် … ဒယ်ဒီကလည်း စိတ်ဆိုးမှာ…´´
ကျွန်တော် တော်တော်စိတ်အိုက်သွားတယ်…

``အင်း ဟုတ်ကဲ့ပါ လာဖြစ်အောင် ကြိုးစားပါ့မယ်…´´

``ကြိုးစားတာမလိုချင်ဘူး… လာဖြစ်တာပဲလိုချင်တာ you are my special one လေ မလာလို့ မရဘူးနော်… အားလုံးကို ကြေငြာထားပြီးသား ကိုညိုမလာတာဟာ ကြည်ပြာ့ကို အရှက်ခွဲတာလို့သာ မှတ်လိုက်တော့..´´
သေသာ သေလိုက်ချင်တော့တာပဲ… တကယ် ကိုယ့်အပူနဲ့ကိုယ်တောင် အနိုင်နိုင်ကို သူကတမှောင့်

``အိုခေ.. လာဖြစ်အောင်လာပါ့မယ်… ကဲ ကျေနပ်ပြီလား…´´

``အင်း ကတိနော် ဒီတစ်ခါတော့ တည်ပါစေ…´´

``စိတ်ချ..တည်စေရမယ်… ´´

``အင်း ဒါဆို တာ့တာနော်..´´

``အင်း အင်း ဒါပဲနော်..´´
--------------------------

မနေ့က ဖြစ်ထားတဲ့ပြဿနာ အရှိန်နဲ့ ကျွန်တော်ပိုးကို ဒီနေ့လည်း စကားဟုတ်တိပတ်တိ မပြောချင်ဘူး… မပြောမဖြစ် ကားလာပြီ.. နင်အရင်တက် … ဘာစားမလဲ… တို့ဆိုတာက လွဲရင် ဟက်ဟက်ပက်ပက် မပြောဖြစ်ဘူး ညနေလည်း သူ့ကို အိမ်ပြန်ပို့ပေးပြီး ကျွန်တော်အိမ်ပြန်လာခဲ့ပေမယ့် ရင်ထဲမှာ အစိုင်အခဲတစ်ခုခုဖြစ်ကျန်နေတယ်… ကျွန်တော့်မှာ အဲ့ဒါကိုတွေးတွေးပြီးနေမထိ ထိုင်မသာဖြစ်နေတာ ဟိုငနဲ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်ပေါ့…. ပိုးက ကျွန်တော့်ကိုချစ်တယ်လို့အဖြေပေးခဲ့သလားဆိုတာ… ပိုး နှုတ်ကဖွင့်မပြောပေမယ့် ချစ်မှာပါ ကျွန်တော်တောင် သူ့ကိုချစ်တယ်လို့တစ်ခါမှမပြောဖူးပဲ ချစ်သေးတာပဲကို… အဟား ဒီကောင်အရူးပဲ…ပိုးနဲ့ ကျွန်တော့်ကြားက သံယောဇဉ်ကို ပေါ့သေးသေးထင်လို့… အပေါ်ယံ ပါးစပ်ကပြောတာကို ဒင်းက အတည်ယူချင်သေးတာ… တော်တော်ရယ်ရတဲ့ကောင်… သူက ပိုးအကြောင်းဘယ်လောက်လို့တုန်း.. ဘယ်သူမှ မသိနိုင်တဲ့ ပိုး ဘယ်ဘက်ပေါင်ဘေးမှာ အစိမ်းရောင် အမှတ်ဝိုင်းလေးပါတာကအစ ကျွန်တော်သိတယ်ဗျာ…ကဲ… ဘာတတ်နိုင်သေးလဲ… ကိုယ့်ကိုကိုယ် အဲ့လိုတွေတစ်ဖတ်သတ်ဖြည့်တွေးနေပေမယ့် ဟိုလူ့မေးခွန်းက ကျွန်တော့်ကို ခြောက်လှန့်နေဆဲပဲ… ဒါနဲ့ ကျွန်တော်နေလို့မရတော့တာနဲ့ ပိုးဆီက တိကျတဲ့အဖြေတစ်ခုခု သိရအောင်လုပ်မယ်ဆိုပြီး ပိုးတို့အိမ်ဘက် ထွက်လာခဲ့တယ်… ပိုးအစ်မက ပိုးမရှိဘူး စာအုပ်ဆိုင်သွားတယ်တဲ့…. ခါတိုင်းကျွန်တော် အိမ်ကနေပဲ ထိုင်စောင့်တတ်ပေမယ့် ဒီနေ့မှ စိတ်လောနေတာမို့ စာအုပ်ဆိုင်ကို လိုက်သွားတယ်….

ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားတယ်… ပိုးနဲ့ ဟိုကောင် စာအုပ်ဆိုင်ရှေ့မှာ အတူတူရပ်ပြီးစကားပြောနေပါလား… ပိုးနေ့တိုင်း စာအုပ်ငှားလိုက် ပြန်အပ်လိုက် လုပ်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ… ဒီကောင် ဒီလိုပဲနေ့တိုင်း ပိုးနဲ့ဒီမှာတွေ့နေကြလား ဒါကြောင့်ပိုးစာအုပ်ငှားတာကြာတာလား… ဒါကြောင့် ကျောင်းမှာဖမ်းလို့မမိတာလား… အတွေးတွေက ခေါင်းထဲကို ဆက်တိုက်ဆိုသလို တန်းစီပြီးဝင်လာတယ်…

ငါ …ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ…စဉ်းစားစမ်း …

ကျွန်တော်ပိုးတို့အိမ်ပြန်ပြီး မမိုးကို ပိုးပိုးကိုလိုက်ကြည့်ပါဦလို့ ခေါ်ပြီး သူတို့နှစ်ယောက်ကို ပြလိုက်တယ် …
နှစ်ယောက်လုံးကလည်း ရယ်လို့မောလို့ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်မိပုံမပေါ်ဘူး… မမိုးရှက်လည်းရှက် ဒေါသလည်းထွက်ပြီး ကျွန်တော့်ကိုလည်းအားနာနေတယ်

``မင်းညိုရယ် နင့်ကိုအားနာလိုက်တာ… ပိုးပိုး ပိုးပိုး သိမယ်… အမျိုးတွေကို အရှက်ကွဲအောင်လုပ်ချင်တဲ့ဟာမ သိမယ်…´´

``ကျွန်တော်တို့ ဘာဆက်လုပ်ကျမလဲ မမိုး…´´

``လောလောဆယ် အိမ်ပြန်မယ် … လမ်းမကြီးမှာရှင်းရင်လူသိပါတယ်… ´´
ဆိုပြီး အိမ်ကိုပြန်လာကြတယ်…

ဧည့်ခန်းမှာ နှစ်ယောက်တစ်ယောက် တစ်နေရာစီထိုင်ပြီး ပြဿနာကို ဖြေရှင်းဖို့အတွေးကိုယ်စီနဲ့…

``သူတို့ အကြောင်း နင် ဘယ်လောက်သိလဲ မင်းညို…´´

မမိုးကမေးတော့ ကျွန်တော်လည်း သိသလောက် အကုန်မခြွင်းမချန်ပြောပြလိုက်တယ်… ကျွန်တော့်ကိုယ်ကျွန်တော်မှန်တယ်လို့ ထင်တယ်…

``အေး ဟုတ်ပြီ ဒီကိစ္စခေါင်းအေးအေးထားပြီး စဉ်းစားမှဖြစ်မယ် အလောတကြီးလုပ်ရင် ပြဿနာတွေ ပိုရှုပ်ထွေးလာနိုင်တဲ့အပြင် လူသိရှင်ကြားဖြစ်ကုန်ရင် မေမေတို့ဖေဖေတို့ ဦးတို့အန်တီတို့ အားလုံးအရှက်ရကုန်လိမ့်မယ်…လောလောဆယ် နင် အိမ်အရင်ပြန်နှင့် နင်ရှိနေရင် ပိုးပိုးက ငါမေးတဲ့အခါကျ ဖြေရခက်နေလိမ့်မယ် မိန်းမချင်းချင်းကျ ပိုမေးလို့ကောင်းတာပေါ့´´

မမမိုး စီစဉ်တဲ့အတိုင်း ကျွန်တော်အိမ်ပြန်လာတယ်… ပုံမှန်အတိုင်းထမင်းစားပြီး အိပ်ခန်းထဲ တန်းဝင်ခဲ့တာပဲ…ညကျတော့ မေမေက ကျွန်တော့် အခန်းတံခါးလာခေါက်ပြီး…

``သား ပိုးပိုးနဲ့ဘာတွေဖြစ်ကြလဲ…မေမေဖြင့် ရင်တွေတုန်လိုက်တာ သားရယ်… မေမေတို့လည်း ဘာမှမသိရပါလား… မမကြည်ဖုန်းဆက်ပြောမှသိတယ်… ကိုထွန်းဇော်တစ်ယောက်တော့ ဒေါသပုံထနေတယ်တဲ့… သားသိသလောက် မေမေတို့ကိုလည်း ပြောပါဦး.. ´´

မေမေက မေးတော့ ကျွန်တော်လည်း ညနေက မမိုးကိုပြောတဲ့အတိုင်း တပုံစံတည်း ပြန်ပြောလိုက်တယ် အပိုအလိုမရှိ အတတ်နိုင်ဆုံး အမှန်တရားဖြစ်အောင် ကျွန်တော်ပြောပါတယ်…

``အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ… သားက ဘယ်လိုဖြစ်စေချင်တာလဲ…´´

``သားက မေမေတို့ သဘောပါပဲ….´´

``ဒီလိုဆို မေမေ သားဖေဖေနဲ့ တိုင်ပင်လိုက်ဦးမယ်နော်…´´ ဆိုပြီး မေမေပြန်ထွက်သွားတယ်
ကျွန်တော့်ကိစ္စဆိုပေမယ့် ကျွန်တော်လူကြီးတွေ ဆွေးနွေးတာကို ၀င်မစွက်ဖက်ချင်ပါဘူး… သူတို့က ကောင်းသလို တစ်ခုခုစီစဉ်ပါလိမ့်မယ်လေ… ဘာတွေဆက်ဖြစ်ကြတယ်ဆိုတာတော့ ကျွန်တော်မသိဘူး ဖေဖေနဲ့မေမေ ညတွင်းချင်းပဲ ပိုးတို့အိမ်ကိုရောက်သွားတယ်… ပြန်လာတော့

``သား ဖေဖေတို့ အမြင်တော့ ဒီလိုကိစ္စမျိုးက ခုရှုပ်မှနောင်ရှင်း မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပဲ… ရှည်ရှည်ဝေးဝေး မပြောချင်ဘူးသားရယ်… ပြဿနာကို အကောင်းဆုံးဖြေရှင်းပြီး နောက်ထပ်မဖြစ်အောင်ကာကွယ်တဲ့နည်းလမ်းကတော့ မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးလိုက်တော့မယ်…´´

``ဗျာ…´´ကျွန်တော်ဘယ်လိုမှ မျှော်လင့်မထားတဲ့စကား

``ဟုတ်တယ်သား… အစကတော့ ကျောင်းပြီးမှလက်ထပ်ပေးမယ်လို့ စိတ်ကူးပေမယ့် အခြေအနေက အခုလိုဖြစ်လာတယ်… လောလောဆယ်တော့ တရားရုံးမှာ အသိသက်သေအနေနဲ့ လက်မှတ်ထိုးထားရုံပဲ ဧည့်ခံပွဲတော့ နောက်မှအချိန်ယူ စီစဉ်တာပေါ့… လက်မှတ်ထိုးမှာကတော့ ဒီတနင်္လာ… ရက်ရာဇာကျလို့ ရွေးထားတယ်…´´

``ဗျာ.. တနင်္လာ…´´ ကျွန်တော် ထပ်ဆင့်ဗျာပြီး ပါးစပ်အဟောင်းသားနဲ့ ဘာမှကို ပြန်မပြောနိုင်တော့ဘူးဖြစ်သွားတယ်... ဒီနေ့က သောကြာ… တနင်္လာဆိုတော့ နောက် ၂ ရက်နေရင်ပေါ့…. ပိုးကို အဲ့ဒီလောက်မြန်မြန်လက်ထပ်ရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားမိဘူး…ကျွန်တော်တို့နှစ်ယောက်ကျောင်းပြီးလို့ ဘွဲ့ဓါတ်ပုံတူတူရိုက်ပြီးမှ မင်္ဂလာဝတ်စုံဝတ်ရမယ် ထင်နေတာ… ကျွန်တော်ရင်တွေခုန်လွန်းနေတယ်… ဖေဖေနဲ့မေမေရှေ့မှာ ကြာကြာဆက်မထိုင်ရဲတော့တာမို့ ကိုယ့်အခန်းထဲပဲကိုယ်ပြန်လာခဲ့လိုက်တယ်… နောက် ၂ ရက်နေရင် ပိုးက ကျွန်တော့် တရားဝင် ဇနီးမယားဖြစ်တော့မှာတဲ့… ကျွန်တော့်တစ်ကိုယ်လုံးက သွေးကြောတွေ ရှိန်းတိမ်းဖိန်းတိမ်းကြီးဖြစ်သွားတယ်… ကျွန်တော့်အတွေးထဲမှာ ကျွန်တော်တို့နှစ်ယောက် တည်ဆောက်ထားတဲ့ မိသားစု ဘ၀လေးကို စိတ်ကူးနဲ့ ပုံဖော်ရင်းအိပ်ပျော်သွားတာ.. အိပ်မက်ထဲမှာ…သူက ကျွန်တော့်ကို `မောင်´လို့ခေါ်တယ် …

နောက်နေ့ စနေနေ့တစ်နေ့လုံး ကျွန်တော်ပိုးတို့အိမ်မသွားဘူး… ပိုးကို မျက်နှာချင်းဆိုင်ရမှာ ရှက်လို့… ရယ်ရတယ်နော် … မိန်းကလေးဖြစ်တဲ့ပိုးကဘယ်လိုနေလဲ မသိဘူး… ကျွန်တော်ကတော့ ရှက်တာပဲသိတယ်… မေမေက ဗိုလ်ချုပ်ဈေးခေါ်ကိုခေါ်သွားပြီး တနင်္လာနေ့ကျရင် ကျွန်တော်ဝတ်ဖို့တိုက်ပုံနဲ့ပိုးပုဆိုးလိုက်ရှာဝယ်ပေးတယ်… ဘာမဆိုင် ညာမဆိုင် ပိုးပုဆိုး ၀တ်ရလို့ ကြည်နူးမိသေးတယ်… ပိုးနာမည်ပါတာကိုး…ရုတ်တရက် မနက်ဖြန် ကြည်ပြာ့မွေးနေ့ရှိတာ သတိရပြီး မွေးနေ့လက်ဆောင်ပါပေးရင်ကောင်းမလဲဆိုတာ မေမေနဲ့တိုင်ပင်ပြီး ကျောက်စီရင်ထိုးပုံလေး ၀ယ်ခဲ့တယ်… အတွေးထဲမှာတော့ မနက်ဖြန်မွေးနေ့ပွဲကို ပိုးကိုပါ ခေါ်သွားမယ်… ဟိုရောက်ရင် ဒါမနက်ဖြန်ငါနဲ့ လက်ထက်မယ့် ဇနီးလောင်းအချောအလှလေးလို့ မိတ်ဆက်ပေးရင်း သြဘာပေးခံမယ်လို့ကြိတ်ပြီး စိတ်ကူးမိသေးတယ်… ဒါဆိုကြည်ပြာလည်း ကျွန်တော့်အပေါ်မလိုအပ်ပဲ သံယောဇဉ်တွေပိုနေစရာမလိုတော့ဘူးလေ… တစ်ချက်ခုတ် နှစ်ချက်ပြတ် ကဲ မပိုင်လား…
--------------------------

လေးနာရီလောက် ရေမိုးချိုးပြီး ပိုးတို့အိမ်ဘက်ထွက်လာတယ် ပိုးကိုတော့ ကျွန်တော်ဘာမှ ကြိုမပြောထားဘူး တမင်တကာ မပြောပဲထားတာ… ဖုန်းဆက်ရင် ဘယ်လိုပြောရမှန်းလဲမသိဘူး ရှိုးတိုးရှန်းတန်းကြီး… ခါတိုင်းလဲတွေ့နေကျ ပြောနေကျကို ခုမှ ဘယ်လိုတွေဖြစ်နေမှန်းမသိဘူး ကိုယ့်ကိုယ်ကိုယ် မာန်တင်းပြီးထွက်ခဲ့တာ သူတို့ခြံရှေ့ရောက်တော့ ရင်အခုန်သား… ပိုးပိုး ခြံထဲက ဒန်းပေါ်မှာ တင်ပလင်ခွေထိုင်ပြီး စာအုပ်တစ်အုပ်ကိုဖတ်နေတယ်… ကျွန်တော့်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေ ရုတ်တရက် ခက်ထန်သွားတာ ကျွန်တော် အလန့်တကြားတွေ့လိုက်တယ်…

``အိမ်ကလူတွေရော…´´ ဘာပြောရမှန်းမသိတာနဲ့ ကျွန်တော်လဲ ပါးစပ်ထဲရှိရာ မေးလိုက်တယ်..

``မရှိဘူး အကျီသွားရွေးကြတယ်…´´

``သြော် ငါလည်း မနေ့က အကျီနဲ့ ပုဆိုးသွားဝယ်တယ်ဟ သိလား…´´

``အင်း…´´

``ငါ အခု ဆရာ ဦးအောင်နိုင်သမီး မွေးနေ့ပွဲ သွားမလို့ နင့်ကိုလာခေါ်တာ…. ထ အ၀တ်အစားလဲ… သွားရအောင်…´´
ပိုး ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး ကျွန်တော့်ကို ဖြတ်ခနဲ လှမ်းကြည့်တယ်… ပိုးမျက်လုံးတွေ စိမ်းနေတယ်…

``နင့်ကို ဖိတ်ထားတာ နင်သွားပါလား ဘာလို့ငါ့ကိုလာခေါ်နေတာလဲ မလိုက်ချင်ဘူး…´´

``မဟုတ်ဘူးလေ ပိုးရယ် ငါတစ်ယောက်တည်းဆို ဟိုမှာ သိတဲ့လူလည်းရှိတာမဟုတ်ဘူး မွေးနေ့ရှင်ကလည်း ဟိုလူ့ဧည့်ခံရ ဒီလူ့ဧည့်ခံရနဲ့ဆို ငါက ကြောင်တောင်တောင်ဖြစ်နေမှာစိုးလို့…´´

``သြော် အဲ့ဒီတော့ ငါက နင့်အပျင်းတော်ပြေ… လိုက်ခဲ့ပေးရမယ်ပေါ့… ငါမလိုက်ချင်ဘူး နင့်ဘာသာသွား….´´

``မဟုတ်ဘူးလေဟာ နင်ကလည်း ဘယ်လိုဖြစ်နေတာလဲ အကောင်းပြောနေတာကို…´´

``ဘာ……….. ဘာပြောလိုက်တယ်… ငါ ဘယ်လိုဖြစ်နေတာလဲဆိုတာ နင်မသိဘူးလား… ´´

``ဘာဖြစ်နေတာလဲ ပိုးပိုး…´´

``လူသတ်ချင်နေတာ… လူသတ်ချင်နေတာ… ဘ၀တစ်လျှောက်လုံး လှောင်အိမ်ထဲကငှက်တစ်ကောင်လို အကျဉ်းကျခံထားရပြီး အမျိုးမျိုးစေသမျှ အသုံးတော်ခံပြနေရတဲ့ မိန်းမတစ်ယောက် ဒီလောက်တောင်ပေါက်ကွဲခွင့်မရှိဘူးလား…´´
ပိုးဟာ အချိန်မရွေးပေါက်ကွဲတော့မယ် ဗုံးတစ်လုံးလိုပဲ… သိပ်ကို ကြောက်စရာကောင်းနေတယ်… ကျွန်တော်သိတဲ့ ယုန်ငယ်လေးဟာ ကျားရဲမလေးအသွင်ပြောင်းသွားတယ်…

``နင်ဘာကို ပြောချင်တာလဲ ပိုး ငါ့ကို ရှင်းရှင်းပြော…´´

``အေး ရတယ်… သိပ်ရတယ်… ငါကလည်း ရှင်းရှင်းပဲပြောချင်နေတာ ကြာလှပြီ… နင် လုပ်ရပ်တွေက တစ်ဆိတ်အောက်တန်းမကျလွန်းဘူးလား ဟင် မင်းညို…´´

``ငါက ဘာလုပ်လို့လဲ…´´

``ဟား ဟား ဘာလုပ်လို့လဲ ဟုတ်လား ရယ်ရတယ်… အေးလေ နင်က ဘာမှမလုပ်ပါဘူး ငါ့တစ်ဘ၀လုံး စုတ်ပြတ်သတ်သွားအောင် စနက်တံလေးကို ဖြုတ်ရုံလေးဖြုတ်ခဲ့တာ…ဒီမှာ မင်းညို နင်ယောက်ျားတန်မဲ့ အဲ့လောက်တောင်အောက်တန်းကျလိမ့်မယ်လို တစ်ခါမှ မတွေးခဲ့မိဘူး … နင်နဲ့သူငယ်ချင်းဖြစ်ခဲ့ရတာတောင် သနတယ်…´´

``မိပိုး နင့်စကားတွေ လွန်နေပြီနော်…´´
``လွန်ပါစေ ဘာကို ဂရုစိုက်ရမှာလဲ… မနက်ဖြန်နင်နဲ့ လက်ထက်စာချုပ်မှာ လက်မှတ်ထိုးရတော့မယ်ဆိုမှတော့ ငါ့ဘ၀မှာ ဒီ့ထက်ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး… ဘယ့်နှယ့် ငါ ကိုလင်းထွဋ်နဲ့ စာအုပ်ဆိုင်မှာ စကားပြောတာကို မြင်ရုံနဲ့ ဒီအခြေအနေထိရောက်အောင် နင့်အဖေအမေကို မိန်းမလိုမိန်းမရ ပလီပြီး ငါ့အိမ်အထိ လွှတ်ပြီး အမှုမကြီးကြီးအောင်ဆင်တာ အဲ့ဒါ အောက်တန်းမကျလို့ ဘာက အောက်တန်းကျမှာလဲ… ´´

``မဟုတ်ဘူး ပိုးပိုး နင် အထင်လွဲနေတာ ငါရှင်းပြမယ်…´´

``တော်… မကြားချင်ဘူး… နင့်ပါးစပ်က ထွက်တဲ့စကား ငါဘယ်တော့မှ မယုံတော့ဘူး… မိန်းမတစ်ယောက်ရဖို့အတွက်များဟာ …´´

``ပိုး ငါ့သိက္ခာကို နင်မစော်ကားနဲ့ မိန်းမတစ်ယောက်ရဖို့အတွက်မဟုတ်ဘူး နင့်မို့လို့…´´ ကျွန်တော့်စကားပင် မဆုံးလိုက်

``သြော် ဟော် ဟော် ဟုတ်တာပေါ့ ငါ့မို့လို့ပေါ့… တခြားမိန်းမ နင်အနိုင်ကျင့်သမျှအဲ့လို ငြိမ်ခံနေမလား…´´

``ငါက နင့်ကို အနိုင်ကျင့်တယ်… ဟုတ်လား ပိုးပိုး…´´

``မဟုတ်ဘူးလို့ နင်ငြင်းချင်သေးလို့လား… ဒါအခုမှ မဟုတ်ဘူး… ဟိုးလူမှန်းသိတတ်စကတည်းက… ငါ့ဘ၀ဟာ အဖေ အမေ အစ်မတွေ သြဇာအာဏာအပြင် နင့် ပုံစံခွက်ထဲမှာနေရတယ်… အတန်းဖော်ကျောင်းသားချင်းတူတူတောင် နင့် ခွင့်ပြုတဲ့လူနဲ့ပဲ ငါပေါင်းရတယ်… ကိုယ်ရတဲ့မုန့်ဖိုးနဲ့ ကိုယ်စားချင်တာဝယ်မစားရတဲ့ဘ၀… ကိုယ့်ဆန္ဒနဲ့ကိုယ် တစ်ခါမှမနေခဲ့ရတယ်ဘ၀… ငယ်ငယ်တုန်းက ငယ်သေးလို့ မစဉ်းစားတတ်သေးပေမယ့် ငါဟာ အရွယ်ရောက်လာပြီ ကိုယ်ပိုင်ဦးနှောက်ရှိတယ်… စဉ်းစားတတ်တယ် တွေးခေါ်တတ်တယ်… ခံစားတတ်တယ်… ပေါက်ကွဲတတ်တယ်… ဒါတွေ နင်မသိဘူး သိအောင်လည်း တစ်ခါမှ မကြိုးစားဘူး နင်သိတာ ငါ့ကိုမျက်စိဒေါက်ထောက်ကြည့်မယ် ချုပ်ချယ်မယ် ကန့်သတ်မယ်.. မိဘတွေပေးထားတဲ့ အခွင့်အာဏာကိုသုံးပြီး နင် ငါ့ကို လိုရာခိုင်းမယ်…´´

``မဟုတ်ဘူး မဟုတ်ဘူး…´´

ကျွန်တော် မဟုတ်ဘူးဆိုတာကလွဲရင် ဘာစကားမှ ဆက်ထွက်မလာတော့ဘူး ပိုးစကားတွေက ကျွန်တော့်နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်

``တစ်ဦးတည်းသောသားချင်းအတူတူတောင်မှ နင်က ငယ်ငယ်ကတည်းက သူများထက်ပို အတ္တကြီးတယ်… နင်ပိုင်ဆိုင်တဲ့ ပစ္စည်းဆိုရင် သေမတတ်စွဲလန်းတယ် မျက်စိအောက်ကအပျောက်မခံပဲ… အရိပ်တကြည့်ကြည့်နဲ့ရှိတတ်တယ်… အဲ့ဒီလိုပဲ နင့်အတွက် ငါဟာ နင့်အရုပ်သာသာပဲရှိတယ်… နင် မပါပဲ ဘယ်မှ မသွားတတ် မလာတတ် ဘာမှ မလုပ်တတ် မကိုင်တတ် အစစ အရာရာ နင့်ကိုပဲ မှီခိုအားထားအောင် နင်ပြောသမျှခေါင်းညိတ်တတ်အောင် နင်ဟာ ငါ့အတွက် essential ဖြစ်အောင် … ငါ့ကို နင်ပုံသွင်းထားခဲ့တယ်… ဆန္ဒရှိတဲ့အချိန် အချိန်မရွေးအိတ်ထဲက ထုတ်ကြည့်လို့ရတဲ့ ကော်ပတ်ရုပ်သာသာပဲ နင်ငါ့ကို သဘောထားတယ်…´´

``မဟုတ်ဘူး ´´လို့ အကျယ်ကြီးအော်ပြီး…

``ပိုးပိုး နင့်ကိုငါတကယ်ချစ်တာ….´´ ကျွန်တော့်ပါးစပ်က လွှတ်ကနဲ ထွက်သွားတယ်…

``ဘာ… ချစ်တယ်.. ဟုတ်လား ဟား ဟား လောကကြီးမှာ အပြောင်မြောက်ဆုံးဟာသကိုကြားရသလိုပဲ… နင့်လိုလူက ချစ်တတ်ရင် ငါ့အသက်နဲ့တောင်လောင်းရဲတယ်… သိလား… နင့်ကိုယ်နင်ပဲ ချစ်တတ်တာပါ သူများကို ဘယ်လိုချစ်ရမယ်ဆိုတာ နင်မသိဘူး… အချစ်မှာ ကန့်သန့်ချုပ်ချယ်မှုတွေမရှိဘူး … နားလည်မှုပဲရှိတယ်…´´

``နင့်ကို ဒါတွေဘယ်သူပြောလဲ….´´

ပိုး ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး… တစ်လုံးချင်းပြောတယ်

``ကို လင်း ထွဋ်…´´

``ဘာ…´´

``ဟုတ်တယ် ကိုထွဋ် ပြောတာ… ပြောရုံတင် မဟုတ်ပါဘူး သူက လက်တွေ့လည်း ငါ့ကိုနားလည်တယ်… လူတစ်ဖက်သားရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားရမယ်ဆိုတဲ့ သူ့စိတ်ဓါတ်ကို ငါသိပ်လေးစားတာပဲ သိလား…´´

``တော်တော့ ပိုးပိုး ဆက်မပြောနဲ့တော့…´´ ပိုးက သူ့စကားကို မရပ်ပါဘူး

``နောက်ပြီး တကယ်ချစ်ရင် လူတစ်ယောက်ရဲ့ အသိဥာဏ်နဲ့ အရည်အချင်းတွေ မြင့်မားနိုင်သမျှ မြင့်မားလာအောင် ကူညီလမ်းဖွင့်ပေးရမယ်တဲ့ ဘယ်လောက် လေးစားစရာကောင်းတဲ့ အတွေးအခေါ်လဲဆိုတာ… ပြီးတော့ လှောင်အိမ်လေးထဲမှာ ပိတ်မိနေတဲ့ ငါ့ကို သူ့ရဲ့ လုံခြုံနွေးထွေးပြီးလွတ်လပ်မှုတွေအပြည့်အ၀ရှိတဲ့ သူ့ရဲ့အသိုက်အမြုံလေးထဲကို ပျံသန်းခဲ့ပါတဲ့….´´

``နင်က သူ့ဆီ တကယ်သွားမှာလား ပိုး…´´ ကျွန်တော် အလန့်တကြားမေးလိုက်မိတယ်..

``အဟက်… တော်တော်ရယ်ရတဲ့မေးခွန်းပဲ… ငါပျံချင်ရင် ပျံလို့ရလို့လား လှောင်အိမ်သော့က နင်ချိုးလိုက်ပြီလေ …. မိဘစကားကိုမြေ၀ယ်မကျနားထောင်ရတဲ့ အစဉ်အလာကို အခွင့်ကောင်းယူပြီး နင်အခုငါ့ကို ချောင်ပိတ်ရိုက်ချလိုက်ပြီပဲ အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေမေးမနေစမ်းပါနဲ့… စိတ်ချပါ… ငါနင့်ကိုလက်ထက်မှာပါ… နင့်လှောင်ချိုင့်ထဲမှာပဲ တစ်သက်လုံးနေမှာ… ငါ့အတိတ်က ၀ဋ်ကျွေးဆပ်တယ်လို့ပဲ သဘောထားပါတယ်… နင်သာ နောက်ဘ၀ဆိုတာ ရှိခဲ့ရင် ၀ဋ်မလည်ပါစေနဲ့လို့ပဲ ငါဆုတောင်းတယ်…´´

``ပိုး … ပိုး… မဟုတ်ဘူး မဟုတ်ဘူးနော်….´´

``နင်လည်းမွေးနေ့ပွဲသွားရဦးမယ် နောက်ကျနေရော့မယ်… ´´ ပိုးက ပြောပြောဆိုဆိုနဲ့ အိမ်ပေါ်တက်သွားတယ် …
ကျွန်တော့်မှာသာပလက်ဖောင်းပေါ် ဦးတည်ရာမဲ့ လျှောက်ရင်း အတွေးတွေက တစ်စစီပျံ့လွင့်လို့…

ဝဋ်ကျွေး… ဒါပိုးအတွက် ၀ဋ်ကျွေးတဲ့လား…. ငါနင့်ကို အနိုင်ကျင့်တယ်တဲ့လား ပိုးရယ်… နင့်အတွက်လှောင်ချိုင့်တစ်လုံတဲ့လား… ပိုး ကျွန်တော့် မေတ္တာ စေတနာတွေနဲ့ ပိုးကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့တယ်လို့ တစ်ချိန်လုံး ဂုဏ်ယူခဲ့တဲ့ကျွန်တော် … အခု ပိုးဘ၀ တစ်ခုလုံး စိတ်ဆင်းရဲအောင် လုပ်မိလျက်သားဖြစ်သွားတယ်တဲ့ဗျာ…
ပိုးရယ် တောင်းပန်ပါတယ်… ငါ့ကို ခွင့်မလွှတ်ပါနဲ့… ဘ၀မှာ အကောင်းဆုံး ဆိုတာတွေကိုပဲ နင့်အတွက် ဖန်တီးပေးချင်ခဲ့တာ… နင်ပြောသလို ငါအတ္တသိပ်ကြီးလွန်းခဲ့သလား… ငါမှားခဲ့တယ်ဆိုရင် အဲ့ဒီစေတနာ အမှားအတွက် တကယ်ကို တောင်းပန်ပါတယ်ပိုးရယ် … လှိုက်လှိုက်လှဲလှဲကိုတောင်းပန်ပါတယ်… စိတ်ချပါ ပိုး… နင် စိတ်ချမ်းသာစေရမယ်…. ကျွန်တော်ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်တယ်…

--------------------------
``ကလင် ကလင် ကလင်….´´

``ဟလို…´´

``ပိုးပိုးလား…´´

``အေး…အောင်ကို…ပြော…´´

``ပိုးပိုး စိတ်ကိုခိုင်ခိုင်ထားနော်… ငါပြောတာသေချာနားထောင်…´´

``အေး ဘယ်သူ ဘာဖြစ်လို့လဲ… လန့်လိုက်တာ…´´

``မင်းညို မနေ့ညက ဆရာဦးအောင်နိုင်သမီး ကြည်ပြာ့ကို ခိုးပြေးသွားလို့…´´

``………´´

``……..´´

``………´´