ဆိုကြပါစို့….
ကျမသာယောက်ျားလေးဖြစ်ခွင့် ရခဲ့မယ်ဆို…
မနက်အစောကြီးထ၊ အခန်းပြတင်းပေါက်ကလိုက်ကာတွေကို ဘေးတဖက်တချက်ဆီကို ဆွဲဖယ်၊ ပြတင်းမှန်ကိုဖြတ်ပြီး ကျနော့်မျက်နှာကို နှုတ်ဆက်နမ်းမယ့် နေမင်းရဲ့ အကြင်နာရောင်ခြည်တွေ မက်မက်မောမောခံယူခြင်းဖြင့် ကျနော့်နေ့သစ်ရဲ့ နံပါတ်စဉ် ၁ ကို စမယ် …
ရေချိုးခန်းထဲမှာ အငဲ ဒါမှမဟုတ် လေးဖြူရဲ့ အပြင်းစားရော့ခ် သီချင်းတစ်ပုဒ်ကို အကျယ်ကြီးအော်ဆိုပြီး မျက်နှာသစ်၊ သွားတိုက် ရေမိုးချိုးပြီး ကျနော့မျက်နှာက အမွေးအမျှင်တစ်ချို့ကို cleansing foam၊ မုတ်ဆိတ်ရိတ်ဓါးနဲ့ ရှင်းလင်းရမယ်… သပ်သပ်ရပ်ရပ်နေရတာကို ကျနော်ကြိုက်တယ်လေ… မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ဆို ကျနော့်မျက်နှာက ရှိရင်းစွဲအသက်ထက် ပိုရင့်ရော်နေသလိုဖြစ်နေမှာ…
ရင်ဘတ်မှာ smiley ပုံပါတဲ့ အစိမ်းရောင်တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီရှည်တစ်ထည်ကိုကောက်စွပ်ပြီး ဆံပင်ကိုလည်း ဂျယ်နည်းနည်းသုံးပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပုံသွင်းပြီးရင်တော့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မလိုင်နံပြားနဲ့ လက်ဖက်ရည်ကျစိမ့်က ကျနော့ရဲ့ ၀မ်းတစ်ထွာကို နေ့လည် ၁၂ နာရီလောက်ထိတော့ အသံပိတ်ထားနိုင်ပါလိမ့်မယ်…
ဆိုင်ကဖွင့်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းကို လိုက်ညည်းရင်း ရုံးသွား၊ ကျောင်းသွား၊ ဈေးသွား ဖြတ်သွားသမျှကောင်မလေးတွေရဲ့ မနက်ခင်း လတ်လတ်ဆတ်ဆတ်အလှကို ခံစားမယ်…. ဘော်ဒါတစ်ယောက်တစ်လေတွေ့ရင် (ကိုယ်ကစိုက်ရှင်းရမယ့်လူမျိုးမဟုတ်ဘူးဆိုရင်) လက်ခေါက်မှုတ်ပြီး ဆိုင်ထဲလှမ်းခေါ်မယ်၊ ပြီးရင်ပရီးမီးယားလိဂ်အကြောင်း၊ မြန်မာနေရှင်နယ်လိဂ်အကြောင်း၊ လာလီဂါ၊ အီတလီစီးရီးအေနဲ့ ဒီကနေ့ကမ္ဘာမှာ ကုလသမဂ္ဂဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့က ကိုယ့်လောက်မှမသိတဲ့ ဘောလုံးနည်းပြတွေ ကမ္ဘာ့ခေါင်းဆောင်တွေလို့ လမ်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ အိပ်ဇောပိုက်သံ တဝေါဝေါနဲ့ အပြိုင် ဘိုလိုတစ်လုံးတစ်လေညှပ်သုံးပြီး ဘေးနားကလူတွေအထင်ကြီးအောင် အော်ကြီးဟစ်ကျယ်ဝေဖန်မယ်…
နောက်ပြီးရင်တော့ ကျနော့်ရဲ့သူမ သင်တန်းသွားမယ့်အချိန် လမ်းထိပ်မှာသွားစောင့်ကြိုပြီး သင်တန်းထိရောက်အောင် လိုက်ပို့ရင်းနဲ့ စကားတွေပြောမယ်ဗျာ… မနက်စာကို သူမဘာစားခဲ့သလဲ ကျနော်ဘာစားခဲ့တယ်… ညက အိပ်မက်ထဲမှာ သူပါတယ်ဆိုတာမျိုးပေါ့.. အဲ့ဒီအခါသူမက ကျနော့်ကို ပြုံးမယောင် နှုတ်ခမ်းတစ်စုံနဲ့ အလှဆုံးမျက်စောင်းတစ်ခု ကျနော့်ကမ္ဘာတစ်ခုလုံးခမ်းနားသွားအောင် စွန့်ကျဲလိမ့်မယ်… ခုနကဆိုင်မှာတုန်းက ကောင်မလေးတွေကိုလိုက်ကြည့်တာတော့ သူမကိုပေးသိလို့မဖြစ်ဘူး… သူမဟာ သ၀န်တိုတာကို ဘယ်တုန်းကမှထုတ်ပြတတ်သူမဟုတ်ဘူးလေ… ရင်ထဲမှာသိမ်းထားတတ်တဲ့သူက ပိုပူလောင်တာကို ကျနော်ကောင်းကောင်းနားလည်တာပဲ… သူမလက်ထဲမှာ ပိုက်ထားတဲ့ ဖိုင်တွဲလေးကိုကျနော်က ကိုင်ထားပေးရင်း ဘတ်စ်ကားဂိတ်မှာ သူမမျက်နှာကိုနေထိုးတဲ့အခါ ဖိုင်ကလေးနဲ့ ကာပေးထားမယ်… သူမရဲ့ ``လက်ညောင်းနေမှာပေါ့ ´´ ဆိုတဲ့ စကားလေးတစ်ခွန်းကြားရဖို့ ကျနော်ဒီလောက်တော့ အရင်းအနှီးစိုက်ထုတ်ရလိမ့်မပေါ့… ငါးပိသိပ် ငါးချဉ်သိပ်ကျပ်ညပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ… သူမကို လူတိုးမခံရအောင် ကျနော်က ကာထားပေးမယ်… တစ်ခါတစ်ခါ ကားဘရိတ်အုပ်လို့ ကျနော့်မေးဖျားကို သူမခေါင်းကလေးလာတိုက်မိတဲ့အခါ…`` နာသွားလား ဥုံဖွ… ´´ လို့ သူမက လေသံတိုးတိုးလေးနဲ့ပြောလိမ့်မယ်… အဲ့ဒီအခါ ကျနော့်ရဲ့တခွိခွိနဲ့ ကြိတ်ရယ်သံကြောင့် ဘေးကလူတွေလှည့်ကြည့်လို့ သူရှက်ရင် မျက်စောင်းလေးထိုးပြီး ကျနော့ ဗိုက်ခေါက်ကို သတိပေးသလို မနာအောင် လှမ်းဆိတ်တတ်သေးတယ်…
မိန်းကလေးတစ်ယောက်ကိုချစ်မိရင်ဆိုတဲ့ စိုင်းစိုင်းသီချင်းထဲကစာသားတွေကို ကျနော်အခုမှပဲ တကယ်သဘောပေါက်တော့တယ်… အချိန်တိုင်းမှာသူမနဲ့အတူရှိနေချင်တော့တာပဲ… သူမသင်တန်းတက်နေချိန်ဆို ကျနော် သင်တန်းအောက်က အအေးဆိုင်လေးမှာ သင်တန်းဆင်းတဲ့အချိန်ထိထိုင်စောင့်နေမယ်… သင်တန်းဆင်းလို့ လူတွေအလျှိုလျှိုထွက်လာကြတဲ့အထဲက သူမကိုမြင်လိုက်ရရင်ပျော်တဲ့အပျော်ဟာ ဘာနဲ့မှမတူဘူးဗျာ… ကျနော် သူမရဲ့ နှုတ်ထွက်အမိန့်မှန်သမျှကို နာခံမယ် … ဘိသိက်မခံထားတဲ့ ကျနော့်နှလုံးသား ဧကရီဘုရင်မ သူမအား ကျနော်ဟာ ကမ္ဘာပေါ်မှာရှိသမျှယောက်ျားတွေထဲက တစ်ခုတည်းသောရွေးချယ်ရာ ဖြစ်တယ်ဆိုတာ သူမကိုသိစေချင်တယ်… သူမ ချစ်တဲ့လူက စိတ်ချယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျနော် သက်သေပြချင်တယ်… ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်တဲ့အရာ မြတ်နိုးတဲ့အရာ ချစ်ခင်စုံမက်တဲ့အရာကို ဆုံရှုံးရတာ ယုံကြည်ချက်တွေ ဖျက်ဆီးခံလိုက်ရတဲ့အခါ ဘယ်လောက်နာကျင်ခံခက်သလဲဆိုတာ ကျနော်သိနေလို့ပဲ… ကျနော် သူမကိုမနာကျင်စေချင်ဘူးလေ…
သူမရဲ့သင်တန်းအချိန်ဇယားနဲ့ သူငယ်ချင်းတွေရဲ့နာမည်၊ သူမနောက်ဆုံးဈေးဝယ်ထွက်တဲ့နေ့ နဲ့ ၀ယ်နေကျ အကျီဆိုင် ဆိုတာတွေက ကျနော့်မှတ်ဥာဏ်တွေထဲမှာ အကန့်လိုက်အကန့်လိုက် သပ်သပ်ရပ်ရပ်နဲ့ နေရာပေးပြီးမှတ်သားထားမယ်…နှင်းဆီပန်းတစ်ပွင့်ဟာ သူမကို ပျော်ရွှင်စေတယ်ဆိုရင် ကျနော်ဟာ တစ်သက်လုံးနှင်းဆီခင်းထဲမှာပဲ အရိုးထုတ်တော့မယ် သူမအပျော်တွေကို ကျနော့်လက်နဲ့ တစ်ယုတစ်ယ တစ်ပွင့်ချင်းကိုပျိုးချင်လို့… နှစ်စဉ်နှစ်တိုင်းသူမမွေးနေ့တိုင်းမှာ ဘုရားအတူတူတက်မယ်… ငါးကလေးတွေ ငှက်ကလေးတွေကို သူမသက်စေ့လွှတ်ပြီး တစ်နှစ်တစ်မျိုးမရိုးတဲ့ အမှတ်တရလက်ဆောင်လေးတွေပေးမယ်… ကျနော့်မွေးနေ့တိုင်းမှာလည်း မွေးနေ့လက်ဆောင်အဖြစ် သူမလက်ရေးနဲ့`ချစ်တယ်´ရေးထားတဲ့ ပို့စ်ကတ်တစ်ခု မရရအောင်တောင်းမယ်… ချစ်တယ်ဆိုတဲ့စကားကို ပါးစပ်ကပြောခဲလွန်းတဲ့သူမဆီကနေ ကျနော်အမက်မောဆုံး မွေးနေ့လက်ဆောင်တစ်ခု ဆိုရင်လည်းမမှားဘူး… တစ်နှစ်ကို တစ်ခုနဲ့ အခု လေး၊ ငါး၊ ခြောက်ဆယ် အထိ နှစ်စဉ်နှစ်တိုင်း ကျနော်စုထားမယ်… နောင် သားသမီးမြေးမြစ်တွေရတဲ့အထိပေါ့…
ကျနော့်ဖုန်းကိုလည်းပိတ်ထားပြီး သူငယ်ချင်းတွေကို ဆက်သွယ်ရေးက ဘီလ်မဆောင်လို့ ပိတ်ထားတယ်လို့ပြောမယ်… သူမနဲ့အတူရှိနေတဲ့အချိန်တွေကို ဘယ်လိုမှတ်တစ်ကောင် ခြင်တစ်ပိုင်းကမှ နှောက်ယှက်တာမျိုးကို ခွင့်မပြုနိုင်ဘူး … သူမဘေးနားရှိနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းကို ကျနော် တန်ဖိုးထားမယ်… သူမဘ၀ရဲ့ စက္ကန့်တွေ စက္ကန့်တွေတိုင်းကို ပျော်စရာတွေချည်း ဖန်ဆင်းပေးနိုင်သူဖြစ်ချင်တယ်… ကျနော့်ဘ၀ရဲ့ အရေးကြီးဆုံးနေရာတွေမှာ သူမကို တစ်၊ နှစ်၊ သုံး ဖြစ်စေမယ် … သူမ မျက်လုံး၊ အပြုံး နဲ့ ရာသီတွေအကုန်လုံးမှာ ဘ၀ကို လုံးလုံးပုံအပ်ထားလိုက်တော့မယ်… ဘာဖြစ်လို့လဲဆိုတော့ သူမဟာ နှစ်အဆက်ဆက်တိုင်အောင် ကျနော်အိမ်ပြန်အလာကို သစ္စာရှိရှိစောင့်နေမယ့် နတ်သမီးတစ်ပါးဖြစ်တယ်ဆိုတာ ကျနော် အသေအချာသိနေလို့ပဲ…
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရှင် မသိပါဘူး… ဒါတွေ ရှင်မသိဘူး…
ဟုတ်တယ်… ရှင်က ယောက်ျားလေးပဲလေ…
မတော်တဆတစ်ခုပါ.. လို့ ရှင့်ပါးစပ်က လွယ်လွယ်ပြောထွက်တဲ့ တောင်းပန်တဲ့စကားတစ်ခွန်းနဲ့ ရှင် ပြုခဲ့သမျှအပြစ်တွေကို ကျမခွင့်လွှတ်မယ်လို့ ထင်ရင်တော့ ဆောရီးပဲ… ရှင်ထင်တာမှားတယ်… ရှင်ပြန်လာတာ မဆိုစလောက်လေး နောက်ကျသွားတယ်… ဒီ့ထက်နည်းနည်းစောရောက်ခဲ့ရင် ရှင်ထင်သလိုဖြစ်ကောင်းဖြစ်နိုင်ရဲ့… အခုတော့ ကျမဟာ ပြောသမျှခေါင်းညိတ်တတ်တဲ့ သူငယ်နပ်စားလေးမဟုတ်တော့ဘူး… ဒဏ်ရာဒဏ်ချက်တွေက တစ်ဘ၀လုံးစာ ရင့်ကျက်စေဖို့လုံလောက်ခဲ့ပြီးပြီလေ…
အဖြူ အနီ အပြာ တစ်ခါနဲ့တစ်ခါ ကာလာအရောင်ကွဲချင်ကွဲမယ်… ဒါပေမယ့် မာယာဆိုတာတော့ ကျမသေချာသိနေလေရဲ့… မိန်းကလေးတွေရဲ့ နှုတ်ကထွက်တဲ့ ချစ်တယ် ဆိုတဲ့စကားကိုရှင်နားမလည်ပါဘူး… ရှင်ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်ကို အစစ်အမှန်ချစ်ကြည့်ဖို့ တစ်ချက်ကလေးတောင် စိတ်မကူးခဲ့ဖူးဘူး … နှလုံးသားနဲ့ရင်းတဲ့ ယုံကြည်မျှော်လင့်ခြင်းက ပစ်ခွင်းတဲ့မြှားချက်က ဘယ်လောက်ပြင်းတယ်ဆိုတာ ရှင်မှမသိပဲ…
အင်းပေါ့လေ ရှင်ကယောက်ျုားလေးကိုးး ….




