Loading...
.

သြော် ပန်ကာ ... ပန်ကာ...

မနေ့တုန်းက စလုံးမှာ အိုင်တီရှိုးတစ်ခုဖြစ်တဲ့ Comex 2009 စလုပ်တယ်… ခါတိုင်းလုပ်နေကျနေရာမှာပဲ… Suntec City Convention Centre မှာ… ပွဲက ၄ ရက် ကြာမယ်… တနင်္ဂနွေနေ့ထိ… ဒါပေမယ့် ကျမသွားနိုင်တာ မနေ့ကတစ်ရက်တည်းပဲရှိတယ် ကျန်တဲ့အချိန်တွေက ဘယ်လိုမှကို မအားနိုင်လို့… စလုံးရောက်ကတည်းက ပျက်လိုက်တဲ့ headset … ၄ခုရှိပြီ… ကျမပုံမှန်ဆိုသိပ်မသုံးဖြစ်ဘူး headset ကို… အိမ်ကလူတွေလည်း အွန်လိုင်းမလာဘူး… ပြောစရာရှိရင် ဖုန်းနဲ့ပဲပြောတယ်… တခြားသူငယ်ချင်းတွေလည်းထိုနည်းလည်းကောင်းပဲ လိုင်းပေါ်တွေ့ရင် type ကြတယ်… ရုပ်ရှင်ဗီဒီရိုလည်းသိပ်မကြည့်ဖြစ်တဲ့ကျမ… သီချင်းတောင် တစ်ခါတစ်လေမှ နားထောင်ဖြစ်ပါတယ်… ပြောချင်တာက … တန်အောင်မသုံးရပဲ ခဏခဏပျက်တဲ့အကြောင်းပါ… Brandများမကောင်းလို့လားလို့ ဈေးကြီးတာဝယ်သုံးလည်းပျက်တာပါပဲ… တိုက်တိုက်ဆိုင်ဆိုင်ပြီးခဲ့တဲ့အပတ်က မောက်စ်ကလည်းသုံးနေရင်းနဲ့အလုပ်မလုပ်တော့ဘူး… ဒါပေမယ့် မောက်စ်ကတော့တန်ပါတယ်… လက်ပ်တော့ပ်ဝယ်ကတည်းက လက်ဆောင်ရတာဆိုတော့ တစ်နှစ်လောက်သုံးလိုက်ရသေးတယ်…မောက်စ်လည်းဝယ်ရဦးမှာပေါ့… နောက်တစ်ခါ မန်မိုရီစတစ်လည်း 4G တစ်ခုပဲရှိတာ သိပ်မလောက်ချင်ဘူး အခုပြည့်တော့မယ်ဆိုတော့ အဲ့ဒါလည်းလိုချင်သေးတယ်… ခုတလော ဟိုကပြော ဒီကပြောနဲ့ လက်ပ်တော့ကို ဟိုလိုမထားနဲ့ ဒီလိုထားတို့ ဟိုပေါ်မတင်နဲ့ဒီလိုတင်တဲ့ အပူကြောင့် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလား စုံနေတာပဲ… ဒါနဲ့ကိုယ်လည်းစိတ်အေးရအောင် သူ့အတွက် အောက်မှာခံတဲ့ပန်ကာတစ်လုံးဝယ်မယ်စိတ်ကူးတယ်…. နောက် … အလိုချင်ဆုံးက ကင်မရာ… မရှိမဖြစ်တော့မဟုတ်ဘူး ဒါပေမယ့် သူသူကိုယ်ကိုယ် လိုချင်တာပေါ့… နော့…

ကျမနဲ့အတူနေ အခန်းဖော်အစ်မကို မသွားခင်ညက အဖော်လိုက်မလားလို့မေးတယ်… သူလည်း ကင်မရာနဲ့ လက်ပ်တော့ပ်ပန်ကာလိုချင်တယ်ပြောဖူးတယ်လေ…

``အစ်မ မနက်ဖြန် အိုင်တီရှိုးရှိတယ်… သွားရအောင်…´´

``ဟုတ်လား ဘယ်အချိန်လဲ…´´

``ကိုးနာရီထိ သမီးက ခုနစ်နာရီမှ အားမယ်…´´

``အေး ပိုက်ဆံလည်း မရှိပါဘူးဟယ်…. မနက်ဖြန် သူငယ်ချင်းတစ်ယောက်ပွဲ(အလုပ်မှာထူးချွန်လို့ ဂုဏ်ပြုတဲ့ပွဲတစ်ခု) သွားစရာရှိတယ်…´´

``သြော် အင်း အင်း ပြီးရောလေ… လိုက်မလား မေးကြည့်တာ…´´

ဒါနဲ့ မနေ့က ကျမတစ်ယောက်တည်း လိုချင်တာတွေသွားဝယ်ခဲ့တယ်… ဒီလောက်တောင် ပျက်ချင်တဲ့ headset… ၂ ခုတောင်ဝယ်ပစ်ခဲ့တယ်… A4tech တွေတော်တော်လေးဈေးချထားလို့ ၀ယ်ခဲ့တယ်… မန်မိုရီစတစ်က 8G တစ်ခု၊ မောက်စ်တစ်ခု၊ ပန်ကာနဲ့ နောက် လိုချင်နေတဲ့ camera ၀ယ်ခဲ့တယ်… အပျော်တမ်းပါပဲ…
ပထမတော့ canon လိုချင်ပေမယ့် ဈေးကတော်တော်မြောက်နေလို့ Fuji Film ပဲ ၀ယ်ခဲ့တယ်… ကျွန်မ လက်ပ်တော့ပ်အတွက် ပန်ကာဝယ်ပြီး cashier မှာ ပိုက်ဆံရှင်းဖို့ တန်းစီနေတုန်း တရုတ်အဖိုးကြီးတစ်ယောက် ကျွန်မပန်ကာကိုလာကြည့်ပြီး တရုတ်လို တစ်ခုခုလာမေးတယ်… ကျမက တရုတ်လိုနားမလည်ဘူးလို့ပြောတော့မှ are you paying by cash or nets ? တဲ့ ကျွန်မလည်း cash လို့ဖြေလိုက်တော့ သူက ရွှေဆွဲကြိုးအကြီးကြီးဆွဲထားပြီး သားသားနားနားဝတ်ထားတဲ့ တရုတ်အဘိုးကြီးတစ်ယောက်ကိုလက်ညှိုးထိုးပြပြီး… သူက ဒီကသူဌေးဖြစ်ကြောင်းနဲ့ ပိုက်ဆံသူ့ကိုပေးရင်ရတယ်တဲ့ ပြောတယ်… ကျွန်မလည်းတော်တော်ရယ်ချင်သွားတယ်… နေပါစေ… cashier မှာပဲပေးမယ်လို့ပြောလိုက်တော့ တန်းစီရမှာအကြာကြီးပဲ စီချင်လို့လားတဲ့… ဟုတ်ကဲ့ လို့ပဲပြောလိုက်ပါတယ်… ဒါနဲ့ နောက်တစ်ယောက်ကိုထိုနည်းလည်းကောင်းလိုက်မေးနေတယ်… ဒီလူနှယ် ဒီလိုခေတ်မှာ ဒီလိုများလိမ်ဖို့စဉ်းစားရတယ်လို့ … သူများကိုလိမ်ချင်ရင်လည်း ပိပိရိရိပေါ့… အခုကကြည့်ဦး … မေးလိုက်ချင်တာ ပိုက်ဆံပေးရင် receipt က ဘယ်အပေါက်ကထွက်လာမှာလဲလို့… ဟုတ်တယ်…

ပထမဦးဆုံးနေ့ပဲရှိသေးတယ်… ၀ယ်တဲ့လူတွေကလည်း ကြိတ်ကြိတ်တိုးပဲ… ဒီမှာက ဒီလိုပွဲဆို တကယ်လည်းဈေးချတာကိုး ပစ္စည်းတွေက… နောက် ဒီလိုပွဲမှာဝယ်ရင် လက်ဆောင်တွေလည်း အများကြီးရတယ်လေ… အဲ့ဒါကြောင့် စလုံးတွေလည်း ဈေးချပြီဟေ့ဆို ပြေးပြီးသားပဲ… ကျမလည်း ကိုယ်လိုချင်တာပဲ မြန်မြန်ဝယ်လိုက်တယ်… တခြားပစ္စည်းတွေတောင် လိုက်မငမ်းနိုင်ပါဘူး … ကိုးနာရီ ပိတ်မှာဆိုတော့ အချိန်မမီမှာစိုးလို့… လူတွေတအားများတော့ စိတ်သွားတိုင်းကိုယ်မရောက်ဘူး တစ်နေရာကနေ တစ်နေရာသွားဖို့ မနည်းတိုးဝှေ့နေရတယ်… အဲ့ဒါကြောင့် ကျမလူရှုပ်တဲ့နေရာတွေမသွားချင်တာ… လိုချင်တာတွေအကုန်ဝယ်ပြီးတော့ အချိန်က ကိုးနာရီမတ်တင်း … အတော်ပဲပေါ့… ဒါနဲ့ ရထားတစ်တန် ကားတစ်တန်နဲ့ အိမ်ပြန်လာတယ်…

အိမ်မှာအခန်းဖော်အစ်မပြန်မရောက်သေးဘူး ဒါနဲ့ ကျမလည်း ၀ယ်လာတဲ့ မောက်စ်နဲ့ headset ကိုစမ်း… နောက် ပန်ကာလေးဘာလေးတပ်… ပြီးတော့မှ ကင်မရာကို ကတ်တလော့တစ်အုပ်နဲ့ ဟိုကလိ ဒီကလိလုပ်နေတာ … ဆယ်နာရီခွဲလောက်ထင်တယ်… အခန်းဖော်အစ်မပြန်ရောက်လာတယ်…

``ဟယ်… စိမ်း ကင်မရာဝယ်လာတာလား´´ တဲ့

``ဟုတ်တယ် အစ်မ…´´

`` ဒါဆိုနင် အိုင်တီရှိုးသွားပြီးပြီပေါ့…´´

``အင်းလေ…´´

``အဲ့ဒါ့များ ငါ့ဖို့ကျတော့ ပန်ကာမ၀ယ်ခဲ့ဘူး… ရတယ်နော် စိတ်ပုတ်တယ် ´´

သူပြောတာ လေသံနည်းနည်းမာတယ်လို့ ကျမထင်တယ်….

``အစ်မမှ ဘာမှမပြောတာ…´´

``နင်သွားမှာ ငါမှမသိပဲ…´´

``ဟမ် ညတုန်းက အစ်မကိုမေးတယ်လေ… သွားရအောင်လို့…အစ်မပဲ ပိုက်ဆံမရှိဘူးဆို…အားလည်းမအားဘူးဆို´´

``ပိုက်ဆံမရှိပေမယ့် လိုအပ်တာတော့ ၀ယ်ရမှာပေါ့… ကင်မရာလိုဟာမျိုးကိုမ၀ယ်ဘူးပြောတာ… နောက်ပြီးနင်က မနက်ဖြန်သွားမယ်လို့မှ မပြောတာ´´

စိတ်ထဲမှာ တစ်ချက်ထောင်းကနဲပဲ…

``မသိဘူးလေ အစ်မ ဘာမှမပြောတော့ သမီးလည်း ဘယ်သိမလဲ…´´

``ရပါတယ် ရပါတယ် စိတ်ဓါတ်လေးတွေသိရတာပေါ့…´´

``အစ်မကိုမေးသားပဲ …´´

``ဟုတ်တယ်လေမေးတယ် ဒါပေမယ့် နင်သွားမယ်လို့မှ မပြောတာ…´´

``မသိလို့ပေါ့ အစ်မရယ် … ပန်ကာက နှစ်ခုဝယ်ရင်ဈေးတောင်ပိုသက်သာသေးတယ်… အစ်မ မလိုချင်ဘူးမှတ်လို့ တမင်တောင် မ၀ယ်ခဲ့တာ… ´´

``ရပါတယ် ထားလိုက်ပါတော့ ကိစ္စမရှိပါဘူး..´´

ကဲ… ကျမ ဘာမှဆက်ပြောချင်စိတ်လည်းမရှိတော့ဘူး လောကကြီးမှာ အဲ့လိုအထင်လွဲတာတွေကို
လိုက်ဖြေရှင်းပြနေရတာလောက် မုန်းစရာကောင်းတာမရှိဘူး… သူများပစ္စည်းခိုးတာလည်း မဟုတ်… လိမ်တာလည်းမဟုတ်… ဟူး… ကျမ ဖြေရှင်းရတာတွေကို မကြိုက်ဘူး…
တကယ်ဆို ပန်ကာရွေးနေကတည်းက သတိရပါတယ်… တစ်ခုတည်းဆို ၂၅ ဒေါ်လာ နှစ်ခုဆို ၄၀ … ဖုန်းဆက်ကြည့်ဦးမလို့ပဲ… တော်ကြာ သူက သူ့ငယ်ချင်းရဲ့ ပွဲဆိုတော့ ခန်းမထဲရောက်နေမှာ အဲ့ဒီအချိန် ကျမဖုန်းထမြည်ရင် အဆင်မပြေဘူးလေ… ဆိုပြီး မဆက်ခဲ့တာ … နောက်တစ်ချက်က ကျမရွေးလာတာကို သူမကြိုက်မှာစိုးလို့ မမှာတာပဲလို့ထင်တာ… ကျမက မနေ့က တစ်ရက်တည်း သွားနိုင်တာ… သူကကျန်တဲ့ရက်တွေလည်းအားနေတယ်… စနေ ၊တနင်္ဂနွေဆိုရင်သူ့ချစ်သူလည်း အားတယ်ဆိုတော့ သူတို့ နှစ်ယောက်တူတူသွားချင်လို့ မမှာတော့တာပဲလို့ စိတ်ထဲမှာထင်လိုက်မိတာ… ကျမဆို တော်ရုံသူများကို မမှာဘူး တော်ကြာ ၀ယ်ခဲ့တာကို မကြိုက်ရင် ကိုယ်လည်းစိတ်တိုင်းမကျ … သူ့လည်းအားနာရတယ်… ကိုယ်တိုင်ရွေးရမှ ကျေနပ်တာ… အဲ့ဒါကြောင့် ကိုယ့်လိုပဲထင်လိုက်တာ… စေတနာကောင်းနဲ့ သူ့စိတ်ထဲထိဝင်ပြီး နားလည်ပေးလိုက်မိတာ… အမှန်းမတတ်တော့ ကိုယ့်စေတနာပဲ ကိုယ်ပြန်စူးပါတယ်…

သာမာန်ပုထုဇဉ်သာဖြစ်တဲ့ ကျမ ခဏတော့ ဒေါသဖြစ်သွားတယ်… နောက်မှ သြော် သူ့ဘက်ကကြည့်တော့လည်း ဒီလိုမျိုးထင်ချင်ရင် ထင်နိုင်စရာပဲလေလို့ ဖြေပါတယ်… ဆရာတော် ဦးဇောတိက ဆုံးမသလို ပြဿနာတစ်ခုဖြစ်ပြီဆိုရင် သူဘာမှားသလဲဆိုတာ နောက်မှကြည့်ပါ ကိုယ်ဘာမှားလဲဆိုတာပဲ အရင်ကြည့်ပါတဲ့…
ဟုတ်ပါတယ် တကယ်ဆိုကျမ `` သမီးမနက်ဖြန်သွားမှာ အစ်မ ဘာမှာဦးမလဲ…´´ ဆိုတဲ့ စကားတစ်ခွန်း မေးဖို့ကျန်ခဲ့တာ… ကျမ အမှားပါ…
အဲ့ဒီမေးခွန်းမေးဖြစ်ခဲ့ရင် ဒီလိုအဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး… ကျမတို့ နှစ်ယောက် အတူနေလာတာ တစ်နှစ်ကျော်ပြီ… တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး… စေတနာကို အထင်လွဲခံရတော့ စိတ်လည်းမကောင်းဖြစ်ရတယ်… အရာရာကိုခံစားလွယ်တဲ့ကျမ အိပ်ရာထဲမှာ အလူးလူး အလိမ့်လိမ့်နဲ့ ညဥ့်နက်တဲ့အထိ အိပ်မပျော်ခဲ့ဘူး…
နောက်မှ ဆရာတော် ဆုံးမတဲ့``ကိုယ့်စေတနာကို သူများကတန်ဖိုးမထားရင်လည်း စိတ်မပျက်နဲ့… ကိုယ့်စေတနာလေး ကိုယ်တန်ဖိုးထားတတ်ဖို့ အရေးကြီးတာ… ´´ ဆိုတာလေး နှလုံးသွင်းပြီး ကိုယ့်စိတ်ကိုယ်ပဲဖြေလိုက်ရပါတယ်တော့တယ်….

13 comments:

သံလွင် HeRo September 11, 2009 at 10:01 AM  

တွားမယ်...တွားမယ်...
ဝယ်နိုင်မနိုင်တော့ မသိဘူး
သွားငမ်းမလို့...ပိုက်ပိုက်မှမကုန်ပဲ...
နောက်ဆုံးတော့လည်း ငါးမရရေချိုးပြန်သလို
စီးတီးဟောမှာ ရေချိုး အဲ ဟုတ်ဝူး
ထမင်းစားပြန်တာပေါ့...
အဲဒါကြောင့်ပြောတာ လူတွေလူတွေ...
ပေါင်းရသင်းရ ခက်ကိုခက်လောတယ်.
အစ်မရေ...စိတ်ရှော့...စိတ်ရှော့...

မင်းနေဝေး September 11, 2009 at 7:06 PM  

အပေါင်းအသင်းရှားတယ်နော် .....
ဘာပဲဖြစ်ဖြစ် ... ခင်ပြီးသား အခင်အမင်ကိုတော့ မလျှော့ပါစေနဲ့ .... သူသည် ကိုယ်မဟုတ်လေ ...
နားလည်ပေးလိုက်ပါ .. ပြီးတော့ ဖြေသိမ့်လိုက်ပါ ကိုယ့်ကိုကိုယ် ... နော် ....

အိုက်ခီလောက် September 11, 2009 at 7:56 PM  

ဝယ်စရာတွေကလည်းများလိုက်တာ
တစ်ခုမှ မကျန်တော့ဘူး :D
ဒါနဲ့ သယ်တော့သယ်လာနိုင်တယ်နော်အံသြနေတာ
သုံးနေကျ တွေ တောင်ပျက်တယ်ဆိုတော့
နည်းနည်းအသုံးကြမ်းနေလားမသိဘူး
ပစ္စည်းတွေက အသုံးခံအောင်ပဲမလုပ်တာလား
သုံးတဲ့သူပေါ်မူတည်တာလားမသိဘူး စဉ်းစားစရာလေးပါပဲ
ဒီလိုပါပဲ အခန်းဖေါ်နဲ့ ရန်ဖြစ် စကားများ
အမြီးအမှောက်မတည့်တာတွေ စိတ်ထဲထားနေရင်
အရင်ဆုံး ကိုယ်ပဲ ပူလောင်ရတယ်
တော်သေးတာပေါ့ ဆရာတော် ဆုံးမစကားတွေ ဖြေသိမ့်ပေးလို့ 
ပြောသွားတဲ့လူကလည်း ပြောလိုက်မှ အားရတယ်ထင်ပါ့
ဆိုင်လား မဆိုင်လားမသိဘူး ပြောချလိုက်ပြီ :P

kiki September 11, 2009 at 9:38 PM  

ခဏလေးနဲ့ ပျက်တတ်တဲ့ headset က ဘာ Brand လဲဟင်.. ပြောပြထားပါဦး.. နောက်ဆို ရှောင်လို့ရအောင်လေ ..

electronic ပစ္စည်းတွေ sale ချတုံးဝယ်တာ အရမ်းတန်တယ်နော် .. (ဝါသနာချင်းတူတယ် ..အားရင် အဲ့ လိုနေရာတွေ ပတ်ရတာ ပျော်စရာကြီး ၊ Fuji က skin complexion color အလှဆုံးလို့ပြောကြတယ် ။ စက်ပိုင်းဆိုင်ရာတော့ မသိဘူး ။ ဟိဟိ ..ခုဆို မျောက်အုံးသီးရ သလို ဖြစ်နေပြီလား )

ကိုယ့်စေတနာ ကို အထင်လွဲခံရတာလောက် ဒေါသဖြစ်မိတာ မရှိတော့ဘူး . စေတနာ က ဝေဒနာ ဖြစ်ရတာမျိုး စိတ်ညစ်ဖို့ ကောင်းတယ် နော်..

ပန်ကာလေး ရော .. ပျက်ပြီလား လို့ 
ပန်ကာ လို ကျင့်နိုင်ရင်တော့ ကောင်းမယ်နော် ..
(သူများကို အေးစေတာ မဟုတ်ဖူး .. လည် တာ ..မွှတ်နေအောင် လည်တတ်တာ လေ ... ကျိုးစားကြည့် အုံးမယ် ..အဟက် ) Cash ပဲ ပေးလိုက်ပါလား လို့...

ရှာရှည်မိပြီကွယ်..

ခင်လို့ပါ စိမ်းရေ ..

အနော် September 11, 2009 at 11:50 PM  

စိမ်းရေ ကိုယ်က အငယ်မဟုတ်လား သည်းခံလိုက်ပါကွာ
ဘယ်နေရာမဆိုပါပဲ အသက်ငယ်တဲ့သူတွေကပဲ အလျှော့ပေး သည်းခံပေါင်းကြတာ များပါတယ်ကွယ် ဟိဟိ
တရားသဘောနဲ့သာ ဖြေပါ သူငယ်ချင်းလေးရေ :D

ဧရာဝတီသား September 12, 2009 at 6:14 AM  

တရားသဘောလေးနဲ့ ဖြေနိုင်တာလေးကို ဘဘောကျတယ်...

ဂေါက်သီးနဲ့ရှောက်သီး September 12, 2009 at 8:11 AM  

အရာရာကိုသည်းခံခွင့်လွှတ်နိုင်ပြီး အကောင်းမြင်ပေးလိုက်ပါဗျာ
အားလုံးအဆင်ပြေပါစေဗျာ..

နေညှိ September 12, 2009 at 9:01 AM  

အော် ......... လူတွေ လူတွေ ....

မယ့်ကိုး September 12, 2009 at 2:32 PM  

ဒီနေ့တောင် ရောက်ဖြစ်ခဲ့တယ် စိမ်းလေးရေ...အစ်မက အတင်းခေါ်လို့... ပင်ပန်းပါဘိနော် =)

သားကြီး September 13, 2009 at 12:00 AM  

သားကြီးအကြောင်း အပေါင်းအသင်းတွေအကုန်သိ
အပြင်သွားမယ်ဆိုလို့ကတော့ ဘာမှ မှာဖို့စိတ်မကူးနဲ့ သွားကြားထိုးတံတစ်ချောင်းလောက် မ ခဲ့ပေးပါဆိုရင်တောင် “ဟင့်အင်း”ပဲ
အာရုံနောက်တယ်ထင်ရင် ဘာမှမလုပ်ဘူး
ပေါ့ပေါ့ပါးပါးပဲလှိမ့်တယ်
“လူ၏အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာရန်သူစွဲမှတ်ယူ၏”တဲ့
သူများအကြိုက် လိုက်လုပ်ရတာ ပျင်းစရာကြီး၊ ကံမကောင်းရင် အမုန်းခံရသေးတယ်

Libratun September 13, 2009 at 10:56 PM  

ကျွန်တော့်ကိုတော့ မပြောဘူး။း)
ကင်မရာဝယ်ရဦးမယ်။ နောက် နှစ်လ စောင့် လိုက်ပြီ။

maylay September 14, 2009 at 1:52 AM  

တခါတလေမဟုတ်တဲ့ အများအားဖြင့်တွေမှာ အဲလို သူနဲ့ကိုယ် နားလည်လွဲတာတွေ ရှိနိုင်တယ်။ ဖြေလိုက်နိုင်တာကိုက စိမ်းကတော်တယ်။ သူနဲ့ကိုယ် ရေစက်ရှိလို့ ဆုံရတာနော်။ ပြီးရင် ခွဲရမယ်။ စိမ်းက စိတ်ထဲ အကြာကြီး ထည့်ထားမှာတော့ မဟုတ်လောက်ဘူးမို့လား။ ကျန်းမာပျော်ရွှင်ပါစေ

Anonymous September 15, 2009 at 1:54 PM  

သူများဝယ်တာတွေ ကြည့်ပြီး သရေကျတယ်ဗျာ