Loading...
.

ကျမကို အမြင်ကတ်သောအကြောင်းအရင်း...

လူတစ်ယောက်ကို အမြင်ကတ်တယ်ဆိုတာ အဲ့ဒီလူကို ကြည့်မရတာလို့ ယေဘူယျသတ်မှတ်လို့ရမယ်ထင်တယ်… တနည်းအားဖြင့်တော့ မျက်စိစပါးမွှေးစူးတယ်ပေါ့…
ကျမသိသလောက်ပြောရရင် … အမြင်ကတ်တယ်ဆိုတာမှာ အမျိုးအစားတွေ အများကြီးရှိသေးတယ် …

ဥပမာ… သမီးရည်းစားနှစ်ယောက် သူ့သဘာဝချိန်းကြ ချက်ကြ… ကောင်လေးက အမြဲတမ်းချိန်းတဲ့နေရာကို နောက်ကျမှရောက်လေ့ရှိတယ်… ကောင်မလေးကကွန်ပလိန်းတက်တယ်… ကောင်လေးက ဆင်ခြေအမျိုးမျိုးပေးမယ်… အိမ်ကထွက်လာတာအစောကြီးကတည်းက … လမ်းမှာ ကားမရလို့ ရဲဖမ်းလို့ ဒုက္ခရောက်သူကိုကူညီနေလို့ စသဖြင့် စသဖြင့်ပေါ့လေ အဲ့တော့ ကောင်မလေးကပြောတယ် …

``ဟွန်း သူ့ပြောလိုက်ရင် ဆင်ခြေချည်းပဲ သိပ်အမြင်ကတ်ဖို့ကောင်းတာပဲ´´ တဲ့ …

နောက်တစ်မျိုးက သူငယ်ချင်းတွေပေါ့ … ပြောမနာ ဆိုမနာ … အရေးဟယ်အကြောင်းဟယ်ဆို ကိုယ့်ဘက်ကအဆင်သင့်.. အဲ ကြုံရင်လည်းကြုံသလို သူ့ဝေစုကိုယ်စား … ကိုယ့်ဝေစုဖွက်ထား … လစ်ရင် အချွန်နဲ့မမယ် အဲ့လိုလေးတွေ ချစ်စနိုးနဲ့ကျီစယ်တာမျိုးလည်းရှိတာ သိမှာပေါ့ … အဲ့တော့ ဒေါသကလည်းထွက် စိတ်ဆိုးရလည်းခက် … ဒီတော့ ဘာပြောလဲ

``သူတောင်းစား … တော်တော် သောက်ညင်ကတ်စရာကောင်းတဲ့ကောင်…´´ တဲ့ …

နောက်တစ်မျိုးကျပြန်တော့… တစ်ခါမှ မတွေ့ဖူး မမြင်ဖူးတဲ့လူတွေကို first sight မှာတင် …

``ဟယ် ယောက်ျားလေးဖြစ်ပြီးတော့ လမ်းလျှောက်တာလည်းကြည့်ဦး ခြေထောက်ကိုလိမ် တင်ပါးကိုလှုပ်ပြီး ဘဲလျှောက်လျှောက်နေတာ… အမြင်ကတ်စရာကြီး…´´

``ဟွန်း မျက်ခွက်ကိုက တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့ သောက်ညင်ကတ်စရာကောင်းလိုက်တာ…´´

``အောင်မလေး ၀တ်ထားတဲ့လက်ကောက်တွေမှအားမနာ ပိုက်ဆံလေး နှစ်ပဲ ခြောက်ပြားကို ပါးစပ်အမြုပ်ထွက်အောင် ဈေးဆစ်နေတယ် … ငါက အဲ့လို ပိုက်ဆံရှိပြီး ကပ်စေးနဲတဲ့လူတွေဆို အရမ်းအမြင်ကတ်တာ…´´

အဲ့လို အဲ့လိုပေါ့… လူဆိုတာက အမျိုးမျိုးသော အကြောင်းတရားတို့ကို ရှာရှာဖွေဖွေ လိုက်ကြည့်ပြီး သကာလ ဗိုက်မ၀ပေမယ့် ဒါကိုပဲ အရသာခံပြီး အမြင်လိုက်ကတ်နေကြတာဆိုတော့… အဲ့အထဲမှာ ကျမလည်းပါပါတယ်… :P

နောက်ဆုံးတစ်ခုကတော့… အကြောင်းအရာ တိတိကျကျ ခိုင်ခိုင်လုံလုံနဲ့ကို အမြင်ကတ်တာ … ဒါက ရှင်းပါတယ်…

`` ငါတို့ရပ်ကွက်ထဲက ဦး***လေ အသက်ကဖြင့်ကြီးနေပြီ… ယူထားတဲ့ မိန်းမက ငယ်ငယ်လေး… ´´

သူကျွေးနိုင်လို့ သူယူတာ… ကောင်မလေးကလည်း သူကျေနပ်လို့ သူယူတာ… ကိုယ်နဲ့တော့ ဘာမှမဆိုင်ပါဘူး… ဒါပေမယ့် အဲ့အကြောင်းအရာကြောင့်ကို အမြင်ကတ်တာ…

``သိတယ်မလား ဦးမိုးမြင့်သမီး ဝေဟင်မိုးမြင့်လေ နာမည်ကလည်းစီး … ပိုက်ဆံကလည်း ချမ်းသာ … ဆေးကျောင်းသူလည်း ဆေးကျောင်းသူဆိုတော့ မာနက မိုးပေါ်ထောင်တက်နေတာ… ´´

ဒါမျိုးကျတော့ မသိစိတ်ထဲက အားကျစိတ်နဲ့ မနာလိုစိတ် ပါးပါးလေးပါတတ်တယ်…

``ဒေါ်တင်တင်လား … သွားတော့ဘုန်းကြီးကျောင်း … လုပ်တော့ငွေတိုးချေးစား… ယူတာက ဥပုသ်… ပေးတာက အကြွေး… တောင်းတာက ပိုက်ဆံ … ပြန်ရတာက ညည်းသံ… အဲ့တော့ ဆဲသံတွေ ပွက်ပွက်ညံ … ´´

ထို့ကြောင့်ပင် အမြင်ကတ်ခံရသော ရပ်ကွက်ချဉ်ဖတ် ဖြစ်ရပေဦးလတ္တံ့…

ဟုတ်ကဲ့… အဲ့ဒီလိုပေါ့… လူ့ဘ၀ဆိုတာ ရလာကတည်းက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံဆိုတာ လူတိုင်းမလွဲမသွေကြုံရမှာ ဓမ္မတာပါပဲ… လူတွေက ကိုယ်နဲ့ပလဲနာမသင့်သူ အမြင်ချင်းတူသူ ရှင်းရှင်းပြောရရင် ဖော်လိုလိုက်တဲ့သူတွေကိုဆိုရင် အချင်းချင်းမြှောက်ပင့်ပေါင်းပြီး ချီးမွမ်းခန်းဖွင့်တတ်ကြပေမယ့်… ကိုယ်နဲ့ဆန့်ကျင့်ဘက်အမြင်ရှိသူတွေကိုတော့ အကြောင်းမရှိအကြောင်းရှာပြီး ကဲ့ရဲ့တတ်ကြတာ လူ့သဘာဝပါ… အခုလက်ရှိ ကမ္ဘာမှာ လူဦးရေဟာ သန်းခြောက်ထောင်ကျော်သွားပါပြီ… ကျွန်မတို့မြန်မာနိုင်ငံမှာ သန်း ၆၀ နီးပါးရှိတယ်… လူတစ်ယောက်ဟာ သူ့ဘ၀သက်တမ်းတစ်လျှောက်လူဘယ်နှယောက်နဲ့ တွေ့ဆုံဆက်ဆံနိုင်မလဲဆိုရင် ခန့်မှန်းခြေ ကျွန်မထင်တယ် လွန်ရောကျွံရော ထောင်ဂဏန်းမှာပဲရှိမှာပဲ… ဒါဟာ ဘ၀တစ်လျှောက်ကိုယ်နဲ့ အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ပတ်သတ်မှုရှိမယ့်လူအရေအတွက်ကိုဆိုလိုပါတယ်… တချို့လူတွေက သွားရင်းလာရင်းဆုံတယ်… တချို့တွေက ရပ်ကွက်ထဲကလူတွေ တချို့က ကျောင်းက… တချို့က ရုံးက… တချို့က အလုပ်သို့မဟုတ်ကျောင်းနဲ့ ဆက်စပ်ြပီးကြုံရဆုံရတဲ့လူတွေ ဆိုလိုတာက အလုပ်ရှင်ရဲ့အမျိုးသော်လည်းကောင်း ပစ္စည်းသွင်းသူသော်လည်းကောင်း အဲ့လိုလူမျိုးကို ဆိုလိုပါတယ်… တချို့က သူငယ်ချင်း တချို့ကျတော့ မိသားစုဝင်တွေပေါ့… အဲ့ဒီ့အထဲမှာမှ ကိုယ့်ကိုလုံးဝအမြင်မကတ်တဲ့လူ ဘာအကြောင်းကြောင်းနဲ့မှ အမြင်မကတ်တဲ့လူ ဘယ်နှယောက်ရှိနိုင်မလဲ …

ဥပမာ ရှေးရိုးဆန်တဲ့အဘိုးက ဆံပင်ဆေးဆိုးထားတဲ့ မြေးလေးကို ကြည့်မရတာမျိုး …
အမေက အလုပ်တစ်ခုခုခိုင်းလိုက်ရင် ဆင်ခြေဆင်လက်နဲ့ အမြဲတမ်းခွန်းတုံ့ပြန်တတ်တဲ့ သမီးမျိုး…

ကိုယ့်မိသားစုဝင်တွေကိုယ်တိုင်ကိုက ကိုယ့်ကိုအကြောင်းတစ်ခုခုကြောင့်အမြင်ကတ်မယ်ဆိုရင် ကျန်တဲ့လူများကိုတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး… လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ စကားလည်းရှိတယ်ဆိုတော့ လူတစ်ယောက်ဟာ လူအားလုံးရဲ့အကြိုက်အတိုင်းဖြစ်မနေနိုင်ပါဘူး… တကယ့်လူချစ်လူခင်များသူ အများအကျိုးဆောင်ရွက်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာတောင် ကြည့်မရလို့ အသက်ကိုတောင် ရန်ရှာခံရသေးတာပဲ…

အဲ့ဒီတော့ ကျမလို့ အညတရ သာမာန်မိန်းမတစ်ယောက်ဟာ အမျိုးမျိုးသောလူတွေရဲ့ အမျိုးမျိုးသောစံသတ်မှတ်ချက်တွေထဲက တစ်ချက်ချက်နဲ့ မကိုက်ညီခဲ့ရင် ကျိမ်းသေအမြင်ကတ်ခံရမှာပါပဲ… တစ်ယောက်နဲ့တစ်ယောက်ကွဲပြားတဲ့အကြောင်းအရင်းများကို ကျမလည်းမသိနိုင်ပါဘူး… ဘယ်သူကမှလည်း ကျမကို ``ဟယ် နင့်ကိုငါ ??? အဲ့ဒါကြောင့်မို့ အမြင်ကတ်တာ´´ လို့ ဒီနေ့ထိလာမပြောဖူးသေးဘူး … အကယ်၍များ အဲ့ဒီလိုတစ်ယောက်ယောက်က ပြောလာတဲ့အခါကျရင် ဘာဖြစ်လို့အမြင်ကတ်တယ်ဆိုတဲ့အကြောင်းလေးကို မေးထားလိုက်မည်ဖြစ်ပါကြောင်း….

ချစ်မိတ်ဆွေများ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လူချစ်လူခင်ပေါများကြပါစေ

17 comments:

မင်းနေဝေး September 9, 2009 at 6:09 AM  

ဘာပြောရမှန်းတောင်မသိတော့ဘူး .... ကျွန်တော် ဘာပြောရမလည်းစိမ်း .... :)

yangonthar September 9, 2009 at 7:15 AM  

ဖတ်သွားပြီ မစိမ်းရေ .... ဒီလိုပါပဲဗျာ အဲဒီ အသံတွေ မရှိပြန်တော့လည်း တိတ်ဆိတ် ချင် တိတ်ဆိတ်နေမှာပါ .... အကောင်းမြင်ကြည့်
တာပါ .... လူထဲက လူဆိုတော့လည်း အတ္တ ကြီးရှေ့ ဆောင်နေသမျှ အကောင်းမြင်တာ နည်းတာလည်း အပစ်တော့မဆိုသာပါဘူး
သဘောရှိပေါ့ဟုတ်ဘူးလား
ခင်မင်လျှက်
ရန်ကုန်သား :)
အေးမြသာယာပါစေ

နေညှိ September 9, 2009 at 8:15 AM  

အပဲာ . . . အမြင်ကတ်ပုံတွေများ အတော်စုံတာပဲ . .

အိုက်ခီလောက် September 9, 2009 at 9:12 AM  

အမြင်ကတ် တယ်ဆိုတာ ဘယ်လို နေလည်းမသိဘူးဗျ
ခုမှအမြင်ကတ်တယ်ဆိုတာသိသွားသလိုပဲ
အမြင်ကို ကတ်သွားတတ်တာကိုပြောတာနော်
မကတ်တတ်အောင် လည်းရေးပြပါဦး

သားကြီး September 9, 2009 at 10:02 AM  

သေချာတာကတော့ မစိမ်းကိုကျနော်အမြင်မကတ်ပါဘူး
ဘာကြောင့်လဲဆိုတော့ သိမှမသိဘဲကိုး :P

သားကြီး September 9, 2009 at 10:02 AM  

အမြင်ကတ်တတ်တဲ့ ဒဿနတွေကိုလေ့လာသွားပါကြောင်း...။

ဝက်ဝံလေး September 9, 2009 at 10:42 AM  

စိမ်းရေ ဖတ်သွားတယ်သိလား ဟိဟိ ကဗျာဆရာ မင်းနေဝေးရဲ့ တဂ်လက်ချက်ထင်တယ် အဲဒါ အီစကိုဖေ စ တာနော် ဟိဟိ

ဘိုင်တာ့တာ

မယ့်ကိုး September 9, 2009 at 3:28 PM  

စာရေးကောင်းတဲ့ စိမ်းလေးရဲ့ တဂ်ပို့စ်လေးက အစ အချက်အလက်ကလေးတွေ စုံစုံလင်လင်နဲ့ လှပနေတာပါ =)

subuueain September 9, 2009 at 8:39 PM  

လာဖတ်သွားပါတယ် စိမ်းလေးရေ..လူတိုင်းမှာအမြင်တွေက အမျိုးမျိုးဆိုတော့ အမြင်ကတ်တယ်ဆိုတဲ့ စကားပေါ်လာတာနေမှာပေါ့နော်။အမလည်းခုချိန်ထိတော့ နင့်ကိုဘာကြောင့်အမြင်ကတ်တယ်လို့လာအပြောမခံရဖူး
သေးပါဘူး။ ဟားဟား ။ညီမစာရေးကောင်းတယ်။ အားပေးနေတယ်နော်

ငှက်ငယ်လေး September 9, 2009 at 9:06 PM  

ခံစားချက်တွေလာဖတ်သွားပါတယ်မမ

kiki September 9, 2009 at 9:56 PM  

အဟင့်
အဲ့လို ရေးတတ်တာလေးကိုက

အမြင်ကတ်စရာ ...လေး

လာကတ်သွားတယ်နော်..း)

littlebrook September 9, 2009 at 11:39 PM  

အမျက်အဤ တစေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရာ၏ ..... ရှေးဆုတောင်းလေးပါ

အိုင်လွယ်ပန် September 10, 2009 at 2:35 AM  

TAG ကို ဖြည်သွားတဲ့ ပုံလေး
သဘောကျမိပါကြောင်း :)

စည်သူ September 10, 2009 at 6:48 AM  

ဟား..ဟား..ဟား..

မမမမမမမမမမမမမမမမမမ Green ရေ...
အမြင်ကတ်စရာတွေက များလှချေလားဗျ..

ဟိုအဖိုးကြီးပေါ့..
ကောင်မလေး ငယ်ငယ်ကိုယူထားတာ..း)

ကျွန်တော်တော့ အမြင်ကတ်ပေါင်..းP

ဧရာဝတီသား September 12, 2009 at 6:03 AM  

အမြင်ကတ်တတ်ကြတဲ့ ကိစ္စတွေကို ရေးပြသွားတာ၊ တော်လိုက်တာဗျာ။ စာရေးကောင်းတယ်၊ (အမြင်ကတ်ချင် လောက်အောင်ကို ကောင်းတယ်)။

တခုပဲ ပြောစရာရှိတယ်၊ တက်ဂ်တဲ့လူက ကိုယ့်ကို အမြင်ကတ်တဲ့ အကြောင်းရေးခိုင်းတာကို ရှောင်သွားတယ်၊ သူ့အကြောင်းတော့ မပါဘူး၊ ဟား ဟား ။ အဲလို လူလည်ကျလို့ အမြင်ကတ်သွားတယ် :P
(နောက်တာနော် အဟီး)

ခင်မင်လျက်

maylay September 14, 2009 at 1:22 AM  

စိမ်းရေ စိမ်းကိုတော့ ကိုယ်က အမြင်မကတ်ပေါင်နော်။ ကိုယ့်ကိုလည်း မရှိလောက်ဘူးထင်တာပဲ။ (မဟုတ်ရင် စိတ်မသက်သာလို့ အဟီးးး)ရေးတတ်တယ်ဟယ်။ စိမ်းက။ ကိုမင်းနေဝေးပြောသလို ဘာပြောရမှန်း သိတော့ဘူး။

chanye` September 15, 2009 at 10:38 PM  

ပေါတောတောနဲ့ အမြင်ကတ်စရာကောင်းလိုက်တာ