Loading...
.

ကောင်လေးသို့...

နာမည်လေးလုံးနဲ့ကောင်လေးရေ….

ဂိမ္မာန်နွေလည်း ကြိမ်ဖန်ရေများလှပေါ့…
ဒါပေမယ့်လေ…ခုထိ
အိမ်ပြန်ချိန်တွေမှာ ငါတစ်ယောက်တည်း
ထိန်ချန်ထားတဲ့ နင့်ရင်တွင်းစကား...
ဘယ်တော့များမှ ငါကြားခွင့်ရမှာလဲ…

နွေဦး မိုး ဆောင်း ဘယ်လိုပင်ပြောင်းလည်း
ထီးတစ်ချောင်းတည်းအတူသုံး…
နှစ်ယောက်ပေါင်းမှ ပြည့်စုံခဲ့စဉ်တုန်းက…
လူတကာရဲ့ပြုံးစိစိအကြည့်ကို ဖြေရှင်း
`သူငယ်ချင်း´ ဆိုပြီး နင်အမြဲငြင်းခဲ့တယ်…

ညတိုင်းမျှော်စေတဲ့ ဖုန်းခေါ်သံမဆဲ…
နင်အမြဲပေးတဲ့ အသဲပုံတွေ
ငါ့ ရင်ထဲထိထိုးစိုက်…
အလိုက်တသိ ဂရုတစိုက်ရှိပုံတွေ...
ကြည့်စမ်း......အဲ့ဒီ...
မှန်းဆခက်ခက် ရွန်းလက်နေတဲ့
မျက်ဝန်းနက်နက်တွေရောပေါ့…
ကဲ …
ဒါဆို........
ငါ အိပ်မက်တာ အပြစ်လား….

မမြင်ဖူး မူးမြစ်ထင်…
အချစ်ဦးမို့… ရူးတဲ့ဖြစ်အင်…
ငါတို့နာမည် လေးလုံးချင်းတူတယ်ဆိုရုံနဲ့တင်
ငါ…ရင်ခုန်ဖူးတယ်…
အထူးသဖြင့်….
နင်ဝါရင် ငါကမပြာခဲ့ပါဘူး….ကောင်လေးရဲ့…

ထားရာနေ စေရာသွား…
နင်ကစားချင်သလိုသာ ကစားပါ…
အပါးမှာခစားခွင့်လေးသာ… မြှောက်စား
နောက်များမှာ မြစ်ဖြစ်ရင်လည်း
နင့်လက်ခုပ်ထဲ …
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….
လှိုက်လှိုက်လှဲလှဲ စီးဆင်းချင်တုန်းပဲဟာ….

2 comments:

မင်းနေဝေး September 12, 2009 at 8:14 PM  

ဒါကတော့ ရင်တွင်းခံစားချက်များလားနော် ..... :P

maylay September 17, 2009 at 12:05 AM  

နာမည်လေးလုံးချင်းတူတဲ့ ကောင်လေးကို သိတောင်သိချင်စမ်းတယ် စိမ်းရေ ။ ရင်တွင်းဖြစ်များလားကွယ်။